ခေတ်ရဲ့ ဒုက္ခတွေကို အာဏာရိပ်က စာဖွဲ့သွားသူ ခင်နှင်းယု

    • ရေးသားသူ, ဘိုဘို
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း

စာရေးဆရာမကြီး ခင်နှင်းယု အသက်ထင်ရှား ရှိသေးရင် ၂ဝ၂ဝ စက်တင်ဘာလ ၇ ရက်မှာ ၉၅ နှစ် ပြည့်ပြီ ဖြစ်ပါတယ်။ ကွယ်လွန်တာ အနှစ် ၂ဝ နီးပါး ရှိနေပေမယ့် သူ့စာပေလက်ရာတွေကို မြန်မာစာဖတ် ပရိသတ် တွေကြား နှစ်နှစ်ခြိုက်ခြိုက် ဖတ်နေကြဆဲ ဖြစ်သလို ဇာတ်လမ်းရုပ်ရှင်တွေလည်း ရိုက်ကူးနေကြဆဲ ဖြစ်ပါတယ်။

ခင်နှင်းယုကို မွှေး၊ ပန်းပန်လျက်ပါ၊ သခွပ်ပန်း စတဲ့ နာမည်ကြီး အချစ်ဝတ္ထုတွေ ရေးသူ အဖြစ် လူသိများပါတယ်။ နောက်ပြီး မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးခေတ် ပထမဆုံး ဝန်ကြီးချုပ် ဦးနုရဲ့ နှမဝမ်းကွဲနဲ့ ကိုယ်ရေး အတွင်းဝန် လုပ်ခဲ့သူလို့လည်း သိကြပါတယ်။

တကယ်တော့ ခင်နှင်းယုဟာ လူ့ဘုံလောကကို ကန့်လန့်ကာကြားကနေ အတွင်းအပြင် နှစ်ဘက်စလုံးကို ရှုမြင်ခဲ့ရသူလို့ ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာ ပါမောက္ခ ဦးမျိုးမင်း ကောက်ချက်ချခဲ့သလိုပဲ မြန်မာ့နိုင်ငံရေး ဇာတ်ထုပ်ကို သူများတွေ မမြင်နိုင်တဲ့ အချိုးအကွေ့တွေမှာ ကိုယ်တွေ့ကြုံခဲ့ရသူ ဖြစ်ပါတယ်။

သခင်မကနေ စာရေးဆရာမ

ခင်နှင်းယုဟာ ဧရာဝတီမြစ်ဝကျွန်းပေါ်က လွတ်လပ်ရေးတိုက်ပွဲဝင် မိသားစုတစုမှာ မွေးဖွားခဲ့ပါတယ်။ ဖက်ဆစ်တော်လှန်ရေးမှာ ထင်ရှားခဲ့တဲ့ ဗိုလ်မှူးသီဟခေါ် သခင်မောင်မောင်ရဲ့ နှမဖြစ်သလို သခင်မ မခင်စုအဖြစ် သာယာဝတီနဲ့ မြစ်ဝကျွန်းပေါ်ဘက်မှာ သခင်တရားတွေဟောခဲ့ကြောင်း ကိုကိုမောင်က ရေးသားခဲ့ပါတယ်။ ထောင်ထဲက အစ်ကိုတွေ ခိုးထုတ်ပေးလိုက်တဲ့ သခင်စိုးရဲ့ အနုပဋိလောမရုပ်ဝါဒကျမ်းကို ဆယ်ကျော်သက် အရွယ်ကတည်းက ဖတ်ရှုခဲ့တယ်လို့လည်း ခင်နှင်းယုက ဆိုပါတယ်။

