ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံမှာလည်း သမိုင်းဝင်မယ့် အဖြစ်အပျက်

ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံမှာ သမိုင်းဝင်မယ့် အဖြစ်အပျက် တစ်ခု ပေါ်ပေါက် လာခဲ့ပါပြီ။

၁၉၅၃ ခုနှစ်၊ ကိုရီးယားကျွန်းဆွယ် စစ်ပွဲပြီး ကတည်းက နှစ်ပေါင်း ၆၅ နှစ် အတွင်း ပထမဆုံး အကြိမ် အနေနဲ့ မြောက်ကိုရီးယား ခေါင်းဆောင်ဟာ တောင်ကိုးရီးယား ပိုင်နက် နယ်မြေထဲ ဝင်ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ အဖွဲ့ တောင်ကိုရီးယား ပိုင်နက်မြေထဲ ဝင်ရောက် သွားတဲ့ အခိုက်အတန့်ဟာ ကိုရီးယားကျွန်းဆွယ် အတွက်တော့ အံ့မခန်း ဖြစ်ရပ်ပါပဲ။

မစ္စတာကင် နယ်စပ်ကို ဖြတ်လာတာဟာ အင်မတန် ရဲဝံ့တဲ့ ဆုံးဖြတ်ချက်ပဲလို့ မစ္စတာမွန်းက ချီးကျူး ပြောဆို ခဲ့ပါတယ်။

မြောက်ကိုရီးယား ရိုးရာ ခေါက်ဆွဲအေးကို အစည်းအဝေးကျရင် စားရအောင် ယူလာခဲ့တယ် ဆိုတဲ့ မစ္စတာ ကင်မ်ရဲ့ စကားကိုလည်း တောင်ကိုရီးယားဘက်ကသူတွေ သဘောတကျ ရှိခဲ့ကြပါတယ်။

တောင်ကိုရီးယား ကိုယ်စားလှယ်တွေ အတွက်ပါ ကင်က ယူခဲ့တာပါ။

"ခင်ဗျားတို့ ကြိုက်ကြမယ်လို့ မျှော်လင့်ပါတယ်" ဆိုပြီး ကင်က ပြောခဲ့ပါတယ်။

ဒီနောက်မှာတော့ ခေါင်းဆောင် နှစ်ယောက်က မီဒီယာသမားတွေကို ဘေးနားမှာ ဆက်မနေကြတော့ဖို့ ပြောခဲ့ပါတယ်။

သူတို့ ပိုပြီး လွတ်လွတ်လပ်လပ် သက်တောင့်သက်သာ စကားပြောကြမယ့် ပုံပါပဲ။

ကင်ဟာ ငြိမ်းချမ်းရေး ဧည့်ဂေဟာထဲ ဧည့်သည့်တော် မှတ်တမ်းမှာ လက်မှတ် ရေးထိုးနေပြီ ဖြစ်ပါတယ်။

မွန်းကတော့ ကင်ဘာတွေ ရေးနေသလဲဆိုတာ စပ်စုတဲ့ သဘော မဖြစ်ရလေအောင် ယဉ်ယဉ်ကျေးကျေးပဲ မျက်နှာကို တစ်ဘက်ကို လွှဲထားပါတယ်။

ကိုရီးယား နှစ်နိုင်ငံ ခေါင်းဆောင်တွေကို ရိုးရာဝတ်စုံတွေ ဝတ်ဆင်ထားတဲ့ ဂုဏ်ပြု ကိုယ်ရံတော် တပ်ဖွဲ့က တောင်ကိုရီးယားဘက်ခြမ်းမှာ ကြိုဆို ခဲ့ကြပါတယ်။

နိုင်ငံတော် သီချင်းတွေ တီးမှုတ် ခဲ့ကြပြီး ခေါင်းဆောင် ၂ ယောက်ဟာ ကော်ဇော်နီအတိုင်း ယှဉ်တွဲ လျှောက်လာကြရင်း ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးပါတယ်။

တောင်ကိုရီးယား ပိုင်နက်ထဲကို ကင် ဝင်ရောက်ပြီးနောက်မှာတော့ ဘယ်သူမှ မျှော်လင့် မထားတဲ့ အရာ ဖြစ်လာပါတယ်။

သမ္မတ မွန်ဂျေအင်းလည်း ကင်နဲ့အတူ မြောက်ကိုရီးပိုင်နက်ဘက်ကို ခဏတာ ခြေလှမ်းချခဲ့ပါတယ်။

ခေါင်းဆောင် နှစ်ယောက် လက်ဆွဲနှုတ်ဆက် ကြချိန်မှာ အပြုံးတွေ ဝေဆာနေသလို ဘေးပတ်ဝန်းကျင်မှာလည်း ဩဘာပေးသံတွေနဲ့ ဆူညံ နေပါတယ်။

သမ္မတ မွန်ဂျေအင်းဟာ နှစ်နိုင်ငံနယ်စပ် စစ်မက်ကင်းစင် ဇုန်၊ ပန်မွန်ဂျုံ ရွာထဲက ငြိမ်းချမ်းရေးဂေဟာ ရှိရာဆီ ၉ နာရီ မခွဲခင် မိနစ် ၂ဝ လောက် စောပြီး ရောက်လာခဲ့ပါတယ်။

