အီရန်နဲ့ နျူသဘောတူချက် ရုပ်သိမ်းဖို့ရှိ

အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က အီရန်နဲ့ နျူကလီယာဆိုင်ရာ သဘောတူညီချက်ကို မကြာခင် ရုပ်သိမ်းဖို့ အစီအစဉ် ရှိတယ်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြ နေကြပါတယ်။

သမ္မတ ထရမ့် ရုပ်သိမ်း မသိမ်း ဆုံးဖြတ်ဖို့ အောက်တိုဘာလ ၁၅ ရက် အထိ အချိန်ရပါတယ်။

သမ္မတ ရုပ်သိမ်းရင် အီရန်အပေါ် စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုတွေ လုပ်မလုပ် အမေရိကန် ကွန်ဂရက်က ဆုံးဖြတ်ရမှာဖြစ်ပါတယ်။

အမေရိကန် သမ္မတဖြစ်လာသူ အနေနဲ့ အဲဒီ နျူကလီယာ သဘောတူညီချက်ကို ရက်ပေါင်း ၉ဝ မှာ တစ်ကြိမ် အတည်ပြု လက်မှတ်ထိုးရပါတယ်။

သမ္မတ ထရမ့်က အခုဆို နှစ်ကြိမ် ပြုလုပ်ခဲ့ပြီးသားပါ။ ဒီတကြိမ် လက်မှတ်မထိုးရင် ကွန်ဂရက် အနေနဲ့ ရက် ၆ဝ အတွင်း ဆုံးဖြတ်ချက် ချရမှာဖြစ်ပါတယ်။

မနှစ်က သူ့ရဲ့ မဲဆွယ်စီမံကိန်းမှာ အီရန်နဲ့ နျူကလီယာ သဘောတူညီချက်ကို ရုပ်သိမ်းမယ် ဆိုတဲ့ ကိစ္စက အဓိက ကျတဲ့ နေရာက ပါဝင်ခဲ့ပါတယ်။

ကြာသပတေးနေ့က အိမ်ဖြူတော်မှာ စစ်တပ် ထိပ်တန်း အရာရှိတွေနဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ခဲ့ပြီးနောက် သတင်းသမားတွေက မေးရာမှာ သမ္မတ ထရမ့်က မုန်တိုင်းမထန်ခင်မှာ ငြိမ်သက်နေတဲ့ သဘောလို့ ပြောခဲ့ပေမယ့် အသေးစိတ် ပြောဖို့ ငြင်းဆန်ခဲ့ပါတယ်။

သူ့ရဲ့ မှတ်ချက်ဟာ မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ ပိုကြီးထွားလာနိုင်တာကို ပြောတာလားလို့ ခန့်မှန်း ပြောဆိုခဲ့ကြတာတွေ ရှိခဲ့ပေမယ့် သူနဲ့ နျူကလီယာကိစ္စ ပြောဆို ခဲ့ကြသူတွေကတော့ အီရန်ကို ရည်ညွှန်း တာလို့ ယူ ဆနေကြကြောင်း နယူးယောက်တိုင်း သတင်းက ဆိုပါတယ်။

အိမ်ဖြူတော် အစည်းအဝေး ခန်းမထဲမှာ သမ္မတ ထရမ့်က အီရန်အစိုးရဟာ အကြမ်းဖက်မှုကို အားပေးတယ်၊ အရှေ့အလယ်ပိုင်း ဒေသ တခွင်ကို အကြမ်းဖက်မှုတွေ ဖရိုဖရဲ အခြေအနေတွေ ဖြစ်အောင် ပို့ဆောင် ပေးနေတယ် လို့ ပြောခဲ့ပါတယ်။

ဒါကြောင့် အီရန်ရဲ့ ရန်လိုမှုနဲ့ နျူကလီယာ ရည်မှန်းချက်တွေ အဆုံးသတ် သွားအောင် လုပ်ရမယ်လို့ သူက ပြောပြီး မကြာခင်မှာ အီရန်နဲ့ ပတ်သက်လို့ နောက်ထပ် ပြောစရာတွေ ရှိသေးတယ် လို့လည်း မစ္စတာ ထရမ့်က ပြောပါတယ်။