စစ်ပြီးခေတ်မှာ တက္ကသိုလ်တက်ဖို့ ကြိုးစားရင်း ဖဆပလအဖွဲ့ချုပ်မှာ အလုပ်လုပ်ခဲ့ပါတယ်။ မြန်မာပြည် နိုင်ငံရေးဗဟိုချက်ဌာနမှာ လုပ်ရင်း နိုင်ငံရေးသမားကြီးငယ်တွေအကြောင်း ပိုသိလာသလို သူတို့နဲ့လည်း ကျွမ်းဝင် ခဲ့ပါတယ်။ ဝန်ကြီးချုပ်နှမဖြစ်ပေမယ့် ရန်ကုန်မှာ ညစာ ထမင်းစရိတ်မရှိတဲ့ဘဝနဲ့ နေခဲ့ရဖူးကြောင်း ခင်နှင်းယု ရေးခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ တပ်မတော်က ဗိုလ်ကြီး ကျော်သောင်းနဲ့ အိမ်ထောင်ပြုခဲ့ပါတယ်။ ဗိုလ်ကြီးကျော်သောင်းဟာ တပ်မတော်ကထုတ်တဲ့ မြဝတီမဂ္ဂဇင်းကို အမှုဆောင် အရာရှိအဖြစ် စီမံအုပ်ချုပ်ခဲ့သူတယောက် ဖြစ်ပါ တယ်။

ဒါကြောင့် ခင်နှင်းယုလက်ရာတွေကို မြဝတီမဂ္ဂဇင်းမှာ တခြားတပ်မတော်မိသားစုဝင်တွေရဲ့ လက်ရာတွေနဲ့အတူ တွေ့ခဲ့ရပါတယ်။ သူနဲ့ခေတ်ပြိုင် တပ်မတော် စာရေးဆရာမတယောက်ကတော့ မမြတ်လေး ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ ဗိုလ်မှူးချုပ်နီ အဖြစ် အနောက်တိုင်းပညာရှင်တွေရဲ့ ခေါ်ဆိုမှုကို ခံရတဲ့ ဗိုလ်မှူးချုပ်တင်ဖေရဲ့ဇနီး မမြတ်လေးခေါ် ဒေါ်သိန်းဆိုင်ထက် ခင်နှင်းယုရဲ့ လက်ရာတွေက ပိုနာမည်ကြီးပြီး ခွဲထွက်လာခဲ့ပါတယ်။

ကွန်မြူနစ် ဆန့်ကျင်သူ

စစ်အေးခေတ် မြန်မာစာပေမှာ အရှေ့နဲ့ အနောက် အုပ်စုကြီးနှစ်စုရဲ့ ဝါဒတိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ ကြေးမုံဦးသောင်းခေါ် အောင်ဗလက သတင်းစာဆရာတယောက်၊ ဗိုလ်ချုပ်ကြီးတဦးနဲ့ တပ်မတော်တခု စာအုပ်မှာ ရေးသားခဲ့ပါတယ်။ စာပေမှာ နိုင်ငံရေးအယူအဆ သွတ်သွင်းသင့်သလား အငြင်းပွားမှုတွေနဲ့အတူ ဆိုရှယ်လစ်၊ ကွန်မြူနစ်နဲ့ အရင်းရှင် ဒီမိုကရေစီဝါဒအကြား အပြိုင်အဆိုင် စည်းရုံးသိမ်းသွင်းတာတွေလည်း ရှိခဲ့ပါတယ်။

ခင်နှင်းယုရဲ့ ငယ်နုစဉ်က စာပေလက်ရာတွေမှာ လွတ်လပ်မှုကို အားပေးတဲ့ အရေးအသားတွေ တွေ့ရပါတယ်။ ၁၉၅၅ ဂီတစာဆို မြို့မငြိမ်းဆုံးခါစက ရေးတဲ့ လနှင့်တိမ်တိုက်ဆောင်းပါးမှာ ခင်နှင်းယုက အနုပညာသမားရဲ့ စာပေ ဂီတတို့ သီချင်းတို့ဟာ လူတန်းစားအမျိုးမျိုးရဲ့ အသည်းနှလုံးကို အလိုလို စိမ့်ဝင်ကြတာပဲ။ လူတန်းစားအမျိုးမျိုး လက်ခံအောင်လို့ ဓားကြိမ်းကြိမ်းပြီး သွင်းဖို့လည်း မလိုပေဘူးပေါ့ ဆိုပြီး ရေးပါတယ်။ နောက် တန်ခိုးတော်ရှင်၏ကျလေသောမာန မှာတော့ လူငယ်တွေကို နိုင်ငံရေးသမားတွေက ပုံသွင်းဖို့ ကြိုးစားမှာကို စိတ်ပူတယ်လို့ ရေးခဲ့ပါတယ်။

