ဆာစောမောင်ကနေ ဆာဘဦး၊ ဗြိတိသျှမြန်မာပြည်က ဆာဘွဲ့ရသူများ

    • ရေးသားသူ, ဘိုဘို
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း

ဗြိတိသျှခေတ် မြန်မာနိုင်ငံမှာ ဗြိတိသျှမဟုတ်သူတွေထဲက ဆာခေါ် သူကောင်းပြုဘွဲ့ရသူ ၁၅ ယောက် ရှိခဲ့ပါတယ်။ ၁၉ဝ၈ ကနေ ၁၉၄၆ အတွင်း ဒီလို သူကောင်းပြုခံရသူတွေဟာ ဗြိတိသျှနဲ့ နီးစပ်တဲ့ လူမျိုးစုခေါင်းဆောင်တွေ၊ ဝန်ကြီးချုပ်နဲ့ တရားဝန်ကြီးတွေ၊ သူဌေးသူကြွယ်တွေ ဖြစ်နေတာကို တွေ့ရပါတယ်။ လူမျိုးအရ စာရင်းကောက်ရင်လည်း မြန်မာ ခုနစ်ယောက်၊ ရှမ်း နှစ်ယောက်၊ ရခိုင် နှစ်ယောက်၊ မွန်မြန်မာ၊ ကရင်၊ တရုတ်နဲ့ အိန္ဒိယ နွယ်ဖွားက တယောက်စီ ဖြစ်ကြပါတယ်။ ဒီပုဂ္ဂိုလ်ကြီးတွေဟာ သူ့ခေတ်နဲ့သူ ထင်ရှားသြဇာညောင်းခဲ့ကြပေမဲ့ လွတ်လပ်ရေးရပြီးနောက်ပိုင်း မှာတော့ ဗြိတိသျှအလိုတော်ရိတွေအဖြစ် သတ်မှတ်ခံရပြီး သမိုင်းမှာ နောက်တန်းပို့ခံရသူတွေလည်း ဖြစ်ကြပါတယ်။ ဒီထဲက တယောက်ဆိုရင် သမ္မတ ဖြစ်ဖို့အတွက် ဆာဘွဲ့ကိုတောင် စွန့်ပယ်ခဲ့ရပါတယ်။

အိန္ဒိယသူကောင်းပြုခံများ

မြန်မာနိုင်ငံကို အိန္ဒိယနဲ့ ၁၉၃၇ ထိ တွဲထားခဲ့ပေမယ့် မြန်မာပြည်က ဆာဘွဲ့ရသူ အရေအတွက်ဟာ အိန္ဒိယ ပြည်နယ်ကြီးတွေနဲ့ ယှဉ်ရင် အင်မတန် နည်းပါးသလို အိန္ဒိယမှာလို ဗြိတိသျှမှူးမတ်မျိုးနွယ်အဆင့်ထိ ရခဲ့သူလည်း မြန်မာမှာ မရှိပါဘူး။ မြန်မာပြည်အထက်ပိုင်းကို ဗြိတိသျှသိမ်းခါနီး ၁၈၈၅ မှာ ရန်ကုန်မှာ မြန်မာအရာရှိ တွေနဲ့ သူဌေးသူကြွယ်တွေကို ဗြိတိသျှအစိုးရက ဘွဲ့ထူးဂုဏ်ထူး ချီးမြှင့်တာတွေ စခဲ့ကြောင်း မကြန်က ကေအက်စ်အမ်၊ အေတီအမ်ဘွဲ့များအကြောင်းသိကောင်းစရာ ဆောင်းပါးမှာ ဖော်ပြပါတယ်။ ပထမဆုံး အင်္ဂလိပ်ပေးတဲ့ စီအိုင်အီး(Companion of the Indian Empire ) ဘွဲ့ရသူတွေကတော့ ပဲခူးဝန်ထောက်ဟောင်း ဦးအုန်းနဲ့ ရာဇဝတ်ဝန်ထောက်ကလေး မောင်ရွှေကြည်တို့ ဖြစ်ကြပါတယ်။ ကျက်သရေဆောင် ရွှေစလွယ်ရမင်းနဲ့ အမှုထမ်းကောင်းတံဆိပ်ရမင်း၊ သူရဲကောင်း ငွေဓားရမင်း စတဲ့ မြန်မာနာမည်ကို အင်္ဂလိပ်လို အတိုကောက် မှည့်ထားတဲ့ ဘွဲ့တံဆိပ် တွေကို အဲဒီအချိန်က တီထွင်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံအထက်ပိုင်းကို သိမ်းပြီးနောက်မှာလည်း ကင်းဝန်မင်းကြီးနဲ့ ရွှေမြို့တော်ဝန် ဦးပေစိတို့လို ဗြိတိသျှနဲ့ ပူးပေါင်းကူညီသူ မြန်မာမှူးမတ်ဟောင်းတချို့ကို စီအက်စ်အိုင်(Companion Star of India) နဲ့ စီအိုင်အီးဘွဲ့တွေပေးပြီး မြှောက်စားပါတယ်။ ဆာဘွဲ့အဆင့်ထိ ချီးမြှင့်ခဲ့တာ ကတော့ မင်းတုန်းမင်းရဲ့ မွေးစားသားလို နေခဲ့တဲ့ ညောင်ရွှေ စော်ဘွားကြီး စောမောင်က အစဖြစ်ပါတယ်။ တကယ်က ၁၉၃၇ ထိ မြန်မာပြည်မှာ ပေးခဲ့တဲ့ ဆာဘွဲ့ တွေဟာ ကေစီအိုင်အီးခေါ် အိန္ဒိယအင်ပါယာရဲ့ သူကောင်းပြုခံ တပ်မှူးဘွဲ့တွေ ဖြစ်ပြီး ဗြိတိသျှအင်ပါယာဘွဲ့ မဟုတ်ပါဘူး။ နောက် ဂျီစီအိုင်အီး ခေါ် ဗြိတိသျှမှူးမတ်နဲ့ အိန္ဒိယဘုရင်ခံချုပ်တွေ၊ မဟာ ရာဇာတွေ၊ ဘူတန် ဘုရင်နဲ့ အာဂါခန်လို ဘာသာရေးခေါင်းဆောင်ကြီးတွေကိုမှ ပေးတဲ့ အဆင့်မြင့် တပ်မှူးကြီးဘွဲ့ကိုလည်း မြန်မာပြည်က မရခဲ့ပါဘူး။