အီရန် ဒုသမ္မတနဲ့ နျူကလီယာဆိုင်ရာ အကြီးအကဲ Ali Akbar Salehi က အီရန် နျူကလီယာ သဘောတူညီချက်ဟာ စေ့စပ် ညှိနှိုင်းနိုင်တဲ့ အရာမဟုတ်ဘူးလို့ ပြောဆိုကြောင်း အီရန် ရုပ်မြင်သံကြားမှာ ဖော်ပြပါတယ်။

အီရန်နိုင်ငံနဲ့ လက်မှတ်ရေးထိုး သဘောတူညီမှု ရခဲ့ကြတဲ့ ပြင်သစ်၊ ဂျာမနီ၊ တရုတ်၊ ရုရှားနဲ့ ယူကေတို့ အပါအဝင် ကျန် ငါးနိုင်ငံက ဆက်လက် ထောက်ခံ နေရင်တော့ မပျက်ပြယ်အောင် ကယ်တင်နိုင်မယ့် သဘောရှိတယ် လို့ သုံးသပ်တာတွေ ရှိနေပါတယ်။

ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေရီ လက်ဗ်ရော့ဗ်ကတော့ အမေရိကန် အနေနဲ့ မျှတတဲ့ ဆုံးဖြတ်ချက်မျိုး ချနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

အီရန်နဲ့ သဘောတူ ထားခဲ့မှု အချည်းနှီး ဖြစ်မသွားစေဖို့ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေနဲ့ ရော တခြားကမ္ဘာ့ နိုင်ငံတွေနဲ့ပါ ဆက်သွယ် ဆွေးနွေး တာတွေ ရှိနေလိမ့်မယ်လို့ မျှော်လင့်တယ်၊ လက်ရှိကာလမှာ ဖြစ်နေတဲ့ အခြေအနေ တွေကို အခြေခံပြီး အမေရိကန် သမ္မတက နောက်ဆုံး ဆုံးဖြတ်ချက်ကို မျှမျှတတ ချလိမ့်မယ်လို့ မျှော်လင့်ကြောင်း မစ္စတာ လက်ဗ်ရော့ဗ်က ပြောပါတယ်။

ဘီဘီစီ သံတမန်ရေးရာ သတင်းထောက် ဂျွန်နသန် မားကပ်စ် ကတော့ သမ္မတ ထရမ့်ဟာ အီရန်နဲ့ နျူကလီယာ သဘောတူညီချက်နဲ့ ပတ်သက်လို့ စနက်တံကို မီးရှို့မယ့် သဘော ရှိနေတယ်လို့ ပြောပါတယ်။

အမေရိကန် အကျိုးစီးပွား မဟုတ်တော့ဘူးလို့ သူ သတ်မှတ်ယူဆတဲ့ အီရန်နဲ့ သဘောတူညီချက် ကိစ္စကို ကွန်ဂရက်ကပဲ ဆုံးဖြတ်ဖို့ သမ္မတ ထရမ့်က လွှဲပေးတော့မှာ ဖြစ်တယ်လို့လည်း သူက သုံးသပ် ပါတယ်။

ကွန်ဂရက် လွှတ်တော် အမတ်တွေက အီရန်ကို စီးပွားရေး ပိတ်ဆို့မှု တချို့ ဒါမှ မဟုတ် အလုံးစုံ ပိတ်ဆို့မှုတွေ လုပ်ဖို့ ဆုံးဖြတ်ရင် လက်ရှိ သဘောတူညီချက် ပျက်ပြယ်သွားမှာ ဖြစ်ပြီး အမေရိကန်အနေနဲ့ လည်း ဒီသဘောတူညီချက် ကို လိုက်နာစရာလိုတော့မှာ မဟုတ်ပါဘူး။

ဒါဆိုရင် သံရေးတမန်ရေး တင်းမာမှုတွေ တိုးပွားလာပြီး ပိတ်ဆို့အရေးယူမှု အသစ်တွေ အပေါ် အငြင်းပွားမှုတွေ ဖြစ်လာနိုင်သလို အီရန်ဘက်ကလည်း သူ့အပေါ် တားမြစ်ထားတဲ့ နျူကလီယာ လုပ်ငန်းတွေ ပြန်လည် စတင် လာနိုင်ဖွယ် ရှိနေပါတယ်။