ခင်နှင်းယုဟာ ကွန်မြူနစ်ဝါဒကို လက်ခံသူ မဟုတ်ဘူးလို့လည်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ရေးဆွဲခဲ့တဲ့ ဦးချစ်လှိုင်ခေါ် ကိုကိုမောင်ကြီးက ရေးပါတယ်။ လူတွေကို လွှမ်းမိုးချုပ်ကိုင်ပြီး ပြောင်းလဲဖို့ ကြိုးစားတဲ့ အတွက် မနှစ်သက်တာလို့လည်း ခင်နှင်းယုက သူ့ကို ပြောခဲ့ကြောင်း ကိုကိုမောင်ကြီးက ရေးခဲ့ပါတယ်။ ဦးနုနဲ့ မြန်မာအစိုးရခေါင်းဆောင်တွေရဲ့ တရုတ်ပြည်သွားခရီးကို မှတ်တမ်းပြုတဲ့ ဂန္ဓာလရာဇ် စာအုပ်မှာလည်း တရုတ်ပြည်က ဂန္ဓမာပန်းလေးတွေရဲ့ အလှကို ရေးရင်း ပန်းလေးတွေကို ဘောင်သွင်းပုံဖော်မထားဘဲ သဘာဝအတိုင်း ပြင်ထားရင် ပိုလှမယ်လို့ ခင်နှင်းယုက ဒေါ်ခင်စု အနေနဲ့ ရေးခဲ့ပါတယ်။

နောက် အစိုးရကို လက်နက်ကိုင် ပုန်ကန်နေတဲ့ အဖွဲ့အစည်းတွေကိုလည်း ခင်နှင်းယု နှစ်ခြိုက်ခဲ့ပုံ မပေါ်ပါဘူး။ ဦးနုအစိုးရဟာ အရှေ့အနောက် အင်အားကြီး နိုင်ငံတွေရဲ့ လွှမ်းမိုးမှုအောက်က သူပုန်တွေနဲ့ ညွန့်ပေါင်းဖွဲ့ဖို့ မဖြစ်နိုင်ဘူးဆိုတာ ကြေညာထားပြီးသားလို့ ၁၉၅၂ က ရေးတဲ့ အမှောင်၏နောက်ဝယ်မှာ ခင်နှင်းယုက ရေးပါတယ်။ နောက် တပ်မတော်က သူပုန်တွေကို ကရင်မို့လို့ ကွန်မြူနစ်မို့လို့ ဆိုပြီး တိုက်နေတာ မဟုတ်ဘူး လို့လည်း ၁၉၅၃ ကရေးတဲ့ ကျွန်းဧကရီ ဝတ္ထုမှာ ရေးပါတယ်။ ဒီလူတွေဟာ နိုင်ငံလုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကို ထိခိုက်နေလို့ တိုက်နေတာ ဆိုပြီး ရေးပါတယ်။ ခင်နှင်းယုတို့ခေတ်က ရေးခဲ့တဲ့ အမြင်မျိုးကို လက်ရှိ တပ်မတော်နဲ့ အစိုးရခေတ်မှာလည်း ဆက်ပြီး ထားရှိတာကို တွေ့နိုင်ပါတယ်။

