ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါဆိုး ဖြစ်လာနိုင်လား

ဓာတ်ပုံ ရင်းမြစ်, SOPA Images
ကိုရိုနာ ဗိုင်းရပ်စ်ပိုး ပြန့်ပွားမှုအခြေအနေဟာ တကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဆိုး ဖြစ်လာနိုင်မလား ဆိုတာ ခန့်မှန်းဖို့ စောလွန်း သေးတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အကြီးအကဲ Tedros Adhanom Ghebreyesus က ပြောလိုက်ပါတယ်။
ပြီးခဲ့တဲ့ စနေနေ့ (ဖေဖော်ဝါရီ ၁၅) ရက်တုန်းက ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာ ကျင်းပခဲ့တဲ့ လုံခြုံရေးဆိုင်ရာ ညီလာခံမှာ WHO ရဲ့ အမှုဆောင် အရာရှိချုပ်က အခုလို ပြောခဲ့တာပါ။
Covid-19 (ကိုဗစ်-၁၉) လို့ အမည်ပေးထားတဲ့ တရုတ် ဝူဟန် ကိုရိုနာဗိုင်းရပ်စ် အသစ်အတွက် အစိုးရိမ်မကြီးကြဖို့ သတိပေးသလို တဖက်မှာလည်း ကမ္ဘာ့နိုင်ငံအစိုးရများအနေနဲ့ ဒီဗိုင်းရပ်စ်ကာကွယ်ရေး အားသွန်ခွန်စိုက် ပြင်ဆင်ကြဖို့လည်း နိုင်ငံတကာမူဝါဒရေးရာနဲ့ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင်တွေရဲ့ အစည်းအဝေးမှာ WHO အကြီးအကဲက တိုက်တွန်းခဲ့ပါတယ်။
တရုတ်နိုင်ငံပြင်ပမှာ ကျယ်ကျယ်ပြန့်ပြန့် ရောဂါကူးစက်ပြန့်ပွားနေတာ မရှိဘူးလို့ သူက ဆိုပါတယ်။ ဒါပေမယ့် WHO အနေနဲ့ တရုတ်ပြည်ထဲမှာ ရောဂါ ပြန့်ပွားမှု ဆက်လက်တိုးလာနေတာကိုတော့ စိုးရိမ်မိတယ်လို့ သူက ဆိုပါတယ်။
တရုတ်ပြည်မှာ ကိုရိုနာ ဗိုင်းရပ်စ်ကို ကုသမှုပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကြား ရောဂါကူးစက်မှု အန္တရာယ်ကလည်း ရှိနေပါတယ်။ ကျန်းမာရေး ဝန်ထမ်း ၁,၇၀၀ ကျော် ရောဂါ ကူးစက်မှု ခံယူနေရပြီး ၆ ဦး သေဆုံးခဲ့ရပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MARK RALSTON
အစောပိုင်းတုန်းကတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဗိုင်းရပ်စ်ပိုး ပြန့်ပွားမှုကို ထိန်းချုပ်လိုက်နိုင်ပြီလို့ ကြေညာထားခဲ့တာပါ။
"ကျွန်တော်တို့ရဲ့ အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့သမျှ အခုတော့ အကျိုးအမြတ် ပြန်လည် ရရှိလာပါပြီ၊ ဒီနေ့အထိ ပြောရရင် ဟူဘေးပြည်နယ် ပြင်ပမှာ ရောဂါ ဖြစ်ပွားမှု ၁၂ ရက်ဆက်တိုက် ကျဆင်းလျက် ရှိပါတယ်၊ ကုသနိုင်မှုနှုန်းကလည်း တိုးတက်မြန်ဆန်လာနေပါတယ်၊ လူနာ ၈,၀၀၀ ကျော်လည်း အခြေအနေ ကောင်းမွန်လာလို့ ဆေးရုံက ဆင်းသွားကြပြီ" လို့လည်း တရုတ်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက ပြောထားပါတယ်။
ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး စတင်ဖြစ်ပွားချိန် ဒီဇင်ဘာ ၂၀၁၉ နဲ့ ဇန်နဝါရီ ၂၀၂၀ က စပြီး လက်ရှိ အချိန်အထိ တရုတ်နိုင်ငံပြင်ပ သေဆုံး သူ ၄ ဦး အပါအဝင် စုစုပေါင်း ၁,၅၀၀ ကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။
ဥရောပမှာ ဗိုင်းရပ်စ်ကြောင့် ပထမဆုံးသေဆုံးမှုတစ်ခုလည်း စနေနေ့က ဖြစ်ပွားခဲ့ပါတယ်။ ကိုဗစ်-၁၉ ရောဂါ ပိုးရှိကြောင်း အတည်ပြုထားပြီး တရုတ် ခရီးသွားတစ်ယောက် ပြင်သစ်မှာ သေဆုံးခဲ့ကြောင်း ပြင်သစ်ကျန်းမာရေးတာဝန်ရှိသူတွေက အတည်ပြုခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Kevin Frayer
တရုတ်နိုင်ငံပြင်ပမှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှု အများဆုံးဖြစ်ရာနေရာတစ်ခု ဖြစ်တဲ့ ဂျပန်နိုင်ငံ ယိုကိုဟားမားဆိပ်ကမ်းက အပျော်စီး သင်္ဘော ပေါ်မှာ လည်း ပြင်းပြင်းထန်ထန် ကန့်သတ်မှုတွေ ရှိနေတဲ့ကြားက ရောဂါ ဖြစ်သူ တိုးလာနေပါတယ်။ ဇိမ်ခံ သင်္ဘောပေါ်မှာ ရောဂါဖြစ်ပွားသူ ၂၈၅ ဦး ရှိနေပြီလို့ ဂျပန်ကျန်းမာရေးဌာနက အတည်ပြုထားပါတယ်။
သင်္ဘောပေါ်ပါသူ ခရီးသည် ၄,၀၀၀ နီးပါး အနက် ၃ ပုံ ၂ ပုံ လောက်ကို အခု အခါ ရောဂါ ရှိ၊ မရှိ စမ်းသပ် စစ်ဆေးပြီး ဖြစ်ပါတယ်။ ခရီးသည်တွေကို အခန်းထဲမှာနေဖို့ ညွှန်ကြားထားတာ ၁၁ ရက် ရှိသွားခဲ့ပြီး နောက်ထပ် သီတင်း ၂ ပတ်လောက်လည်း ဆက်ပြီး သီးသန့်ခွဲထားဖို့ ရှိနေပါတယ်။
အဲဒီ သင်္ဘောပေါ်က အမေရိကန်နိုင်ငံသား ခရီးသည် ၄၀၀ ကို ပြန်ခေါ်ဖို့ ဂျပန်နိုင်ငံကို အမေရိကန်အစိုးရက လေယာဉ်တွေ စေလွှတ်လျက် ရှိပါတယ်။
အာဆီယံဒေသတွင်းနိုင်ငံတစ်ခု ဖြစ်တဲ့ စင်္ကာပူနိုင်ငံမှာလည်း ဖေဖော်ဝါရီ ၁၅ ရက် (စနေနေ့) အထိ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်သူ ၇၀ ကျော် ရှိနေပြီ လို့ အစိုးရက အတည်ပြုထားပါတယ်။
စင်္ကာပူမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်နေ့ကတည်းက ဗိုင်းရပ်စ် ဖြစ်ပွားမှုအဆင့်ကို အဝါရောင်ကနေ လိမ္မော်ရောင်အထိ တိုးမြှင့်ထားခဲ့တာပါ။
မြန်မာနိုင်ငံမှာတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ အထိ ကိုရိုနာ ဗိုင်းရပ် သံသယ အဖြစ် လတ်တလော အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါ စောင့်ကြည့် လူနာ စုစုပေါင်း ၂၁ ဦး ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၅ ရက်မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
