ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အီရန် ရန်လိုမှု အဆုံးသတ်ရေး စာတမ်း အမေရိကန်ထုတ်
အီရန်နိုင်ငံရဲ့ ရန်လိုမှုတွေနဲ့ အကြမ်းဖက်ဝါဒ အားပေးမှုတွေကို အဆုံးသတ်ဖို့ အတွက် နည်းဗျူဟာ စာတမ်းတစောင်ကို အမေရိကန်အစိုးရက ထုတ်ပြန်ခဲ့ပြီး အီရန်ရဲ့ နျူလက်နက်ရဖို့ နည်းလမ်း မှန်သမျှကို တားဆီး သွားမယ်လို့ ဒီစာတမ်း ထဲမှာ ဖော်ပြ ထားပါတယ်။
အမေရိကန်သမ္မတ ထရမ့်ဟာ အီရန်က နျူးကလီးယား လျှော့ဖို့ နိုင်ငံတကာနဲ့ သဘောတူ စာချုပ်ကို ပုံမှန် လက်မှတ်ထိုးနေကျ အတိုင်း မထိုးခြင်းအားဖြင့် အတည်မပြုဘူးဆိုတဲ့ သဘောကို ဒီကနေ့ ထုတ်ဖော်နိုင်ပေမယ့် ဒါက အမေရိကန်ကို စာချုပ်က နုတ်ထွက်တဲ့ အထိတော့ ဖြစ်စေမှာ မဟုတ်ပါဘူး။
ဒီလိုလုပ်ရင် အမေရိကန် အတွက် အကျိုးမရှိနိုင်ကြောင်း အီရန် တဟီရန် တက္ကသိုလ်က မြောက်အမေရိ ကလေ့လာရေး ပါမောက္ခ မိုဟာမက် မာရန်ဒီက ပြောပါတယ်။
အမေရိကန်က အခုလို စာချုပ်အတည်ပြုရေး အတွက် ထိုးနေကျအတိုင်း လက်မှတ် မထိုးရင် တခြားနိုင်ငံတွေအတွက် သဘောတူစာချုပ်တွေမှာ အမေရိကန် လုပ်တာကို အတည်မယူတော့တာတွေ ဖြစ်လာနိုင်တယ်၊
အီရန်မှာလည်း ဒီစာချုပ်ကို မကြိုက်သူတွေ ရှိပေမယ့် သဘောတူ လိုက်နာခဲ့တဲ့အတွက် အမေရိကန်ကလည်း အတည်ပြု လိုက်နာဖို့ ပြန် မျှော်လင့်မှာပဲလို့ အီရန် ပါမောက္ခ မာရန်ဒီက ပြောခဲ့ပါတယ်။
အီရန်နဲ့ သဘောတူ စာချုပ်ကို လက်မှတ်ထိုးထားတဲ့ နိုင်ငံတွေ ဖြစ်တဲ့ တရုတ်၊ ရုရှားနဲ့ ယူကေတို့ကတော့ စာချုပ်မှာပါတဲ့အတိုင်း အားလုံးက လိုက်နာကြဖို့ အရေးကြီးကြောင်း တိုက်တွန်းခဲ့ကြပါတယ်။
အီရန်ပါလီမန် ဥက္ကဋ္ဌ ကတော့ အမေရိကန်ကသာ ဒီစာချုပ်ကထွက်ခဲ့ရင် ဒီစာချုပ် ပျက်ပြီဆိုပြီး သူ့ရဲ့ ရုရှားခရီးစဉ်မှာ ပြောဆိုထားပါတယ်။