တခါ လူမျိုးစု လက်နက်ကိုင်တွေရဲ့နောက်မှာ အနောက်နိုင်ငံတွေရဲ့ဘက်သား လူ့မလိုင်တွေက ကြိုးကိုင်နေတယ်လို့လည်း ခင်နှင်းယုက စွပ်စွဲခဲ့ပါတယ်။ ဒါကြောင့် ဖဆပလခေတ်က ခင်နှင်းယုရဲ့ နိုင်ငံရေးအမြင်ဟာ ကွန်မြူနစ် ဆန့်ကျင်တယ် ဆိုပေမယ့် အနောက်အုပ်စုဘက်ကို တိမ်းညွတ်တယ်လို့ ဆိုလို့မရတဲ့ အနေအထား ဖြစ်ပါတယ်။ အဲဒီခေတ်က ဖဆပလခေါင်းဆောင်တွေနဲ့ တပ်ခေါင်းဆောင်တွေရဲ့ နိုင်ငံရေး အယူအဆမှာလည်း ကွန်မြူနစ် ဆန့်ကျင်ရေးနဲ့ အနောက်အုပ်စု မလိုလားတဲ့ သဘောထားတွေ ရှိခဲ့ကြောင်း ဘိုဘိုရဲ့ ကွန်မြူနစ်အန္တရာယ်ကြောင့် ပေါ်လာတဲ့ နိုင်ငံခြားမုန်းတီးရေး ဆိုရှယ်လစ် ဝါဒ စာတမ်းမှာ ပါရှိပါတယ်။

ဝင်ဒါမီယာက ဇာတ်လမ်းများ

လွတ်လပ်ပြီး မြန်မာနိုင်ငံမှာ ဝန်ကြီးချုပ် ဦးနုရဲ့ ကိုယ်ရေး အတွင်းဝန်အဖြစ် ဒေါ်ခင်စု ခေါ် ခင်နှင်းယု ကျင်လည်ခဲ့ပြန်ပါတယ်။ ဝင်ဒါမီယာကုတ်ခေါ် ဝန်ကြီးချုပ်ဂေဟာတွင်းက နိုင်ငံရေးတိုက်ပွဲတွေကို အတွင်းလူအနေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ပြည်သူကို အံချပြဖို့မှာတော့ ခင်နှင်းယု မတတ်သာ ခဲ့ပါဘူး။ အစိုးရလက်နက်တပ်ပေးထားတဲ့သူတွေက သမီးနားရွက်ကို ဆွဲဖြတ်ပြီး နားကပ် ယူသွားတာကို လာတိုင်တဲ့ ဖခင်အတွက် အထက်ကိုတင်ပြ ပေးတာက လွဲရင် ဘာမှ မကူနိုင်ခဲ့ဘူးလို့လည်း အဲဒီအချိန်က အကြောင်းတွေကို ခင်နှင်းယုက နောက်ပိုင်းမှာ ပြန်ရေးခဲ့ပါတယ်။

နောက် သူ့ခင်ပွန်းကလည်း သူ့ရဲ့ အရေးအသားတွေကို စိစစ်ဖြတ်တောက်ပြီးမှ မဂ္ဂဇင်းတွေကို ပို့စေပါတယ်။ ဒီ ဖဆပလခေတ်က အကြောင်းတွေကို ခင်ပွန်းသည် ကွယ်လွန်ပြီးနောက် ၁၉၇၂ မှာ ကျွန်မ၏ချစ်သူ ဆိုပြီး ရေးတဲ့စာအုပ်မှာ ဖွင့်ဟခဲ့ပေမယ့် စာအုပ်အသိမ်းခံခဲ့ရပါတယ်။

