ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အကြမ်းဖက်ဝါဒ အားပေးစာရင်းထဲ မြောက်ကိုရီးယားကို ပြန်ထည့်
အကြမ်းဖက်ဝါဒကို ထောက်ခံ အားပေးတဲ့ နိုင်ငံတွေလို့ အမေရိကန်က သတ်မှတ်ထားတဲ့ စာရင်းထဲ မြောက်ကိုရီးယားကို ပြန်လည် ထည့်သွင်း လိုက်တယ် ဆိုပြီး သမ္မတ ထရမ့်က ကြေညာလိုက်ပါတယ်။
စာရင်းထဲကနေ မြောက်ကိုရီးယားကို ဖယ်ရှားထားတာ ၉ နှစ် ကြာမြင့်ခဲ့ပြီး အချိန်မှာ အခုလို ပြန်လည် ထည့်သွင်း သတ်မှတ် လာတာဖြစ်ပါတယ်။
အစိုးရ ကက်ဘိနက် အစည်းအဝေးမှာလည်း သမ္မတ ထရမ့်က မြောက်ကိုရီးယား အပေါ် နောက်ဆက်တွဲ ပိတ်ဆို့ အရေးယူမှုတွေ အကြီးအကျယ် ထပ်ဆောင်း ချမှတ် လာဖို့ ရှိတယ်လို့ ပြောပါတယ်။
မြောက်ကိုရီးယားက ဆက်လက် လုပ်ဆောင်နေတဲ့ နျူကလီယာ လက်နက် စီမံကိန်းတွေ အတွက် အခုလို အကြမ်းဖက်ဝါဒ အားပေးတဲ့ နိုင်ငံ စာရင်းထဲ ပြန်ထည့်တာမျိုး၊ ပိတ်ဆို့မှု အသစ်တွေ ထပ်ပြီး လုပ်မှာမျိုးတွေ ပြုလုပ် လာရတာ ဖြစ်တယ်လို့လည်း သမ္မတ ထရမ့်က ဆိုပါတယ်။
ပိတ်ဆို့မှုတွေ ဘယ်လောက်ပဲ ထပ်ဆောင်း ချမှတ်တာမျိုး လုပ်လုပ်၊ လက်တွေ့ မှာ တကယ်တမ်း ထိရောက်တာမျိုး ဖြစ်ဖို့ကတော့ အင်မတန် ခက်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီး ရက်ဇ် တေလာဆင်ကတော့ ဝန်ခံ ပြောဆိုခဲ့ပြီး၊ သံတမန်နည်းနဲ့ ကိုင်တွယ်နိုင်ဖို့ ဆက်လက် မျှော်လင့်နေတယ်လို့လည်း ဆိုပါတယ်။
မြောက်ကိုရီးယားကို အကြမ်းအားပေး နိုင်ငံစာရင်းထဲ ပြန်ထည့်တဲ့ အကြောင်း၊ အိမ်ဖြူတော်က ကြေညာတဲ့ အခါမှာတော့ ထရမ့်က အခုလို ပြန်ထည့်တာမျိုး လုပ်သင့်ခဲ့တာ ကြာပြီ လို့တောင် ပြောခဲ့ပါတယ်။
အမေရိကန်ရဲ့ အဲဒီစာရင်းထဲ အီရန်၊ ဆူဒန်နဲ့ ဆီးရီးယား တို့ ရှိနှင့်နေပြီး ဖြစ်ပါတယ်။
မြောက်ကိုရီးယားကို အဲဒီ နိုင်ငံတွေ စာရင်းထဲ ပြန်သွင်းဖို့ ဆော်ဩမှုတွေလည်း အမေရိကန် နိုင်ငံထဲ ရှိနေခဲ့ပါတယ်။
အထူးသဖြင့့်် မြောက်ကိုရီးယားထဲ အဖမ်း ခံထားရတာကနေ ပြန်လွတ်လာတဲ့ အမေရိကန် နိုင်ငံသား အော့တို ဝမ်ဘီယာ သေဆုံး ခဲ့တဲ့နောက် အကြမ်းဖက်အားပေး နိုင်ငံစာရင်းထဲ မြောက်ကိုရီးယားကို ပြန်ထည့်ဖို့ တောင်းဆိုသံတွေ အတော်လေး ဆူညံ လာခဲ့ပါတယ်။
သမ္မတထရမ့်ရဲ့ ဆုံးဖြတ်ချက် ထွက်လာပြီးတဲ့နောက်မှာတော့ တောင်ကိုရီးယားနဲ့ဂျပန်တို့က ကြိုဆို ကြပေမယ့်၊ တရုတ် နိုင်ငံကတော့ အခြေအနေကို ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ဖို့နဲ့၊ ဆွေးနွေးရေး လမ်းကြောင်း ဖော်ဆောင်ဖို့ တိုက်တွန်းပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး တေလာဆင်ရဲ့ ပြောစကားတွေ အရ သံခင်းတမန်ခင်း နည်းတွေ ဆက်သုံးဖို့ မျှော်လင့်ချက် အပေါ် လက်မလျှော့ သေးတာ တွေ့ရသလို၊ မြောက်ကိုရီးယားနဲ့ နီးစပ်တဲ့ တရုတ် အစိုးရ ကိုယ်တိုင် ပြုံယမ်း အစိုးရ အပေါ် တင်းကြပ် လာတာမျိုး ပြုလုပ်လာအောင် အမေရိကန်က သံတမန်နည်းနဲ့ ဆောင်ရွက် နိုင်ခဲ့တဲ့ သာဓကတွေ ရှိထားတယ်လို့ ဝါရှင်တန်မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက် ဘာဘရာ ပလက်ထ် အပ်ရှာက ပြောပါတယ်။