ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၀၀၀ ကျော်ရှိလာ

ကိုဗစ် -၁၉ ကြောင့် ၈၀နှစ်နဲ့အထက် သက်ကြီးရွယ်အိုတွေမှာ ၁၄.၈ရာခိုင်နှုန်းနဲ့ သေဆုံးမှုနှုန်းအမြင့်ဆုံးဖြစ်နေ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ကိုဗစ် -၁၉ ကြောင့် ၈၀နှစ်နဲ့အထက် သက်ကြီးရွယ်အိုတွေမှာ ၁၄.၈ရာခိုင်နှုန်းနဲ့ သေဆုံးမှုနှုန်းအမြင့်ဆုံးဖြစ်နေ

ကိုဗစ် -၁၉ အမည်ရ ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် တရုတ်နိုင်ငံ ဟူဘေးပြည်နယ်မှာ သေဆုံးသူ အရေ အတွက် ၁,၉၂၁ ဦးရှိလာသလို နောက်ထပ်ကူးစက်ခံထားရသူ ၁,၆၉၃ ဦးကို တွေ့ခဲ့ရတယ်လို့ ဒီကနေ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ မနက်ပိုင်းက ပြည်နယ်အာဏာပိုင်တွေက တရားဝင်ထုတ်ပြန်ထားပါတယ်။

ဟူဘေးပြည်နယ်မှာ ရောဂါကူးစက်ခံရသူအရေအတွက် တိုးမြှင့်လာနေပြီး စုစုပေါင်း ၆၁,၆၈၂ ဦးထိ ရှိလာပြီဖြစ်ပါတယ်။

တရုတ် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆိုရင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုအသစ် ၁,၇၄၉ ခုနဲ့ နောက်ထပ် သေဆုံးမှု ၁၃၆ခု ထိထပ်တိုးလာပြီး တရုတ်ပြည်မကြီးက မြို့ကြီးအသီးသီးမှာ စုစုပေါင်း ကူးစက်ခံရသူ ၇၄,၁၈၅ ဦးနဲ့ သေဆုံးသူ ၂,၀၀၄ ဦးထိရှိလာပြီလို့ ဗုဒ္ဓဟူးနေ့(ဖေဖော်ဝါရီ ၁၉ရက်)မှာ တရုတ် ကျန်းမာရေးအာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။

ကူးစက်ခံထားရသူလူနာတွေထဲက ၁,၈၂၄ ဦးကတော့ ပျောက်ကင်းသက်သာသွားပြီဖြစ်တဲ့အတွက် ဆေးရုံကနေဆင်းသွားကြရပြီလို့ လည်း တရုတ် အမျိုးသားကျန်းမာရေးကော်မရှင် ဆိုပါတယ်။

ဟူဘေးပြည်နယ်ရဲ့ မြို့တော်မှာတော့ နောက်ထပ်ကူးစက်ခံရမှုပေါင်း ၁,၆၆၀ မှုထိတွေ့ခဲ့ရသလို သေဆုံးသူ ၁,၁၆ ဦးရှိခဲ့တယ်လို့ ဟူဘေးမြို့တော် ကျန်းမာရေးကော်မရှင်ရဲ့ထုတ်ပြန်ထားပါတယ်။

ဟူဘေးမြို့တော်မှာ ကူးစက်ခံထားရသူတွေထဲက ၉,၁၀၀ ဦး ဟာ ပြန်လည်သက်သာပြီး ဆေးရုံကနေ ဆင်းနိုင်ပြီဖြစ်ပေမယ့် ၁၁,၂၀၀ ဦးကတော့ ဆေးရုံမှာ အရေးပေါ်အခြေအနေမှာရှိနေဆဲဖြစ်ပါတယ်။

ကလေးငယ်တွေမှာတော့ သေဆုံးမှုနှုန်းမရှိကြောင်း တွေ့ရ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ကလေးငယ်တွေမှာတော့ သေဆုံးမှုနှုန်းမရှိကြောင်း တွေ့ရ

ဒါ့အပြင် ဒီကနေ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ ဟောင်ကောင်မှာ ကိုဗစ် -၁၉ ကြောင့် ဒုတိယသေဆုံးမှုဖြစ်စဉ်တစ်ခုရှိခဲ့ပါတယ်။

ရောဂါကူးစက်ခံရကြောင်း အတည်ပြုထားပြီးဖြစ်တဲ့ ၆၂ ဦးထဲက နာမကျန်းဖြစ်နေတဲ့အသက် ၇၀ အရွယ်ရှိ တဲ့ အမျိုးသားတစ်ဦးသေဆုံးသွားခဲ့တာပါ။ သေဆုံးသူအမျိုးသားကို ဖေဖော်ဝါရီ ၁၂ ရက်က သူ့နေအိမ်မှာ လဲကျခဲ့ပြီးနောက် ဆေးရုံကို ပို့ဆောင်ခဲ့တာဖြစ်ပြီး သူ့ကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း အတည်ပြုခံရပြီး တစ်ပတ်အကြာမှာ သေဆုံးသွားခဲ့တာဖြစ်တယ်လို့ ဟောင်ကောင်အာဏာပိုင်က သတင်း ထုတ်ပြန်ထားပါတယ်။

တောင်ကိုရီးယားမှာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း ဖြစ်စဉ် အသစ် ၁၅ ခု အတည်ပြုနိုင်ခဲ့ပြီး ဒါဟာအရင်အတည်ပြုထားတဲ့ဖြစ်စဉ်အရေအတွက်ရဲ့ ၅၀ ရာနှုန်းနီးပါး တိုးလာတာလည်းဖြစ်ပါတယ်။ Daegu မြို့တစ်မြို့ထဲမှာ အနည်းဆုံး ၁၁ ခုရှိနေတာပါ။

နောက်ထပ် ကူးစက်မှုအသစ် ၁၅ခုတွေ့ရှိခဲ့ပြီးနောက် နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူစုစုပေါင်း ၃၁ ဦးရှိရာကနေ ၄၆ဦးထိရှိလာပြီလို့ ကိုရီးယားနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန KCDCက ပြောပါတယ်။

ကိုဗစ် -၁၉ ကြောင့် တရုတ်နိုင်ငံပြင်ပ သေဆုံးမှုအနေနဲ့ ဟောင်ကောင်၊ ဂျပန် ဖိလစ်ပိုင်တို့မှာ သေဆုံးသူတွေရှိခဲ့ပြီး တရုတ်ခရီးသွားတစ်ဦးလည်း ပြင်သစ်နိုင်ငံမှာ သေဆုံးခဲ့တဲ့ဖြစ်စဉ်တစ်ခုရှိခဲ့ပါတယ်။