ဆာဘွဲ့ရ မြန်မာပြည်သားများ

ညောင်ရွှေစော်ဘွား စောမောင် (၁၉ဝ၈)

ဆီစက် ဝါစက်သူဌေး အေကေဂျမား (၁၉၂ဝ)

ပြည်ထဲရေး ၀န်ကြီးချုပ် မောင်ခင် ( ၁၉၂၄ )

ပြည်ထဲရေး ဝန်ကြီးချုပ် ဂျေအေမောင်ကြီး (၁၉၂၇ )

ဆန်စက်သူဌေး ဦးဘိုးသာ (၁၉၂၇)

သီပေါစော်ဘွား စောချယ် ( ၁၉၂၈)

သစ်တောရေး ဝန်ကြီးချုပ် လီအယိန် ( ၁၉၂၉ )

ကရင်ခေါင်းဆောင်ကြီး ဒေါက်တာစံစီပိုး ( ၁၉၃၃ )

ပြည်ထဲရေးဝန်ကြီးချုပ် မောင်ဘ ( ၁၉၃၄ )

ဟိုက်ကုတ်တရားဝန်ကြီး ဦးမြဘူး (၁၉၃၇ )

ပြည်ထဲရေးနဲ့ တရားရေး ဝန်ကြီးချုပ် ဦးပေါ်ထွန်း ( ၁၉၃၈ )

ဆန်စက်သူဌေး ဦးသွင် ( ၁၉၄၁)

ကာကွယ်ရေးဌာန အပိုအတိုင်ပင်ခံ အမ်အေဦးမောင်ကြီး (၁၉၄၂ )

ဘုရင်ခံ အကြံပေး ဦးထွန်းအောင်ကျော် ( ၁၉၄၃ ) နဲ့

ဟိုက်ကုတ်တရားဝန်ကြီး ဦးဘဦး (၁၉၄၆ ) တို့ ဖြစ်ပါတယ်။

ကျန်တဲ့ ဗြိတိသျှခေတ် မြန်မာပြည်က ဆာဘွဲ့ရသူတွေကတော့ ဗြိတိသျှနွယ်ဖွား အရာရှိ ကြီးတွေ၊ ဝတ်လုံတော်ရ ရှေ့နေကြီးတွေ ဖြစ်ကြပါတယ်။ ဒီထဲမှာ မြန်မာဇနီးသည်တွေ ယူထားကြတဲ့ ဥပဒေပြုလွှတ်တော်ဥက္ကဋ္ဌ ဆာအော်စကာ ဒီဂလန်ဗီး နဲ့ တရား ဝန်ကြီးချုပ် ဆာဝီလျံကားတို့ ပါပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Print Collector

