ကိုရိုနာကြောင့် ပြည်တွင်းအထည်ချုပ်တွေ ကုန်ကြမ်းပြတ်မှာပူ

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images
တရုတ်ပြည် ဟူဘေးပြည်နယ် ဝူဟန်ကနေ စတင်ဖြစ်ပွားတဲ့ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုးကြောင့် တရုတ်ပြည်မှာ စက်ရုံတချို့ ပိတ်ထားရတဲ့အတွက် တရုတ်က ကုန်ကြမ်းကို အဓိက အားထားနေရတဲ့ ပြည်တွင်း အထည်ချုပ် လုပ်ငန်းတချို့ ကုန်ကြမ်းပြတ်မှာ လုပ်ငန်းရှင်တွေက စိတ်ပူပန်နေကြပါတယ်။
တချို့စက်ရုံတွေမှာ ကုန်ကြမ်းပြတ်လပ်မှုကို ရင်ဆိုင်ဖို့အတွက် ပုံမှန်အလုပ်ချိန်ပဲ လည်ပတ်ပြီး အချိန်ပိုတွေကို လျှော့ချနေရတယ်လို့ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းက အထည်ချုပ် လုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ ဦးထွန်းထွန်းက ဘီဘီစီကို ပြောပါတယ်။
ခန့်မှန်းထားမှုအရ ဖေဖော်ဝါရီလကုန်မှာ တရုတ်ဘက်က ကုန်ကြမ်းမပို့နိုင်ဘူးဆိုရင် မတ်လမှာ အခက်အခဲ ဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။
အထည်ချုပ်စက်ရုံတွေရဲ့ ပုံမှန် တစ်နေ့ အလုပ်ချိန်ဟာ ၈ နာရီ ရှိပြီး အချိန်ပို ၂ နာရီ စုစုပေါင်း ၁၀ နာရီ အထိ ရှိပါတယ်။
အခုချိန်မှာတော့ တရုတ်ပြည်က ကုန်ကြမ်း အထည်အလိပ်တွေ ဝင်ရောက်တာ နည်းပါးသွားတဲ့အတွက် လက်ရှိ စက်ရုံမှာ ကျန်ရှိတဲ့ ကုန်ကြမ်းတွေနဲ့ပဲ လည်ပတ်နေရတာဖြစ်တယ်လို့ ဦးထွန်းထွန်းက ဆိုပါတယ်။
စက်ရုံအများစုကတော့ မတ်လအထိအတွက်ပဲ ကုန်ကြမ်းတွေရှိပြီး နောက်ထပ် ကုန်ကြမ်းမရရင် အလုပ်ချိန်သာမက အလုပ်ရုံတွေပါ ရပ်နားလောက်တဲ့အထိ ဖြစ်လာနိုင်တယ်လို့ လုပ်ငန်းရှင်တချို့က ပြောပါတယ်။
အခုလက်ရှိ စက်ရုံအများစုမှာ သုံးနေတဲ့ ကုန်ကြမ်းတွေက တရုတ်က ဖြစ်ပြီး တခြားနိုင်ငံတွေက ရဖို့ ခဲယဉ်းတယ်လို့လည်း ဦးထွန်းထွန်းက ပြောပါတယ်။
ဒါပေမယ့်လည်း အခု ကိစ္စဟာရုတ်တရက်ဖြစ်ပေါ်လာတာဖြစ်ပြီး ဒီကုန်ကြမ်းပြဿနာကို ဖြေရှင်းနိုင်လိမ့်မယ် မျှော်လင့်တယ်လို့ အလုပ်သမား အချင်းချင်း ရိုင်းပင်းကူညီပေးရေးအဖွဲ့က အငြင်းပွားမှု ဖြေရှင်းရေးတာဝန်ခံ မခခက ပြောပါတယ်။
တကယ်လို့ အလုပ်တွေရပ်ဆိုင်းရမယ် ဆိုရင်လည်း စက်ရုံ ယာယီပိတ်သိမ်းတာနဲ့ အပြီးပိတ်သိမ်းတာအတွက် အလုပ်သမားတွေကို နစ်နာကြေးပေးဖို့ ဥပဒေရှိပြီးသားဖြစ်တယ်လို့ မခခက ဘီဘီစီကို ပြောပါတယ်။
"စက်ရုံ အပြီးပိတ်သိမ်းတယ်ဆိုရင် အလုပ်သမားတွေကို အလုပ်ထုတ် နစ်နာကြေးတွေ၊ လုပ်ခလစာတွေ အကျိုးခံစားခွင့်တွေ မဆုံးရှုံးရအောင် အပြည့်အဝပေးရမယ်။ ဒါကလည်း အစိုးရဘက်က တာဝန်ယူပေးရမယ်"
"ယာယီပိတ်ထားတာဆိုရင်တော့ အဲဒီအချိန်မှာ အလုပ်သမားတွေကို လုပ်ခလစာပေးဖို့က စက်ရုံဘက်က တာဝန်ရှိသွားပြီ" လို့ မခခက ပြောပါတယ်။
လက်ရှိ မြန်မာ အထည်ချုပ်ကဏ္ဍမှာ တရုတ်နိုင်ငံသား ရင်းနှီးမြှုပ်နှံတဲ့ စက်ရုံပေါင်း ၃ဝဝ ကျော် ၄ဝဝ ဝန်းကျင် အထိရှိနေပြီး လုပ်သားပေါင်း ငါးသိန်းကျော် လုပ်ကိုင်နေပါတယ်။
ဒါကြောင့် လက်ရှိဖြစ်နေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ အထည်ချုပ်လုပ်ငန်းရှင်တွေအနေနဲ့ နစ်နာမှုတွေရှိလာနိုင်သလို အထည်ချုပ်လုပ်ငန်းတွေ ဆက်လက် ရှင်သန်ရပ်တည်နိုင်ဖို့ အစိုးရအနေနဲ့ ဝိုင်းဝန်းအဖြေရှာပေးဖို့ မျှော်လင့်ကြောင်း အထည်ချုပ်လုပ်ငန်းရှင်တွေဘက်က ပြောပါတယ်။








