ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စင်္ကာပူမှာ အာဆီယံ ကာကွယ်ရေး ဝန်ကြီးတွေ တွေ့ဆုံခဲ့
အရှေ့တောင်အာရှ ဒေသမှာ အကြမ်းဖက် အန္တရာယ် တိုးမြင့် ကြုံတွေ့ လာရတယ် ဆိုပြီး အာဆီယံ အဖွဲ့ ကာကွယ်ရေး ဝန်ကြီးတွေရဲ့ ပူးတွဲ ကြေညာချက်ထဲ ဖော်ပြ ထားပါတယ်။
အာဆီယံ နိုင်ငံတွေ အနေနဲ့ အကြမ်းဖက် လက်နက်ကိုင်တွေရဲ့ အန္တရာယ်ကို ကိုင်တွယ်ရာမှာ ပူးပေါင်း ဆောင်ရွက်တာတွေ ပိုပြီး ပြုလုပ်မယ်လို့လည်း ကာကွယ်ရေး ဝန်ကြီးတွေ သဘော တူခဲ့ကြပါတယ်။
စင်္ကာပူ နိုင်ငံမှာ အာဆီယံ ကာကွယ်ရေးဝန်ကြီးတွေ ၂ ရက်ကြာ တွေ့ဆုံ ခဲ့အပြီး အခုလို ကြေညာချက် ထွက်လာတာ ဖြစ်ပါတယ်။
အဲဒီ အစည်းအဝေးမှာ မြန်မာ ကာကွယ်ရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းလည်း ရှိနေ ခဲ့ပါတယ်။
အရှေ့တော့ အာရှမှာ ကြုံတွေ့ နေရတဲ့ အကြမ်းဖက်ဝါဒ ပြဿနာဟာ ဆက်လက် ကြီးထွား လာနေပြီး၊ နိုင်ငံရပ်ခြားက လက်နက်ကိုင်တွေ နယ်ခြား ဖြတ်ကျော် ဝင်လာနေတဲ့ ပြဿနာ ရှိနေတယ်လို့ အာဆီယံ ကာကွယ်ရေး ဝန်ကြီးတွေက ဆိုပါတယ်။
အာဆီယံ နိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်မှာ ပြီးခဲ့တဲ့ နှစ်ကပဲ မာရာဝီ မြို့ကို အစ္စလာမ်မစ် နိုင်ငံအပေါ် သစ္စာခံတဲ့က တိုက်ခိုက် သိမ်းယူ ခဲ့လို့ ဖိလစ်ပိုင် အစိုးရတပ်က ပြန်လည် တိုက်ထုတ် ခဲ့ရပါတယ်။
အီရတ်နဲ့ ဆီးရီးယား နိုင်ငံတွေမှာ IS တွေ အခြေအနေမလှ ဖြစ်လာခဲ့ရတဲ့နောက် အရှေ့တောင် အာရှမှာ ခြေကုပ် ယူဖို့ ကြိုးစား နေသလား ဆိုပြီး မာရာဝီမြို့ အဖြစ်အပျက်က အာဆီယံ နိုင်ငံတွေကို အန္တရာယ် သတိပေး ခေါင်းလောင်းသံ သဖွယ် ဖြစ်လာ စေပါတယ်။
စင်္ကာပူမှာ အာဆီယံ ကာကွယ်ရေး ဝန်ကြီးတွေ ရှိနေတုန်း တရုတ် ကာကွယ်ရေး ဝန်ကြီး ချန်ဝမ်ကန်လည်း ရောက်လာပြီး ပူးတွဲ ဆွေးနွေးပွဲ ပြုလုပ် ခဲ့ပါတယ်။
အခုနှစ်ထဲမှာပဲ အာဆီယံနဲ့ တရုတ် ပူးတွဲပြီး ပင်လယ်ပြင် စစ်ရေး လေ့ကျင့်ခန်းတွေ ပူးတွဲ ပြုလုပ်ဖို့ သဘောတူ ခဲ့ကြတယ်လို့ ကမ္ဘောဒီးယား ကာကွယ်ရေး ဝန်ကြီးကို ကိုးကားလို့ ဂျပန် သတင်းဌာန ကျိုးဒိုက ရေးသား ထားပါတယ်။