ရုရှားပါဝင်ပတ်သက်မှုကိစ္စ ထရမ့် ထပ်ရင်ဆိုင်နေရ

အမေရိကန် သမ္မတထရမ့်ရဲ့ သားအကြီးဆုံး ဒေါ်နယ်ထရမ့်ဂျူနီယာက ရုရှားအစိုးရနဲ့ နီးစပ်တဲ့ ရှေ့နေနဲ့ တွေ့ဆုံမှုအပေါ် သမ္မတထရမ့်ဟာ ရုရှားနဲ့ပတ်သက်ပြီး နောက်ထပ် စောင့်ကြည့်စစ်ဆေးခံရဖွယ် ရှိပါတယ်။

အမေရိကန်သမ္မတရွေးကောက်ပွဲ မဲဆွယ်စဉ်ကာလကလည်း ဒေါ်နယ်ထရမ့်နဲ့ပတ်သက်ပြီး ရုရှားရဲ့ ပါဝင်ပတ်သက်မှုတွေ ရှိတယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။

အဲဒီအချိန်တုန်းက သမ္မတထရမ့်ရဲ့ ဥပဒေရေးရာအဖွဲ့ကတော့ မစ္စတာထရမ့်အနေနဲ့ ဒီတွေ့ဆုံမှုအကြောင်းကို သိရှိမထားဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။

ရုရှားရှေ့နေ နာတာလီယာ ဗက်ဆယ်လ်နစ္စကာယာက ဒေါ်နယ်ထရမ့်ရဲ့ ပြိုင်ဘက်သမ္မတလောင်း ဟီလာရီကလင်တန်ကို ထိခိုက်စေတဲ့ အချက်အလက်တွေကို ပေးဖို့ ဒေါ်နယ်ထရမ့်ဂျူနီယာကို ကတိပေးခဲ့တယ်လို့ နယူးယောက်တိုင်းမ် သတင်းစာက ဖော်ပြပါတယ်။ သူတို့နှစ်ဦးဟာ ထရမ့်တာဝါမှာ ၂၀၁၆ ဇွန်လ ၉ ရက်က တွေ့ခဲ့တာ ဖြစ်ပြီး ဒေါ်နယ်ထရမ့်ဟာ ရီပတ်ဘလင်ကန် သမ္မတလောင်းအဖြစ် ရွေးချယ်ခံရပြီး ၂ ပတ်အကြာမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ရှေ့နေဘက်က 'အဓိပ္ပာယ်ရှိတဲ့ အချက်အလက်တွေ ပေးတာ မရှိဘူး' လို့ ဒေါ်နယ်ထရမ့် ဂျူနီယာက ပြောပါတယ်။