ဓာတ်ပုံ ပုံစာ, ဒေလီရောက် ဆာစောမောင်

လူမျိုးစု ခေါင်းဆောင်များ

ဗြိတိသျှအောက် ရောက်ပြီးနောက် မြန်မာနိုင်ငံကို ထိန်းချုပ်ရလွယ်အောင် တောင်တန်းနဲ့ ပြည်မ ခွဲခြားအုပ်ချုပ်သလို လူနည်းစု ခေါင်းဆောင်တွေကို အခွင့်အရေးနဲ့ စည်းရုံးတာတွေ လုပ်ခဲ့ပါတယ်။ နိုင်ငံအရှေ့ပိုင်းက အင်အားကြီးတဲ့ ရှမ်းနယ်တွေမှာ ရိုးရာစော်ဘွားစနစ်ကို မဖျက်ဘဲ ဆက်ထားပြီး စော်ဘွားကြီးတွေကို ရောက်ရာအရပ်မှာ အမြောက်ပစ်ဖောက် ကြိုဆိုခံခွင့်လို ဂုဏ်ထူးတွေ ပေးပြီး သူကောင်းပြုခဲ့ပါတယ်။ ဒီထဲမှာ ညောင်ရွှေ၊ သီပေါ၊ ကျိုင်းတုံ၊ မြောက်သိန္နီနဲ့ တောင်ပိုင်လို ချမ်းသာတန်ခိုးထွားတဲ့ စော်ဘွားကြီးတွေ ပါပါတယ်။ နိုင်ငံတောင်ပိုင်းနဲ့ အနောက်ပိုင်းမှာတော့ ဗြိတိသျှအောက်မှာ စောစောဝင်အမှုထမ်းကြတဲ့ ရခိုင်နဲ့ ကရင် အရာရှိတွေကို ဘွဲ့ထူးဂုဏ်ထူးနဲ့ အခွင့်အာဏာတွေ အများအပြား ပေးပါတယ်။ ဒါကြောင့် မြန်မာပြည်က အစောဆုံး ဆာဘွဲ့ရသူဟာ မြန်မာမဟုတ်ဘဲ ညောင်ရွှေစော်ဘွားကြီး စောမောင် ဖြစ်ခဲ့ပြီး သူ့ရဲ့ စွမ်းဆောင်မှုက ရှမ်းပြည်တောင်ပိုင်းကို ဗြိတိသျှ အုပ်ချုပ်ရေး အခြေချရာမှာ အရေးပါခဲ့ပါတယ်။ ဆာစောမောင်ဟာ ညောင်ရွှေနယ်ကို နှစ် ၅ဝ နီးပါး နှစ်ကြိမ်ခွဲအုပ်ချုပ်ခဲ့ပြီး နတ်ရွာစံချိန်မှာ တူတော်သူ စဝ်ရွှေသိုက်က ဆက်ခံပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Keystone-France

ဓာတ်ပုံ ပုံစာ, လေဒီချယ်နဲ့ ဆာစောချယ်

ရှမ်းမြောက်မှာ ချမ်းသာပြီး တန်ခိုးထွားတဲ့ နယ်တနယ်က သီပေါဖြစ်ပါတယ်။ မန္တလေးနန်းတွင်း လွှတ်တော်ထဲက သီဟာသနပလ္လင်ကို အိန္ဒိယ သယ်ဆောင်ရာမှာ ဘုရင်ဟောင်းရဲ့ ယောက်ဖတော်အဖြစ် လွှဲအပ်ပေးခဲ့ရတဲ့ သီပေါစော်ဘွား စောခွန်ဆိုင်ရဲ့သား စောချယ်ဟာ ဗြိတိန်မှာ ပညာသင်ခဲ့ပြီး ရှမ်းပြည်ရဲ့ ဒုတိယမြောက် ဆာဘွဲ့ရသူ ဖြစ်ခဲ့ပါတယ်။ ညောင်ရွှေနဲ့ သီပေါ စော်ဘွားနှစ်နယ်လုံးဟာ မြန်မာထီးနန်းနဲ့ ယဉ်ပါးပြီး မြန်မာနန်းတွင်း ယဉ်ကျေးမှုကို ထိန်းတဲ့ နယ်တွေအဖြစ် ထင်ရှားသလို ရှမ်းအမျိုးသားရေးလှုပ်ရှားမှုတွေဟာလည်း သီပေါနဲ့ ညောင်ရွှေနယ်တွေက ပညာတတ်လူငယ်တွေ အစပျိုးခဲ့တာ ဖြစ်ပါတယ်။ ဆာချယ်ရဲ့ သားတော် စောအုံကြာ ကိုယ်တိုင် အောက်စဖို့ဒ်တက္ကသိုလ်ဘွဲ့ရဖြစ်သလို တူဖြစ်သူ စောကြာဆိုင်က အမေရိကန်မှာ ပညာသင်ခဲ့ပါတယ်။