တုံ့ကာဝဋ်တင် ဝတ္ထုတိုမှာတော့ ၁၉၅၇ ခုနှစ်ထဲက မြန်မာပြည်မှာ အမှောင်လွှမ်းလာမယ့် အန္တရာယ်ရှိနေတဲ့အကြောင်း သူနဲ့ ဖဆပလ ပြည်ထဲရေးဝန်ကြီး သခင်သာခင်တို့ ပြောဆိုမိတဲ့အကြောင်း ပါရှိပါတယ်။ သခင်သာခင်ဟာ မဆလ လမ်းစဉ်ကို ဆွဲတဲ့ ဦးချစ်လှိုင်ရဲ့ ယောက်ဖဖြစ်ပေမယ့် ၁၉၆၂ အာဏာသိမ်းပြီးနောက်ပိုင်း စစ်အစိုးရကို ဆန့်ကျင်ခဲ့လို့ ဖမ်းဆီးခံခဲ့ရပါတယ်။ ဒါကြောင့် ၁၉၅၇ ကတည်းက သူနဲ့ ခင်နှင်းယုတို့ ဆွေးနွေးကြတဲ့ ကိစ္စဟာ စစ်ဆိုရှယ်လစ်ဝါဒ မြန်မာပြည်ကို လွှမ်းမိုးလာမယ့် အကြောင်း ဖြစ်နိုင်ပါတယ်။

နောက် ဝန်ကြီးချုပ် အတွင်းရေးအတွင်းဝန်ဘဝမှာပဲ သူ့ခင်ပွန်းကို စစ်ရဲတပ်ဖွဲ့ ရန်ပုံငွေ အလွဲသုံးတယ်ဆိုပြီး စသုံးလုံးက စစ်ဆေးခဲ့ပါတယ်။ အမှုမမှန်တဲ့အတွက် ဗိုလ်ကြီးကျော်သောင်းက တရား လွှတ်တော်ချုပ်မှာ ဝန်ကြီးချုပ်နဲ့ သမ္မတကို ပြန်တရားစွဲခဲ့ပါတယ်။ ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းအတိုင်း ပြည်သူပြည်သားတယောက်ရဲ့ ရပိုင်ခွင့်နဲ့အညီ ဆောင်ရွက်နိုင်ခဲ့ကြောင်း ခင်နှင်းယုက ပြန်လည် ရေးသားခဲ့ပါတယ်။

နောက် ဖဆပလအဖွဲ့ ပြိုကွဲခါနီးမှာ အဖွဲ့အတွင်း ခြစားမှုနဲ့ နိုင်ငံရေးမသမာမှုတွေ များလာတဲ့အတွက် သန့်စင်ရေးတွေ လုပ်ဖို့ ဦးနုက စီစဉ်ပါတယ်။ ခင်နှင်းယုကလည်း သြော်ဖဆပလ နာမည်နဲ့ ပြုပြင်ရေး ဆောင်းပါးတွေ ရှုမဝမဂ္ဂဇင်းမှာ ရေးပါတယ်။ စိတ်ပူတတ်တဲ့ ခင်ပွန်းကြောင့် ဒီဆောင်းပါးတွေလည်း ဆက်ရေးလို့ မရခဲ့ပါဘူး။

တခါ ဖဆပလခေတ်က ခင်နှင်းယု ရေးခဲ့တဲ့ ဆောင်းပါးတချို့မှာတော့ ဦးနုကို အိမ်တော်ဝန်ထမ်းတွေရဲ့ ကြည်ညိုမှုရသူအဖြစ် ပုံဖော်ခဲ့ပါတယ်။ အစိုးရပိုက်ဆံကုန်မှာစိုးတဲ့အတွက် ဝန်ကြီးချုပ်အိမ်ကို အပြင်အဆင် မလုပ်ဘဲ ဘုန်းကြီးကျောင်းလို ထားခဲ့တယ်လို့လည်း တစခန်းဖြင့် သိမ်းပေပြီ ဆောင်းပါးမှာ ရေးပါတယ်။

လှေကွဲကြီးနဲ့တူတဲ့တိုင်းပြည်မှာ ပွဲ့လျက် တကော်စာလောက် ဝင်ဖာတဲ့အနေနဲ့ အစိုးရငွေကို တတ်နိုင်သမျှမကုန်အောင် စိစစ်သုံးခဲ့ကြတယ်လို့လည်း ဝန်ကြီးချုပ်ရုံး အတွေ့အကြုံတွေကို ခင်နှင်းယုက ရေးပြခဲ့ပါတယ်။