သူ့ရဲ့ ကားတန်း ဆိုးလ်မြို့တော်ကနေ ထွက်ခွာတော့လည်း ဆွေးနွေးပွဲ အောင်မြင်ပါစေကြောင်း တောင်ကိုရီးယား ပြည်သူတွေက လမ်းဘေးဝဲယာမှာ ဆုမွန်ကောင်းတွေ တောင်းပေးခဲ့ကြပါတယ်။

မစ္စတာ ကင်ဟာ နှစ်နိုင်ငံ တရားဝင် နယ်စပ်မျဉ်းကို ဖြတ်ကျော်ပြီး တစ်ဘက်ကို ဝင်ရောက်တာ ဖြစ်တာကြောင့် တောင်ကိုရီးယားကို သွားရောက်တယ်လို့ ပြောဆို နိုင်တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကိုရီးယား ၂ နိုင်ငံကြား ထားရှိထားတဲ့ စစ်မက် ကင်းစင်ဇုန် အဝန်းအဝိုင်းကို ကျော်ပြီး မစ္စတာ ကင် သွားမှာ မဟုတ်ပါဘူး။

မြောက်ကိုရီးယားက သူတို့ရဲ့ နျူကလီယာ လက်နက် စီမံကိန်းတွေကို စွန့်လွှတ်မယ့် ဆန္ဒ သဘောထားမျိုး ရှိကောင်း ရှိနေနိုင်တယ် ဆိုတဲ့ အရိပ်အယောင်တွေ လတ်တလော ကာလတွေ အတွင်း ပြသ လာခဲ့တဲ့နောက် အခု တွေ့ဆုံပွဲမှာလည်း ဒီ အကြောင်းချင်းရာ ကိစ္စ အပေါ်မှာပဲ အာရုံစိုက် လာဖို့ ရှိပါတယ်။

အခု ထိပ်သီး အစည်းအဝေးကနေ ရလာဒ်ကောင်းတွေ တခါတည်း ထွက်လာမယ်ဖို့ မျှော်လင့်ချက် ကြီးကြီးမားမား မထားကြနဲ့ ဆိုပြီး တောင်ကိုရီးယား စစ်တပ်က ဒုဗိုလ်ချုပ်ကြီးဟောင်း အင်ဘွန်ချွန်းကတော့ သတိပေးပါတယ်။

အခုလို ထိပ်သီး ဆွေးနွေးပွဲ ဖြစ်မြောက် လာတာကိုက အတော်လေး တိုးတက်လာတာပါ။ အကျပ်အတည်းကာလ ကနေ မျှော်လင့်ချက် ရောင်ခြည် ရှိလာတာပေါ့။ ဒါပေမယ့်လည်း ကိုရီးယား ပြည်သူတွေသာမက တကမ္ဘာလုံးက မျှော်တလင့်လင့် ဖြစ်နေကြတဲ့ ရလဒ်တွေ တပါတည်း ရလာဖို့တော့ မဖြစ်နိုင်ဘူး ဆိုပြီး အင်ဘွန်ချွန်းက ပြောပါတယ်။

နယ်ခြားမျဉ်း အနေနဲ့ ဆောက်ထားတဲ့ ကွန်ကရစ် အဆောက်အဦတွေထဲက တစ်နေရာမှာ မစ္စတာ မွန်းဟာ မစ္စတာ ကင်မ် နဲ့ ၉ ဦးပါ သူ့အဖွဲ့ကို စတင် ကြိုဆို နှုတ်ဆက်မှာ ဖြစ်ပါတယ်။

အဲဒီနောက် ခေါင်းဆောင် နှစ်ယောက်ဟာ တောင်ကိုရီးယား ဂုဏ်ပြုတပ်ဖွဲ့ ခြံရံပြီး နယ်စပ်ရွာလေးဖြစ်တဲ့ ပန်မွန်ဂျုံ ရွာက ဧည့်ခမ်းမကို သွားကြမှာ ဖြစ်ပါတယ်။

ခေါင်းဆောင် နှစ်ဦး ဘယ်အချိန်က ဘယ်အချိန်ထိ စကားပြောမယ်၊ နေ့လယ်စာကို မြောက်ကိုရီးယား အဖွဲ့က ကိုယ့် နိုင်ငံ ပိုင်နက်ဘက် ပြန်စားမယ်၊ နေ့ခင်းကျတော့ နှစ်ဘက်စလုံးက မြေကြီးနဲ့ ရေတွေကို သုံးပြီး ခေါင်းဆောင် နှစ်ယောက် ထင်းရူးပင် တစ်ပင် အတူ ပျိုးကြမယ် စတဲ့ အသေးစိတ် အစီအစဉ်တွေ ရေးဆွဲ ထားနှင့်ပြီး ဖြစ်ပါတယ်။

တောင်ကိုရီးယားနဲ့ကြား တွေ့ဆုံ စကားပြောဖို့ လမ်းဖွင့်ထားတယ်လို့ မစ္စတာ ကင်က ပြီးခဲ့တဲ့ ဇန်နဝါရီလ တုန်းက စပြောလာခဲ့တဲ့ နောက် အခုလို အခြေအနေမျိုးထိ ရောက်ရှိလာတာ ဖြစ်ပါတယ်။