မြန်မာပြည်တောင်ပိုင်းမှာ အင်အားကြီးတဲ့ ကရင်မျိုးနွယ်စုတွေရဲ့ ခေါင်းဆောင် အမေရိကန်ပြန် ဒေါက်တာစံစီပိုးကိုလည်း ဗြိတိသျှအစိုးရက ဆာဘွဲ့နဲ့ သူကောင်းပြုခဲ့ပါတယ်။ ကရင်ခရစ်ယာန်မျိုးနွယ်တွေရဲ့ အားနဲ့ ဗျူရိုကရေစီယန္တရားကို လည်ပတ်ခဲ့တဲ့ ဗြိတိသျှတွေရဲ့ အုပ်ချုပ်ရေးနဲ့ စစ်ရေးမှာ ကရင် အရာရှိကြီးတွေနဲ့ ခေါင်းဆောင်တွေရဲ့ ထောက်ခံမှုအားက ကြီးမားခဲ့ပါတယ်။ ဒါကြောင့် ဆာစံစီပိုးကနေ စောဘဦးကြီး အစရှိတဲ့ ကရင်ခေါင်းဆောင်တွေရဲ့ ကရင်သီးခြားနိုင်ငံအိပ်မက်ဟာ လွတ်လပ်ရေးရပြီး အနှစ် ၇ဝ ကျော်ထိ ရှင်သန်နေဆဲ ဖြစ်ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Thant Myint-U

ဓာတ်ပုံ ပုံစာ, ဆာဂျေအေ၊ ဆာမောင်ကြီးနဲ့ ဆာမောင်ခင်တို့ အစိုးရ

ဝန်ကြီးချုပ်များ

၁၉၂၃ မှာ မြန်မာပြည်ကို ဒိုင်အာခီခေါ် ပူးတွဲအုပ်ချုပ်ရေး ပေးပြီးနောက် ဘုရင်ခံရဲ့ အုပ်ချုပ်ရေးကောင်စီရာထူးတွေမှာ မြန်မာတွေကို စတင်ခန့်အပ် ခဲ့ပါတယ်။ ဝန်ကြီးချုပ်လို့ ခေါ်တဲ့ ဒီဝန်ကြီးရာထူးတွေမှာ စတင်ခန့်ထားခံရသူတွေကတော့ ဝတ်လုံတော်ရ ရှေ့နေကြီးတွေနဲ့ ဟိုက်ကုတ်တရားလွှတ်တော်ရဲ့ တရားဝန်ကြီးတွေ ဖြစ်ကြပါတယ်။ ဒီထဲက မောင်ခင်နဲ့ ဂျိုးဆက်သြဂတ်စတပ်မောင်ကြီးတို့ဟာ ရန်ကုန်နဲ့ မော်လမြိုင်မြို့က မွန်မြန်မာ မျက်နှာဖုံး မိသားစု ကြီးတွေက ဆင်းသက် ဆက်နွှယ်သူတွေ ဖြစ်ကြပါတယ်။ နောက်ပြီး ဂျေအေမောင်ကြီးရဲ့ ရွှေတောင်ကြားခေါ် အင်ဒီပင်းဒင့်ပါတီဟာ ဥပဒေပြု ကောင်စီရဲ့ အမတ်နေရာအများစုကို ယူထားပြီး ဗြိတိသျှလိုလားတဲ့ တရုတ်မြန်မာလုပ်ငန်းရှင်တွေရဲ့ ပါတီ ဖြစ်ပါတယ်။ ဒါကြောင့် ပထမဆုံး မြန်မာ တရားဝန်ကြီးနဲ့ ပြည်ထဲရေး ဝန်ကြီးချုပ် ဖြစ်တဲ့ မောင်ခင်၊ သစ်တောရေးဝန်ကြီးချုပ် ဂျေအေမောင်ကြီးတို့ကို ဗြိတိသျှအာဏာပိုင်တွေက ဆာဘွဲ့နှင်း ခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Wikipaedia