မြဝတီမှာ တိုက်ခိုက်ခံရသူ

ခင်နှင်းယုဟာ တပ်မတော် အရာရှိကတော်တယောက် ဖြစ်ပေမယ့် တပ်မတော်က ထုတ်တဲ့ မြဝတီ မဂ္ဂဇင်းမှာပဲ ဦးနုနဲ့အတူ စော်ကား တိုက်ခိုက်ခံခဲ့ရဖူးပါတယ်။ ၁၉၅၈ မှာ တပ်မတော်က ကြီးစိုးတဲ့ အိမ်စောင့်အစိုးရ တက်လာပြီးနောက် မြဝတီမှာ စာရေးဆရာ ရန်ကုန်ဘဆွေက မင်းသားကိုကြီးကောင်း ဆိုတဲ့ ပြဇာတ်နဲ့ ဦးနုရဲ့ နိုင်ငံရေးကို ဟာသထုတ်ခဲ့ပါတယ်။

ဖဆပလအကွဲအပြဲမှာ ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့ရဲ့ တည်မြဲအုပ်စုဘက် ပိုယိမ်းတယ်လို့ တပ်မတော်ကို စွပ်စွဲနေချိန်မှာပဲ ဒီပြဇာတ်ကို မြဝတီက တင်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ကိုကြီးနုဆိုပြီး ၁၉၃၆ ကျောင်းသားသပိတ်ထဲက နာမည်တွင်ခဲ့တဲ့ ဦးနုကို ရွာသူကြီး ကိုကြီးကောင်း အဖြစ် ရန်ကုန်ဘဆွေက ပုံဖော်ခဲ့ပါတယ်။

ဘာသာရေးသမား စိတ်ေဝဒနာရှင်ပုံစံမျိုး ဦးနုကို ပုံဖော်ထားတဲ့ ဒီပြဇာတ်မှာပဲ ခင်နှင်းယုကို ရွှေဝါဆိုတဲ့ နာမည်နဲ့ ဦးနုနဲ့ မကင်းမရှင်းပုံစံမျိုးထိ ရန်ကုန်ဘဆွေက တိုက်ခိုက်ခဲ့တာပါ။

ဒီလို တိုက်ခိုက်ခံရတာကို အသိမိတ်ဆွေတွေက မကျေနပ်ကြပေမယ့် ခင်နှင်းယုတို့ဘက်က ဘယ်လိုတုံ့ပြန်မှုမှ မလုပ်ခဲ့ဘူးလို့လည်း သိရပါတယ်။ နောက်ပိုင်းမှာတော့ ခင်နှင်းယုကို ရန်ကုန်ဘဆွေက မြဝတီမဂ္ဂဇင်းတိုက်မှာ ပြန်ပြီး တောင်းပန်ခဲ့တယ်လို့ ရေးပါတယ်။ မဲဇလီ ပင်ပျိုအောက် ၊ ပေါက်လာတဲ့ ရွှေတမာ၊ ခါးချက်ကနာ။ ရေစီးရယ် တခါ ၊ ရေသာရယ် တလှည့်။ သူများလို တို့မရိုင်းတယ် တိုင်းသိပါရဲ့ ဆိုတဲ့ သူ့ရဲ့လက်သုံးကဗျာနဲ့ပဲ ခင်နှင်းယုက တုံ့ပြန်ခဲ့ပါတယ်။

