ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ထရမ့်တာဝါကို ထောက်လှမ်းတဲ့ အထောက်အထား မတွေ့
အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်ပိုင်တဲ့ ထရမ့်တာဝါ အဆောက်အဦမှာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ မတိုင်ခင်ကရော ရွေးကောက်ပွဲ အပြီးမှာပါ အမေရိကန် အစိုးရက ဝင်ပြီး စုံစမ်း ထောက်လှမ်းတဲ့ အထောက်အထား မတွေ့ရကြောင်း ဆီးနိတ် လွှတ်တော် ထောက်လှမ်းရေး ကော်မတီ က ပြောကြား လိုက်ပါတယ်။
သမ္မတဟောင်း အိုဘားမား က ထရမ့်တာဝါက ဖုန်းတွေကို ကြားဖြတ် နားထောင်ဖို့ အမိန့်ပေးခဲ့တယ် ဆိုတဲ့ ဒေါ်နယ် ထရမ့်ရဲ့ စွပ်စွဲ ပြောဆိုမှုတွေကို မယုံကြည်ကြောင်းလည်း အမေရိကန် လွှတ်တော် ထောက်လှမ်းရေး ကော်မတီ ဥက္ကဋ္ဌတွေ က ဆိုပါတယ်။
ထောက်လှမ်းရေး အချက်အလက် တွေ အားလုံးကို ဒီကော်မတီက မရရှိဘူးလို့ပဲ မစ္စတာ ထရမ့်ရဲ့ ပြန်ကြားရေး အရာရှိ Sean Spicer က ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂ဝ၁၆ ရွေးကောက်ပွဲ တလျှောက်လုံး လူပေါင်းစုံကို ထောက်လှမ်း စုံစမ်းတာတွေ ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်လို့ မစ္စတာ Spicer က ဆိုပါတယ်။ ဘယ်လို အချက်အလက်တွေ ထိန်ချန်ထားတယ် ဆိုတာတော့ သူက သေချာ မပြောပါဘူး။
ဒေါ်နယ် ထရမ့် ကို ရွေးကောက်ပွဲတုန်းက ဗြိတိသျှ ထောက်လှမ်းရေးက ဖုန်းခိုးဖမ်းတာတွေ လုပ်ခဲ့တယ် စွပ်စွဲချက်နဲ့ ပတ်သက်ပြီး လည်း လုံးဝ အဓိပ္ပာယ် မရှိဘူးလို့ ဗြိတိန်ဘက်က ငြင်းဆိုခဲ့ပါတယ်။