ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြောက်ကိုရီးယားနျူအရေး အမီလိုက်ဖြေရှင်းဖို့လို
မြောက်ကိုရီးယားရဲ့ နျူးကလီးယားရည်ရွယ်ချက် မအောင်မြင်ခင်မှာ သူ့ရဲ့ လှုပ်ရှားမှုတွေကို အမေရိကန်နဲ့ မဟာမိတ်တွေက အမီလိုက် ဖြေရှင်းဖို့ လိုနေပြီလို့ အမေရိကန်အစိုးရ လုံခြုံရေးအကြံပေး မက် မာစတာက ပြောဆိုလိုက်ပါတယ်။
မြောက်ကိုရီးယားက ကုလသမဂ္ဂ တားမြစ်ချက်ကို ချိုးဖောက်ပြီး ဒုံးကျည် စမ်းသပ်ပြီးလို့ ၃ ရက် အကြာမှာ လုပ်ခဲ့တဲ့ ကယ်လီဖိုးနီးယားက ကာကွယ်ရေးဆွေးနွေးပွဲတခုမှာ အခုလို ပြောကြားခဲ့တာ ဖြစ်ပြီး မြောက်ကိုရီးယားနဲ့ စစ်ဖြစ်နိုင်ချေ အလားအလာကလည်း တဖြည်းဖြည်း နီးလာပြီလို့ သူက ပြောပါတယ်။
ဒါပေမယ့် စစ်ပွဲ အခြေအနေအထိ ရောက်မလာဖို့ အတွက် ဖြေရှင်းရေး နည်းလမ်းတွေ ရှိနေပြီး မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်တာတွေ မလုပ်နိုင်ဖို့အတွက် တရုတ်ဘက်က မြောက်ကိုရီးယားကို ရေနံနဲ့ လောင်စာဆီ လုံးဝဖြတ်တောက်ဖို့ကို လည်း သူက အဆိုပြုခဲ့ပါတယ်။
မြောက်ကိုရီးယားကတော့ သူ့နယ်မြေနဲ့ ကပ်ပြီး တောင်ကိုရီးယား အမေရိကန် စစ်ရေး လေ့ကျင့်နေတာဟာ စစ်ဖြစ်အောင် သိသိသာသာ တမင်ဆွနေတာ ဖြစ်ပြီး အမေရိကန်ဟာ စစ်သွေးကြွနေတဲ့ စစ်ဘီလူးဖြစ်တယ်လို့လည်း စွပ်စွဲထားပါတယ်။
တောင်ကိုရီးယားနဲ့ အမေရိကန်တို့ဟာ မကြာခဏ ပြုလုပ်နေကျ ဖြစ်တဲ့ ပူးတွဲ စစ်ရေး လေ့ကျင့်မှုတွေကို ဒီဇင်ဘာလ ၄ ရက်နေ့မှာ လုပ်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားက ၂ လအတွင်း ပထမဆုံးအကြိမ် ဒုံးကျည် စမ်းသပ်မှုအဖြစ် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၉ ရက်နေ့က စမ်းသပ်မှုမှာ ဟွာဆောင်း-၁၅ ဒုံးကျည်က အမြင့် ကီလိုမီတာ ၅၀ဝ၀ နီးပါး ပျံတက်ပြီး မြေပြင် အကွာအဝေး ကီလိုမီတာ ၉၅၀ အထိ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။
ဒီဒုံးကျည်ဟာ မြေပြင်အကွာအဝေးအရ ကီလိုမီတာ ၁၃၀ဝ၀ အထိ ရောက်နိုင်မယ်လို့ ခန့်မှန်းထားပြီး ကီလိုမီတာ တသောင်းကျော် အကွာမှာရှိတဲ့ နယူးယောက်နဲ့ ဆန်ဖရန်စ္စကိုမြို့တွေလည်း ဒီဒုံးကျည် စက်ကွင်းထဲမှာ ကျရောက်နေပါတယ်။
ဒါပေမယ့် အမေရိကန်ကို ပစ်တဲ့အခါမှာတော့ ပေါက်ကွဲစေတဲ့ ဒုံးကျည် ထိပ်ဖူးက လေဟာနယ်ကနေ ကမ္ဘာ့လေထုကို ပြန်ဝင်လာချိန်မှာ ထိန်းထားဖို့အတွက် မြောက်ကိုရီးယားမှာ နည်းပညာ မရှိသေးဘူးလို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။
ဒီဇင်ဘာလ ၃ ရက်နေ့က ထွက်ပေါ်ခဲ့တဲ့ ရိုက်တာသတင်းအရ အမေရိကန် အနောက်ဘက်ကမ်းခြေမှာ အမြင့်ပျံ ဒုံးကျည် တားဆီးရေး ဒုံးခွင်းဒုံးစနစ် THAAD တွေ တပ်ဆင်ဖို့ လေ့လာမှုတွေ စလုပ်နေပြီလို့ ဖော်ပြခဲ့ပေမယ့် အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ဒုံးကျည် ကာကွယ်ရေး အဖွဲ့ကတော့ ဒါကို ငြင်းဆိုထားပါတယ်။
THAAD ဒုံးခွင်းဒုံး စနစ် နှစ်ခုကို မြောက်ကိုရီးယားနဲ့ ကီလိုမီတာ ၃၄၀ဝ အကွာမှာရှိတဲ့ ဂူအမ်ကျွန်းနဲ့ တောင်ကိုရီးယားက အမေရိကန်စစ်စခန်းတွေမှာ တပ်ဆင်ထားပြီး ဖြစ်ပါတယ်။