ဓာတ်ပုံ ပုံစာ, အိန္ဒိယရောက် လေဒီကြီး၊ ဆာမောင်ကြီးနဲ့ ဒေါ်ခင်ကြည်

သူတို့နောက်မှာတော့ ရွှေတောင်ကြားပါတီက တရုတ်ဝတ်လုံတော်ရနဲ့ သစ်တောရေးဝန်ကြီးချုပ် လီအယိန်၊ တရားဝန်ကြီးကနေ ပြည်ထဲရေးဝန်ကြီးချုပ် ဖြစ်ခဲ့တဲ့ မောင်ဘတို့ကို ဆာဘွဲ့ပေးပါတယ်။ အဲဒီနောက် ၁၉၃၇ မှာ မြန်မာပြည်ကို အိန္ဒိယက ခွဲပြီး သီးခြားအုပ်ချုပ်ရေးပေးတဲ့ခေတ်မှာ နန်းရင်းဝန်ထိ ဖြစ်ခဲ့တဲ့ ရခိုင်ပြည်သား ပြည်ထဲရေးနဲ့ တရားရေး ဝန်ကြီးချုပ် ဦးပေါ်ထွန်း ဆာဘွဲ့ရပါတယ်။ မြန်မာပြည်ကို ဒုတိယကမ္ဘာစစ်မီးချဉ်းကပ်လာပြီးနောက် မြန်မာလူမျိုး အထက်လွှတ်တော်ဥက္ကဋ္ဌ အမ်အေဦးမောင်ကြီးကို ကာကွယ်ရေးဌာနရဲ့ အပိုအတိုင်ပင်ခံ ခန့်အပ်ခဲ့ပြီး ဆာဘွဲ့ အပ်နှင်းခဲ့ပါတယ်။ ၁၉၂၃ ဒိုင်အာခီခေတ်မှာ ပထမဆုံး ပညာရေး၊ ကျန်းမာရေးနဲ့ ပြည်သူ့လုပ်ငန်းဌာန ဝန်ကြီးချုပ် ဖြစ်ခဲ့တဲ့၊ အမျိုးသားကျောင်းတွေကို အစိုးရအထောက်အပံ့ပေးဖို့ ကူညီခဲ့တဲ့ ဦးမောင်ကြီးဟာ ၂၁ ဦးခေါ် နေရှင်နယ်လစ် ပြည်သူ ပြည်သားပါတီရဲ့ ခေါင်းဆောင်တယောက်ဖြစ်ခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်းမှာတော့ အိန္ဒိယပြည် ဆင်းမလားကို ဆုတ်ခွာသွားတဲ့ ဘုရင်ခံရဲ့ စစ်ပြေးအစိုးရမှာ ဆာပေါ်ထွန်းနဲ့အတူ အတိုင်ပင်ခံအဖြစ် ဆောင်ရွက်ခဲ့တဲ့ ရခိုင်နွယ်ဖွား ဘဏ္ဍာရေး ဝန်ကြီးချုပ်ဟောင်း ဦးထွန်းအောင်ကျော်လည်း ဆာဘွဲ့ရခဲ့ပါတယ်။ ဆာပေါ်ထွန်းနဲ့ ဆာထွန်းအောင်ကျော် တို့ဟာ စစ်ပြီးခေတ် ဘုရင်ခံ ဆာဒေါ်မန်စမစ်ရဲ့ တကျော့ပြန်အစိုးရမှာ ပါဝင်ခဲ့ကြပါတယ်။

ဒီသူကောင်းပြုဝန်ကြီးချုပ် ခုနစ်ယောက်မှာ ဆာမောင်ဘကလွဲပြီး ကျန်သူတွေ ဗြိတိန်မှာ ပညာသင်ခဲ့ပြီး ဝတ်လုံတော်ရ ရှေ့နေလက်မှတ်တွေ ရခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Keystone-France

ဓာတ်ပုံ ပုံစာ, ယူဂိုဆလားဗီးယားသမ္မတ မာရှယ်တီးတိုးနဲ့ ဒေါက်တာဘဦး

တရားဝန်ကြီးများ

ကိုလိုနီခေတ် ဟိုက်ကုတ်တရားလွှတ်တော်မှာ တရားဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့တဲ့ မြန်မာတွေထဲက ဆာဘွဲ့ရသူတွေက ဆာမြဘူးနဲ့ ဆာဘဦးတို့ ဖြစ်ကြ ပါတယ်။ ဂျပန်ခေတ် တရားလွှတ်တော်ချုပ်မှာလည်း တရားဝန်ကြီးချုပ်နဲ့ တရားဝန်ကြီးအဖြစ် သူတို့ထမ်းရွက်ခဲ့ပါတယ်။ ဗြိတိသျှ ပြန်ဝင်လာချိန်မှာ ဂျပန်ခေတ်က တက်နေဝန်းတံဆိပ်ကို ယူခဲ့လို့ ဆာမြဘူးကို တရားဝန်ကြီးအဖြစ် ဆက်မခန့်ဘူးလို့ ဒေါက်တာဘဦးရဲ့ ကျွန်ုပ်၏မြန်မာနိုင်ငံ စာအုပ်မှာ ဖော်ပြပါတယ်။ သူ့ကိုတော့ လွတ်လပ်ရေးမပေးခင်မှာ နောက်ဆုံးမြန်မာအနေနဲ့ ဆာဘွဲ့နှင်းခဲ့ပါတယ်။

လွတ်လပ်ရေးရပြီး နောက် ဆာဘဦးကို ပထမဆုံး ပြည်ထောင်စုတရားဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ ၁၉၅၂ မှာ သူ့ကို သမ္မတ တင်မြှောက်ချိန် မှာတော့ ဆာဘွဲ့ကို စွန့်လွှတ်ပါတယ်။ ဆာမြဘူးနဲ့ ဆာဘဦးနှစ်ယောက်လုံးကို ရန်ကုန်တက္ကသိုလ်က ဂုဏ်ထူးဆောင်ဥပဒေပါရဂူဘွဲ့ အပ်နှင်းခဲ့ပါတယ်။ ဆာမြဘူးဟာ စာပေ ဗိမာန် အတိုင်ပင်ခံ အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဖြစ်ခဲ့ပြီး ၁၉၆ဝ မှာ သမ္မတဟောင်း ဒေါက်တာဘဦးကို ဝန်ကြီးချုပ် ဦးနုက တခြားတရားဝန်ကြီး ဟောင်းနဲ့ ဝန်ကြီးဟောင်းတွေပါတဲ့ အစိုးရ အကြံပေးအဖွဲ့ ဥက္ကဋ္ဌ ခန့်ခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Universal History Archive

