ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြောက်ကိုရီးယားဒုံးကျည် အမေရိကန် ရောက်နိုင်လို့ ကြေညာ
မြောက်ကိုရီးယားက နောက်ဆုံး စမ်းသပ် ပစ်လွှတ် လိုက်တဲ့ အိုင်စီဘီအမ် တိုက်ချင်းပစ် ထိပ်ဖူးတပ် ဒုံးကျည်ဟာ အမေရိကန် ပြည်ထောင်စု ကို လုံးဝရောက်နိုင်တယ်လို့ ကြေညာသွားပါတယ်။
ဗုဒ္ဓဟူး မနက် စောစောပိုင်းက စမ်းသပ် ပစ်လွှတ်တဲ့ ဟွာဆောင် ၁၅ ဒုံးကျည်ဟာ အခုစမ်းသပ်မှုတွေ အတွင်း အင်အား အကြီးဆုံးလို့ အစိုးရ သတင်းဌာနက ကြေညာလိုက်ပြီး နျူကလီယား လက်နက်ပိုင်တဲ့ နိုင်ငံအဖြစ် ရည်မှန်းချက် ပြည့်သွားပြီလို့ ပြောပါတယ်။
ဒီနှစ်ပိုင်းအတွင်း မြောက်ကိုရီးယားနိုင်ငံရဲ့ အကြိမ် ၂၀ မြောက် စမ်းသပ် ပစ်လွှတ်မှုကြောင့် တရုတ်ကလည်း အကြီးအကျယ် စိုးရိမ်နေပါတယ်။
အမေရိကန် ကာကွယ်ရေး ဝန်ကြီး ဂျင် မက်တစ်ကတော့ မြောက်ကိုရီယားရဲ့ ဒုံးလက်နက် တည်ဆောက်နေတာဟာ တကမ္ဘာလုံးကို ချိန်းခြောက်လိုက်တာပဲလို့ ပြောပါတယ်။
ဒီပစ်လွှတ်မှုဟာ မဆင်မခြင် ပြုလုပ်မှုတခု ဖြစ်တယ်လို့လည်း တောင်ကိုရီးယား သမ္မတ က ဝေဖန်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာလည်း အရေးပေါ် အစည်းအဝေးတခု ကျင်းပဖို့ ရှိပါတယ်။
ဒီတခေါက် စမ်းသပ်ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ဟာ ကီလိုမီတာ တစ်ထောင်သာ ရောက်ခဲ့ပေမယ့် တက်သွားနိုင်တဲ့ အမြင့်ဟာ အာကာသ ဝေဟင် လမ်းကြောင်းကနေ အမေရိကန်နိုင်ငံ ဝါရှင်တန်အထိ တိုက်ခိုက်နိုင်တဲ့ အတိုင်းအတာ ရှိတယ် လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
အခု ဂျပန်ရေပိုင်နက် ထဲကို ကျသွားတဲ့ ဒုံးကျည်ဟာ စောစောက စမ်းသပ်မှုတွေထက် ပိုမြင့်အောင် ပျံသန်းနိုင်ပါတယ်။
ဒါကြောင့် အရင်လို ဂျပန်နိုင်ငံပေါ်က ဖြတ်မပျံဘဲ မိုးပေါ်ကို အမြင့်ကြီးရောက်အောင် ပျံသန်းခဲ့တာဖြစ်ပါတယ်။
မြောက်ကိုရီးယား အဆိုအရ ဒီဒုံးကျည်ဟာ မိုင်၂၈ဝဝ လောက်အမြင့် ပျံသန်းနိုင်တယ်လို့ ဆိုပါတယ်။
ဒါဟာ တောင်ကိုရီးယားက ခန့်မှန်းတာနဲ့ နီးစပ်ပါတယ်။
အမေရိကန် အခြေစိုက် သိပ္ပံပညာရှင် အဖွဲ့ကတော့ ဒီဒုံးကျည်ဟာ ကီလိုမီတာ တသောင်း သုံးထောင်ကျော် သွားနိုင်တယ်လို့ ယူဆရပြီး အမေရိကတိုက် ဘယ်နေရာမဆို ရောက်နိုင်တယ်လို့ ပြောပါတယ်။
ဒါပေမဲ့ အခုပစ်လိုက်တဲ့ ဒုံးကျည်မှာတပ်ထားတဲ့ ထိပ်ဖူး လက်နက်အတုဟာ အလွန် ပေါ့ပါးတာတွေ့ရလို့ ဒီထက်ပိုလေးလံတဲ့ နျူးကလီးယား ထိပ်ဖူး တပ်ထားရင် ဒီလောက် ခရီးဝေးရောက်ဖို့ မလွယ်ဘူးလို့ ဆိုပါတယ်။
မြောက်ကိုရီးယား ဘက်ကတော့ ဟွာဆောင် ၁၅ ဟာ အလွန်လေးတဲ့ ထိပ်ဖူးကို သယ်ဆောင်ပြီးအမေရိကန် ပြည်မကြီး အထိ ရောက်အောင်ပစ်နိုင်တယ် လို့ပြောပါတယ်။
ကျွမ်းကျင်သူတွေ ကတော့ အိုင်စီဘီအမ်ကို သုံးပြီး နျူကလီယားထိပ်ဖူးနဲ့ အောင်အောင်မြင်မြင် ပစ်ဖို့ဆိုရင် နောက်တနှစ် နှစ်နှစ် လောက် အချိန်ယူနိုင်တယ်လို့ခန့်မှန်းပါတယ်။
ဒီနေရာမှာ အလွန်သိမ်မွေ့ပြီး ခက်ခဲတဲ့ နည်းပညာ လိုပါတယ်။
တကယ်လို့ ကမ္ဘာကြီးရဲ့ လေထုထဲကို ပြန်ဝင်တဲ့အခါ နူကလီးယား ထိပ်ဖူး ပြိုကွဲသွားရင် ဒီနည်းကိုသုံးပြီး ပစ်တာဟာ အကျိုးမရှိနိုင်ပါဘူး။
ဒီအကျပ်အတည်းကို သူတို့ဖြေရှင်းနိုင်ပြီလို့ ဘယ်သူမှသိပ်မယုံကြပါဘူး။
မြောက်ကိုရီးယား အကျိုးစီးပွားကို မထိခိုက်သမျှ သူတို့က ဘယ်သူ့ကိုမှ အန္တရာယ်ပေးမှာ မဟုတ်ဘူးလို့ ကြေညာခဲ့ပါတယ်။
ဒါဟာ အပြုသဘော ကမ်းလှမ်းတာ ဖြစ်နိုင်ပေမယ့် အများကတော့ သံသယနဲ့ကြိုဆိုမှာပါ။
လူသားကို အဆိုးဝါးဆုံး ထိခိုက်စေမယ့် လက်နက် ထုတ်လုပ်မှုဟာ သူတို့ရဲ့ အကျိုးစီးပွားတွေထဲမှာ ပါဝင်နေပါတယ်။
ကင်ဂျုံအွန်က မဖြစ်မနေ နျူးကလီးယား လက်နက်ပိုင်ဖို့ ကြိုးစားမှု ကိုတော့ ရပ်မှာ မဟုတ်ပါဘူးလို့ ကျွမ်းကျင်သူ အများစုက သုံးသပ် နေကြပါတယ်။