ကလေးနဲ့မိဘခွဲထားတဲ့ လူ၀င်မှုပေါ်လစီကို မယ်လာနီယာ မလိုလား

အမေရိကန်မှာ တရားမဝင် ဝင်ရောက်နေထိုင်သူတွေ အပေါ် ချမှတ်ထားတဲ့ ပေါ်လစီပြောင်းလဲသွားအောင် ရီပတ်ဘလီကန်နဲ့ ဒီမိုကရက်တွေ အတူတကွ ပူးပေါင်း လုပ်ဆောင်ကြဖို့ သမ္မတကတော် မယ်လာနီယာထရမ့်က ပန်ကြား လိုက်ပါတယ်။

လက်ရှိ လူဝင်မှု ပေါ်လစီအရ ခိုး၀င်လာတဲ့မိသားစုတွေထဲက မိဘနဲ့ သားသမီးတွေကို ခွဲထားတာ ဖြစ်ပါတယ်။

သမ္မတ ထရမ့်ရဲ့ တင်းကျပ်တဲ့ လူဝင်မှုဆိုင်ရာ မူဝါဒနဲ့ ပတ်သက်လို့အငြင်းပွားမှုတွေ ပေါ်ပေါက်လာခဲ့ပြီးနောက် မယ်လာနီယာရဲ့ တိုက်တွန်းချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

သမ္မတထရမ့် ချမှတ်ထားတဲ့ လူဝင်မှု စည်းမျဉ်း အရ မက္ကဆီကိုနဲ့ အမေရိကန် နယ်စပ်တရားမ၀င် ဖြတ်ကျော် လာသူတွေကို ဖမ်းဆီး ထိန်းသိမ်းကာ ရုံးတင် တရားစွဲ အရေးယူနေတာ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စုဟာ ဥပဒေကို လိုက်နာတဲ့ တိုင်းပြည် ဖြစ်ဖို့ လိုသလို အုပ်ချုပ်သူတွေကလည်း တိုင်းပြည်ကို နှလုံးသားနဲ့အုပ်ချုပ်သင့်တယ်လို့ ထုတ်ဖေါ်ပြောခဲ တဲ့ မစ္စက် ထရမ့်ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

တချိန်တည်းမှာ ကွန်ဂရက် အမတ်တွေကလည်း နယ်စပ်စခန်း တွေကို သွားရောက် ကြည့်ရှု လေ့လာနေတယ် လို့ သတင်းရရှိပါတယ်။

အဲဒီ အထဲမှာ ကလေးတထောင့်ငါးရာကျော် ထားရှိရာ တက္ကဆက် ပြည်နယ်က ဆူပါမားကတ် အဆောက်အအုံ တခုကိုလည်း သွားရောက်ခဲ့ကြပါတယ်။

မက္ကဆီကို နယ်စပ်ဘက် ကနေ အမေရိကန်နိုင်ငံ ထဲ တရားမဝင် ဝင်လာကြတဲ့ မိသားစု တွေ ထဲက ကလေးစုစုပေါင်း ၂၀၀၀ နီးပါးခန့် ကို မိဘတွေ လက်ထဲက ခွဲထုတ်ပြီး တက်ဆက် ပြည်နယ်ထဲက အဲလ်ပါဆို မြို့ အနီးရှိ စခန်းတွေ မှာ ကလေးတွေ ကို နေရာချထားတာ ဖြစ်ပါတယ်။

အခုလို ကလေးတွေ နဲ့ မိဘ တွေကို တကွဲတပြား ခွဲထုတ်ပြီး ထိန်းသိမ်းထားတာ နဲ့ ပတ်သက်လို့ သမ္မတ ကတော် မယ်လာနီယာ ထရမ့် က အမေရိကန် ပြည်ထောင်စု အနေနဲ့ တရားဥပဒေ ကို လေးစား လိုက်နာဖို့ လိုတယ် ဆိုပေမဲ့ စာနာတဲ့ နှလုံးသား နဲ့ အုပ်ချုပ် ဖို့ လိုကြောင်း ပြောပါတယ်။

