အာဆီယံ အလှည့်ကျ ဥက္ကဌ စင်္ကာပူမှာ ထရမ့်-ကင် ဆွေးနွေးပွဲလုပ်မယ်

အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က သူနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းတို့ ဇွန်လ ၁၂ ရက်နေ့ စင်္ကာပူမှာ တွေ့ဆုံမှာ ဖြစ်တယ်လို့ သူ့ တွစ်တာမက်ဆေ့ချ်ကနေ အသိပေးလိုက်ပါတယ်။

ခေါင်းဆောင်နှစ်ယောက် တွေ့ကြမယ့် နေရာကို အရင်က အမျိုးမျိုး မှန်းဆခဲ့ကြပါတယ်။ တောင်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံကြားက စစ်မဲ့ဇုံနေရာမှာ တွေ့မှာလားလို့လည်း ထင်ကြေးပေးတာတွေ ထွက်ခဲ့သေးပေမယ့် မစ္စတာထရမ့်က အဲဒီနေရာကို ငြင်းခဲ့တယ်လို့ သိရပါတယ်။

မွန်ဂိုးလီးယားမှာ လုပ်လေမလားဆိုတဲ့ မှန်းချက်တွေလည်း ထွက်ခဲ့ပေမယ့် နောက်ဆုံး စင်္ကာပူကတော့ အတည်ဖြစ်သွားပါပြီ။

ဒါဆို စင်္ကာပူကို သမိုင်းဝင်တွေ့ဆုံပွဲကျင်းပမယ့်နေရာအဖြစ် ဘာလို့ ရွေးကြတာပါလဲ။

စင်္ကာပူကို အာရှရဲ့ ဆွစ်ဇာလန်လို့ တင်စားခေါ်ကြတာလည်း ရှိပါတယ်။

စင်္ကာပူဟာ အမေရိကန်နဲ့ ကာကွယ်ရေး လုံခြုံရေး သဘောတူစာချုပ်ချုပ်ထားတာရှိပေမယ့် မြောက်ကိုရီးယားရော၊ အမေရိကန်အတွက်ပါ ကြားက ရှိတဲ့ ဟိုဘက် ဒီဘက် သိပ်မယိမ်းတဲ့ နေရာ တစ်ခုလို့ ဆိုနိုင်ပါတယ်။

ဒီနိုင်ငံမှာပဲ အရင်တုန်းကလည်း နာမည်ကျော် ဆွေနွေးပွဲတွေ ကျင်းပခဲ့ဖူးပါတယ်။ လူသိအများဆုံးကတော့ ၂၀၁၅ ခုနှစ်က တရုတ်သမ္မတ ရှီဂျင်ပင်းနဲ့ အဲဒီအချိန်က ထိုင်ဝမ်သမ္မတ မာယင်ဂျိုးတို့ တွေ့ဆုံခဲ့တဲ့ ပွဲပါ။ တရုတ်နဲ့ ထိုင်ဝမ်ခေါင်းဆောင်တွေ နှစ်ပေါင်း ၆၀ ကျော်အတွင်း ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြတာလည်း ဖြစ်ပါတယ်။

စင်္ကာပူခေါင်းဆောင်တွေက သူတို့နိုင်ငံဟာ ကမ္ဘာ့ သံတမန်ရေး စေ့စပ်ညှိနှိုင်းမှုတွေကို လက်ခံ ကျင်းပပေးရာ အိမ်ရှင်နေရာတစ်ခုအဖြစ် ဂုဏ်ယူလေ့ရှိတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

နိုင်ငံက သေးတဲ့အပြင် လုံခြုံရေးစနစ်ကလည်း အဆင့်မြင့်တာမို့ ကမ္ဘာ့ခေါင်းဆောင်တွေ ဒီနေရာမှာ စိတ်ချလုံခြုံစွာ လာရောက် ဆွေးနွေးနိုင်ကြပါတယ်။

အမေရိကန် ကာကွယ်ရေးဝန်ကြီးအပါအဝင် ကမ္ဘာတဝန်းက စစ်ဘက်၊ ကာကွယ်ရေးဘက်ဆိုင်ရာ ခေါင်းဆောင်တွေ နှစ်စဉ်လာရောက် စုဝေးပြီး ကမ္ဘာ့ လုံခြုံရေးကိစ္စရပ်တွေကို ဆွေးနွေးကြတဲ့ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

နိုင်ငံပြင်ပကို ခရီးသွားလာလေ့မရှိတဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းအတွက်လည်း စင်္ကာပူအထိ လာပြီး အမေရိကန် သမ္မတနဲ့ ဆွေးနွေးပွဲကို တက်မယ်ဆိုတာ သူ့ဘက်က လိုက်လျောမှုကြီး တစ်ခုအဖြစ်လည်း ယူဆလို့ ရနိုင်ပါတယ်လို့ လိုဝီအင်စတီကျုပညာရှင်များအဖွဲ့က နိုင်ငံတကာ လုံခြုံရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ အီဝမ်ဂရေဟမ်းက ပြောပါတယ်။

စင်္ကာပူဟာ တရုတ်နဲ့ ရင်းနှီးတဲ့ နိုင်ငံ ဖြစ်သလို မြောက်ကိုရီးယားနဲ့လည်း မစိမ်းပါဘူး၊ စင်္ကာပူမှာ မြောက်ကိုရီးယား သံရုံးဖွင့်ထားပါတယ်။ သိပ်မကြာခင် ကာလအထိ မြောက်ကိုရီးယားနိုင်ငံသားတွေ ဗီဇာမလိုဘဲ စင်္ကာပူကို လာနိုင်ခဲ့တဲ့အထိလည်း စီးပွားရေး ကုန်သွယ်ရေး ဆက်ဆံမှုတွေ ပွင့်လင်းခဲ့ပါတယ်။

ဒါပေမယ့် မြောက်ကိုရီးယားရဲ့ နျူလက်နက်အစီအစဉ်နဲ့ ပတ်သက်ပြီး နိုင်ငံတကာက ပိတ်ဆို့အရေးယူမှုတွေ တင်းကြပ်လာချိန်မှာတော့ စင်္ကာပူကလည်း မြောက်ကိုရီးယားနဲ့ ကုန်သွယ်ရေးတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာလက ဖြတ်တောက် လိုက်ပါတယ်။

စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းဟာ သမ္မတ ထရမ့်တက်လာချိန်မှာ အရှေ့တောင်အာရှ ခေါင်းဆောင်တွေအထဲက ပထမဆုံး အမေရိကန်သမ္မတဆီ သွားတွေ့ခဲ့သူလည်း ဖြစ်ပါတယ်။ သမ္မတထရမ့်က ဗီယက်နမ်နဲ့ ဖိလစ်ပိုင်တို့ကို သွားရောက်ခဲ့ပြီး ဖြစ်လို့ စင်္ကာပူခေါင်းဆောင်တွေကလည်း အမေရိကန် သမ္မတသူတို့ဆီလာဖို့ မျှော်လင့်နေနိုင်ပါတယ်။ လက်ရှိမှာလည်း စင်္ကာပူက အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံရဲ့ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားသူဖြစ်လို့ ဒီဆွေးနွေးပွဲကို လက်ခံကျင်းပရရင် သံတမန်ရေး မျက်နှာပန်းလှမယ်လို့ ယူဆထားတယ်လို့ ဒေါက်တာဂရေဟမ်က ဆိုပါတယ်။