ဓာတ်ပုံ ပုံစာ, ရွှေတိဂုံဘဏ္ဍာတော်ထိန်း ဆာဦးသွင်နဲ့ အဖွဲ့ မောင့်ဘက်တန်မောင်နှံကို ဧည့်ခံ

သူဌေးသူကြွယ်များ

မြန်မာနိုင်ငံမှာ ဗြိတိသျှခေတ် ပေါ်ထွန်းလာတဲ့ အရင်းရှင်စီးပွားရေးစနစ်အောက်မှာ အောင်မြင်ကြီးပွားလာကြတဲ့ လုပ်ငန်းရှင်ကြီးတွေကို ဗြိတိသျှ အာဏာပိုင်တွေရဲ့ ဘွဲ့တံဆိပ်တွေနဲ့ အသိအမှတ်ပြုချီးမြှင့်ခဲ့သလို သူတို့လှူဒါန်းတဲ့ စစ်အောင်နိုင်ရေး၊ လူမှုကူညီရေး ရန်ပုံငွေတွေကလည်း ဗြိတိသျှအစိုးရ အတွက် အကျိုးရှိပါတယ်။ ဒီသူဌေးတွေကို ဗြိတိသျှအလိုတော်ရိအဖြစ် ရှုမြင်ခံရသလို တချို့ကိုတော့ မျိုးချစ်သူဌေးတွေအဖြစ် နိုင်ငံရေးပိုင်းက လေးစား ကြပါတယ်။

ပထမဆုံး မြန်မာပြည်က ဆာဘွဲ့ရတဲ့ လုပ်ငန်းရှင်ကတော့ မွတ်ဆလင်လုပ်ငန်းရှင် ဂျမားဖြစ်ပါတယ်။ အိန္ဒိယပြည် ဂူဂျာရတ်နယ်မှာ မွေးဖွားပြီး မြန်မာ ပြည်မှာ အခြေချခဲ့တဲ့ ဆာဂျမားဟာ မြန်မာပြည်ရဲ့ ရေနံဘုရင်၊ ကုန်သည်မင်းသားလို့ တင်စားခံရတဲ့အထိ တန်ခိုးထွားခဲ့ကြောင်း ဗြိတိသျှခေတ်က ထုတ်တဲ့ မည်သူမည်ဝါ မြန်မာပြည်မှာ စာအုပ်မှာ ဖော်ပြပါတယ်။ ချည်စက်နဲ့ ဆန်စက်တွေကိုပါ လုပ်ကိုင်တဲ့ ဂျမားလုပ်ငန်းစုကြီးမှာ အင်ဒိုဘားမား ရေနံကုမ္ပဏီ လည်း ပါဝင်ပြီး ၁၈၉၇ ကတည်းက တန်ဖိုး တသန်းသုံးသိန်းကျော် ရှိတယ်လို့ အာနိုးရွိုက်ရဲ့ ၂ဝ ရာစုမြန်မာပြည်ပုံရိပ်များ စာအုပ်မှာ ပါရှိပါတယ်။

သူ့နောက်မှာ သူကောင်းပြုခံရတဲ့ ဆာဘိုးသာဟာ ၂ဝ ရာစုဆန်းစက တူသာသင်းလို့ နာမည်ကြီးခဲ့တဲ့ ဗဟုဂိုဏ်းရဲ့ ခေါင်းဆောင်တယောက် ဖြစ်ပါတယ်။ ဒီအုပ်စုဟာ ဗြိတိသျှအစိုးရအလိုကျ ဆောင်ရွက်ပေးကြတဲ့ မြန်မာလူကြီးလူကောင်း သူဌေးသူကြွယ်နဲ့ အရာရှိဟောင်းတွေ ဖြစ်ကြပြီး ဝိုင်အမ်ဘီအေနဲ့ နောက်တက်လာတဲ့ လူငယ်ခေါင်းဆောင် တွေနဲ့ မသင့်မြတ်တဲ့ အုပ်စု ဖြစ်ပါတယ်။ ဆာဘိုးသာဟာ ဆန်လုပ်ငန်းနဲ့ ကြီးပွားလာပြီး ရန်ကုန် ခြောက်ထပ်ကြီး ဘုရားဒကာ ဖြစ်ပါတယ်။