ဒါကြောင့်မို့ ကွန်ဂရက်လွှတ်တော် အမတ်တွေ ဖြစ်တဲ့ ရီပတ်ဘလီကင် ကရော ဒီမိုကရက် အမတ်တွေ ပါ မိသားစုတွေ တကွဲတပြားဖြစ်စေတဲ့ လူဝင်မှု ကြီးကြပ်ရေး ပေါ်လစီ ကို အတူပူပေါင်း ပြောင်းလဲ ကြဖို့ သူက နှိုးဆော် လိုက်ပါတယ်။

သမ္မတ ကတော် အနေနဲ့ အခုလို ထုတ်ဖေါ် ပြောလိုက်ခြင်းဟာ သမ္မတ ထရမ့် ကိုယ်တိုင် က လူဝင်မှု ကြီးကြပ်ရေး ဥပဒေကြမ်းသစ် တခု ကို အဆိုပြု ထားချက် အရ တရားမဝင် ဝင်ရောက်လာသူတွေ အပေါ်မှာ လုံးဝ သည်းမခံ ဘူး ဆိုတဲ့ အပေါ်မှာ အငြင်းပွားစရာ ဖြစ်လာပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ သောကြာနေ့ ကတော့ သမ္မတထရမ့် က ရီပတ်ဘလီကင် အမတ်တွေ လိုလားတဲ့ ဒီ ဥပဒေကြမ်း ကို သူ့အနေနဲ့ လက်မှတ် မထိုးဘူး ဆိုတဲ့ သတင်းလည်း ထွက်လာပါတယ်။

အိမ်ဖြူတော် အကြံပေး အရာရှိ ကယ်လီယန် ကွန်းဝေး က တော့ သမ္မတ ထရမ့် အနေနဲ့ လက်ရှိ အခြေအနေ ကို ပြောင်းလဲ လိုပေမဲ့ ကွန်ဂရက် မှာ ဒီဥပဒေ ကို အရင်ပြောင်းလဲဖို့ လိုကြောင်း NBC ရုပ်သံ နဲ့ တွေ့ဆုံခန်း မှာ ပြောကြားခဲ့ပြီး မိခင်တယောက် အနေနဲ့ရော ကက်သလစ် ဘာသာဝင် တဦး အနေနဲ့ ပါ စာနာခံစားတတ်တဲ့ စိတ်နဲ့ တွေးကြည့်ရင် ဒီပေါ်လစီ ကို ဘယ်သူမှ မကြိုက်ပါဘူးလို့ သူက ပြော ပါတယ်။

ဒါဟာ နှစ်ပေါင်းများစွာ ကွန်ဂရက် က ချမှတ်ထားတဲ့ ဥပဒေ ဖြစ်တဲ့ အတွက် တရားမဝင် ဝင်ရောက်မှု ဟာ ပြစ်မှု လို့ သတ်မှတ် ထားလို့ ကွန်ဂရက် ကပဲ ပြောင်းလဲလို့ ရမှာပါ လို့လည်း ဆိုပါတယ်။

အခုလို မိသားစု လိုက် တရားမဝင် နယ်စပ်ဖြတ်ကျော် ပြေးလာတဲ့ သူတွေ ကို မိဘတွေ ကိုတော့ ဥပဒေ အရ ဖမ်းဆီး အရေးယူဘွယ်ရှိသလို ကလေးတွေ ကိုလည်း ထိန်းသိမ်းထားတဲ့ အကြောင်း ပြည်တွင်းလုံခြုံရေး ဌာန ကလည်း ပြောပါတယ်။

ဒါကြောင့်မို့ မနေ့က အယ်လ်ပါဆို မြို့မှာ မိသားစု ပြန်လည် ပေါင်းစည်းရေး အတွက် 'ကလေးတွေ ကို ပြန်လွှတ်ပေးပါ၊ မိသားစု ပြန်လည် စုစည်းခွင့်ပေးပါ လို့' ကြွေးကြော် စီတန်း လှည့်လည် တောင်းဆိုခဲ့ ကြပါတယ်။