ဒီလူနာတွေကို တောင်ကြီး၊ ပုတီးကုန်း၊ မကွေး၊ မန္တလေး၊ ဝေဘာဂီ၊ မောင်တော၊ ပေါက်နဲ့ မောက်မယ် မြို့တွေက ဆေးရုံတွေမှာ စောင့်ကြပ်ကြည့်ရှု ကုသမှုပေးထားတာဖြစ်ပါတယ်။
လူနာတွေဟာ အငယ်ဆုံး အသက် ၁၆ နှစ်ကနေ အကြီးဆုံး ၅၃ နှစ်အရွယ်ထိရှိသူတွေပါဝင်ပြီး သူတို့ထဲက ၁၃ ဦးကို ဓာတ်ခွဲစစ်ဆေးချက်အဖြေတွေအရ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး မရှိဘူးလို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။
အဲဒီထဲမှာ စင်ကာပူမှာ ကိုရိုနာဗိုင်းရပ်စ်သံသယလူနာနဲ့အနီးကပ်နေခဲ့လို့ စောင့်ကြည့်ဖို့ စင်္ကာပူအစိုးရက မြန်မာအစိုးရကို အကြောင်းကြားခဲ့တာကြောင့် စောင့်ကြည့်ကုသပေးခဲ့တဲ့အမျိုးသမီးလည်း ပါဝင်ပါတယ်။
ကျန်တဲ့လူနာတွေရဲ့ဓာတ်ခွဲစစ်ဆေးမှုအဖြေသတင်းတွေရရှိလာတဲ့အခါမှာလည်း ဆက်လက်ထုတ်ပြန်ပေးသွားမယ်ဖြစ်တယ်လို့ အစိုးရကျန်းမာရေးဝန်ကြီး ဌာန တာဝန်ရှိသူတွေက ကြေညာထားပါတယ်။
လက်ရှိအချိန်အထိ ကမ္ဘာ တစ်ဝန်း ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်သူပေါင်း ၆၇,၀၀၀ ကျော် ရှိနေပြီး အများစုက တရုတ်ပြည်ထဲမှာ ဖြစ်ပါတယ်။ တရုတ် အစိုးရက ရောဂါ ဖြစ်ပွားမှုကို တွက်ချက်တဲ့ပုံစံ ပြောင်းလဲလိုက်မှုကြောင့် အခုရက်ပိုင်းအတွင်း ရောဂါဖြစ်ပွားမှုအရေအတွက်က ပြန်လည် မြင့်တက်လာခဲ့ပါတယ်။ ထည့်သွင်းတွက်ချက်ထားတဲ့စာရင်းထဲမှာ ကိုဗစ်-၁၉ ရောဂါလက္ခဏာပြသသူအားလုံး ပါဝင်ပြီး ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှု မပြုရသေးသူတွေနဲ့ စစ်ဆေးမှု ပြုထားပေမယ့် မှားယွင်းပြီး ရောဂါမရှိဘူး အဖြေထွက်ထားသူလို့ ယူဆရဖွယ်ရှိသူတွေပါ ပါဝင်ပါတယ်။
"ကမ္ဘာ့နိုင်ငံစုံ ပါဝင်တဲ့ သုတေသီဆေးပညာရှင်တွေဟာ အရေးတကြီးလိုအပ်နေတဲ့ ကိုဗစ် ၁၉ ရောဂါ ဖော်ထုတ်မှု၊ ကုသမှုနဲ့ ကာကွယ်ဆေးဖော်နိုင်မှုတွေ အတွက် အတူတကွ ပူးပေါင်းဆောင်ရွက်နေတယ်" လို့ ကမ္ဘာကျန်းမာရေးအဖွဲ့အကြီးအကဲကတော့ အာမခံ ပြောကြားထားပါတယ်။
နိုင်ငံတကာကျွမ်းကျင်သူဆေးပညာရှင်တွေက တရုတ်ပြည်ထဲမှာ လက်တွေ့မြေပြင်ကွင်းဆင်းပြီး တရုတ်ဆေးပညာရှင်တွေနဲ့ အတူ လက်တွဲကာ ကိုဗစ်-၁၉ အတွက် ဆေးသုတေသနဖော်ထုတ်မှုတွေ အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့လည်း ဆိုထားပါတယ်။