နောက်ဆုံး ဆာဘွဲ့ရတဲ့ မြန်မာလုပ်ငန်းရှင် ဆာဦးသွင်ကိုတော့ သာသနာ့ဒကာကြီးအဖြစ် ဖဆပလခေတ်မှာ နေရာပေးပြီး ဆဋ္ဌသင်္ဂါယနာမှာ ရှေ့ဆောင်စေ ခဲ့ပါတယ်။ ဆာသွင်ဟာ သူရိယသတင်းစာအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဖြစ်ခဲ့သလို ၁၃ဝဝ ပြည့်အရေးတော်ပုံနဲ့ ၁၉၄၈ ပြည်တွင်းစစ်အစတွေ မှာလည်း မြို့မိ မြို့ဖ အနေနဲ့ သပိတ်မှောက်ကျောင်းသားနဲ့ အစိုးရကြား၊ တောခိုသူပုန်တွေနဲ့ ဖဆပလကြားမှာ ဖြန်ဖြေပေးခဲ့ရာမှာ ဒုတိယအကြိမ် ရွှေပြည်အေးအဖွဲ့ ခေတ်မှာ မအောင်မြင်ခဲ့ပါဘူး။ ဂျပန်ခေတ် အတိုင်ပင်ခံလွှတ်တော်ဥက္ကဋ္ဌအဖြစ်လည်း သူဆောင်ရွက်ခဲ့ပါတယ်။

လေဒီများနဲ့ အဆက်အနွှယ်များ

ဆာဘွဲ့ရ ပုဂ္ဂိုလ်ကြီးတွေရဲ့ ဇနီးနဲ့ သမီးတွေကို လေဒီဘွဲ့နှင်းပြီး ခေါ်ဆိုကြပါတယ်။ လေဒီခင်၊ လေဒီဘ စတဲ့ မြန်မာပြည်က လခကျပ်ငါးထောင်စား ဝန်ကြီးချုပ်ကတော်တွေ တန်ခိုးထွားခဲ့သလို ဆာစောမောင်ရဲ့ လေဒီသခင်မကြီး စောနန်းရာနဲ့ လေဒီချယ်ခေါ် ရှမ်းမဟာဒေဝီကြီးတွေလည်း ထင်ရှား ခဲ့ပါတယ်။ ကွာခြားချက်ကတော့ ရှမ်းစော်ဘွားကြီးတွေမှာ ဒေဝီကြီး ဒေဝီကလေး အများအပြား ကောက်ယူတာဟာ မြန်မာဘုရင်နဲ့ မင်းညီမင်းသား တွေနီးပါး များပြားပါတယ်။ ဒါကြောင့် ဆာစောချယ်ရဲ့ ဇနီးတွေထဲမှာ မဟာဂီတမိခင်ကြီး ဒေါ်စောမြအေးကြည်လည်း ပါဝင်ခဲ့ပါတယ်။ ဆာစောချယ်မှာ ဒေဝီ ၂၄ ပါး ရှိတယ်လို့လည်း စဝ်စန္ဒာဆင်းမ်ရဲ့ ကောင်းကင်ကို အုပ်စိုးသူများ၊ မြန်မာပြည်ရဲ့ ရှမ်းမင်းမျိုးမင်းနွယ် စာအုပ်မှာ ပါရှိပါတယ်။

ဆာမောင်ခင်ကတော် လေဒီခင်ဟာ စစ်ကဲကြီးမောင်ထော်လေးရဲ့မြစ်ဖြစ်ပြီး သမီး အေမီခင်ခေါ် ဒေါ်ခင်ခင်ဧကတော့ သူ့အဖေနေရာဆက်ခံတဲ့ ပြည်ထဲရေး ဝန်ကြီးချုပ် ဦးမေအောင်ရဲ့သား ရဲဗိုလ်ချုပ်ထွန်းလှအောင်နဲ့ လက်ထပ်ခဲ့ဖူးပါတယ်။ ဆာဂျေအေမောင်ကြီးရဲ့သမက်က ကျန်းမာရေးဌာနညွှန်ကြားရေးဝန် ဒေါက်တာသိန်းမောင် အိုင်အမ်အက် ဖြစ်ပါတယ်။

ဆာမောင်ဘရဲ့သမက်ကတော့ ရှမ်းအစိုးရအတိုင်ပင်ခံ အိုင်စီအက် စည်သူဦးတင် ဖြစ်ပြီး သားကတော့ ကာကွယ်ရေးအတွင်းဝန် စည်သူဦးမောင်မောင် (ဘီစီအက် အဆင့် ၁) ဖြစ်ပါတယ်။

ဆာဘိုးသာရဲ့သမက်က အိုင်စီအက်ဦးပိုင် ဖြစ်ပြီး ဆာဦးသွင်ရဲ့သမက် ဟိုက်ကုတ်တရားဝန်ကြီးဟောင်း အိုင်စီအက်ဦးစန်မောင်ကို အမေရိကန်ဆိုင်ရာ မြန်မာ သံအမတ်ကြီးအဖြစ် ဗိုလ်ချုပ်ကြီးနေဝင်း ခန့်အပ်ခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ်မှာ ၁၉၆၂ မတိုင်ခင်က စိတ်ပညာ ထူးချွန်သူတွေကို ဆာဦးသွင် မိသားစု ရွှေတံဆိပ် ချီးမြှင့်ခဲ့ပါတယ်။

ဆာစံစီပိုးရဲ့သမီး မစ္စစ်ဘမောင်ချိန်ကို ဖဆပလအစိုးရက ပထမဆုံး ကရင်ပြည်နယ် ဝန်ကြီး ခန့်အပ်ခဲ့ပြီး ၂ဝ၁ဝ ကျော်အထိ မြန်မာပြည်ရဲ့ တယောက် တည်းသော အမျိုးသမီးဝန်ကြီး ဖြစ်ခဲ့ပါတယ်။

ဆာမောင်ကြီးဟာ ရန်ကုန်မြို့ မြေပိုင်ရှင် ဒေါ်ကြီးကြီးရဲ့သမီး ဒေါ်အေးရီနဲ့လက်ထပ်ပြီး သမီးသုံးယောက် ထင်ရှားခဲ့ပါတယ်။ ဒီထဲက မစ္စီဆိုတဲ့သမီးကို သူ ဗြိတိန်မှာ သံအမတ်အဖြစ် ထမ်းဆောင်စဉ် လက်ထပ်ဖို့ ဗြိတိသျှမှူးမတ်တယောက်က ခွင့်ပန်ခဲ့ကြောင်း ဆေးပညာပါမောက္ခ ဒေါက်တာမြင့်မြင့်ခင်က ပြောကြားခဲ့ပါတယ်။ ဆာမောင်ကြီးရဲ့ သမက်သုံးယောက်က ကုန်သွယ်ရေးအတွင်းဝန် ဦးသန်းတင်၊ ခွဲစိတ်ပါမောက္ခ ဒေါက်တာကြည်ပေါနဲ့ ဆေးမှူးကြီး ဗိုလ်မှူးကြီး ကျော်စိန်ထွန်းတို့ ဖြစ်ကြပြီး မြေးသမက် ဦးခင်မောင်ဝင်းကတော့ နဝတခေတ်မှာ နိုင်ငံခြားရေး ဒုဝန်ကြီး ဖြစ်ခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Jackie Myint Toon

ဓာတ်ပုံ ပုံစာ, ဆာမြဘူး၊ ကြည်ကြည်မြဘူးနဲ့ လေဒီမြဘူး

ဆာမြဘူးရဲ့ဇနီး လေဒီမြဘူးခေါ် ဒေါ်နှင်းရီဟာ ပျဉ်းမနားက မြေပိုင်ရှင် ဒေါ်စာဥရဲ့သမီးဖြစ်ပြီး ရန်ကုန်တက္ကသိုလ်မှာ တခေတ်က ပညာချွန်သူတွေကို ဒေါ်စာဥဆု ပေးခဲ့ဖူးပါတယ်။ ဆာမြဘူးသမီးကတော့ အိုင်စီအက်ဦးတင်ထွန်းသား ရန်ကုန်မြို့မတရားသူကြီး ဦးမြင့်ထွန်းကတော် မစ္စစ်ကြည်ကြည် မြင့်ထွန်း ဖြစ်ပါတယ်။

ညီအစ်မဝမ်းကွဲနှစ်ယောက်ကို လက်ထပ်ခဲ့ပေမဲ့ ဆာဘွဲ့ရချိန်မှာ မုဆိုးဖိုဖြစ်နေတဲ့ ဒေါက်တာဘဦး သမ္မတ ဖြစ်ချိန်မှာ သမီးဖြစ်သူ အိုင်းရင်းဘဦးခေါ် ဒေါ်ခင်စောဦးက တာဝန်ယူ ဧည့်ခံပေးရပါတယ်။ ဒေါ်ခင်စောဦးရဲ့ ခင်ပွန်းက ဟိုက်ကုတ်တရားဝန်ကြီးချုပ်သား ဝတ်လုံဦးသန်းအောင် ဖြစ်ပါတယ်။

ဆာထွန်းအောင်ကျော်ရဲ့ညီ အိုင်စီအက် ဦးကျော်မင်းကတော့ လွတ်လပ်ရေးခေတ် ရခိုင်နိုင်ငံရေးမှာ ထင်ရှားခဲ့ပြီး ၁၉၅၈ သန့်ရှင်းအစိုးရမှာ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီး ဖြစ်ခဲ့ပါတယ်။

ဒီဆာဘွဲ့ရသူတွေရဲ့ မျိုးဆက်တွေဟာ ကမ္ဘာတလွှား ကူးပြောင်းနေထိုင်ကြပြီး ဒီမျိုးဆက်တွေထဲမှာလည်း ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်တွေမှာ သူတို့ဘိုးဘေး တွေလို ပညာဆည်းပူးခဲ့သူတွေ အများအပြား ရှိနေတာကို ၂၁ ရာစုထဲထိ တွေ့နေရပါတယ်။