ဒီလိုတိုက်ခိုက်ခံရချိန်မှာ ဝန်ကြီးချုပ်ရာထူးက ဆင်းလာတဲ့ ဦးနု ကိုယ်ပိုင်အိမ်ဆောက်လို့ မပြီးသေးတဲ့အတွက် ဘေးကပ်ရပ်က ခင်နှင်းယုအိမ်မှာ အိမ်သားတွေကို ဖယ်ခိုင်းပြီး တက်နေနေရတဲ့အချိန် ဖြစ်ပါတယ်။ ဦးနု ဝန်ကြီးချုပ်အိမ်ပေါ်က ဆင်းပေးတဲ့ အချိန်မှာ အိပ်ခန်းထဲ အမျိုးသမီးတွေ အဝတ်သိမ်းနေတာအထိ သတင်းထောက်တွေက ဓာတ်ပုံဝင်ရိုက်ကြတဲ့အတွက်လည်း ဦးနုရဲ့ ဒီမိုကရေစီက စီလွန်းတယ်လို့ ခင်နှင်းယုက မှတ်ချက်ချပါတယ်။

၁၉၆၂ အာဏာသိမ်းချိန်မှာတော့ ဦးနုကို ဖမ်းသွားပြီးနောက်ပိုင်း သူ့အိမ်ဘက်ကို ခင်နှင်းယု ပြေးလာခဲ့ပါတယ်။ အိမ်ပေါ်မှာ ဒေါ်မြရီနဲ့ သားသမီးတွေ ကော်ဖီသောက်ပြီး တည်တည်ငြိမ်ငြိမ် ရှိတာကို တွေ့ရတဲ့အတွက် စိတ်ချမ်းသာသွားတယ်လို့လည်း ဆိုပါတယ်။

စစ်အစိုးရခေတ်များနဲ့ ခင်နှင်းယု

၁၉၆၂ အာဏာမသိမ်းခင် ကိုင်ရိုမှာ ကျင်းပတဲ့ အာရှ အာဖရိက စာရေးဆရာ ညီလာခံမှာ အရှေ့အုပ်စုဝင် ကွန်မြူနစ်နိုင်ငံတွေရဲ့ အပြိုင်အဆိုင် စည်းရုံးမှုတွေကို တွေ့ခဲ့တဲ့ ခင်နှင်းယုဟာ အာဏာသိမ်းပြီး ဆိုရှယ်လစ်နိုင်ငံ ထူထောင်မယ်ဆိုတဲ့ တပ်မတော်ရဲ့ လက်ဝဲဆန်တဲ့ ပြုပြင်ရေးတွေကို ကြုံတွေ့ခဲ့ပြန်ပါတယ်။

အစ်ကိုဖြစ်သူက ထောင်ထဲရောက်နေပေမယ့် ခင်ပွန်းနဲ့ တခြား ဆွေမျိုးထဲမှာ တပ်မတော် အရာရှိတွေက ရှိနေပြန်ပါတယ်။ အာဏာရှင်ကြီးများ၏ အတွင်းရေး စာအုပ်ကို ၁၉၈၈ အရေးအခင်းနောက်ပိုင်းမှာ ရေးလို့ အဖမ်းခံရတဲ့ ထောက်လှမ်းရေးက ဒုဗိုလ်မှူးကြီး ကြည်ဆွေဟာလည်း ခင်နှင်းယုရဲ့ မတ် ဖြစ်ပါတယ်။

ဒီလို ရေးခွင့်မသာဖြစ်နေပေမယ့် ရတဲ့နေရာကနေ ဆိုရှယ်လစ်လှိုင်းရဲ့ အန္တရာယ်ကိုတော့ အရှေ့မြောက်နဲ့ အနောက်မြောက်က လေရဲတွေ ဆိုပြီး သူထောက်ပြခဲ့ပါတယ်။ ဆိုရှယ်လစ်နာမည်ခံပြီး တွင်ကျယ်လာတဲ့ လူတန်းစားသစ်ကိုလည်း သူတို့ထိရေးခြယ်ခဲ့ပြန်ပါတယ်။ ကျောချင်းကပ်၍ တရွေ့ရွေ့ခွာ တကမ္ဘာစီဝေး... ဝေးပြီ မွှေးရယ် ...ဆိုတဲ့ သူ့ရဲ့ နာမည်ကျော် မွှေးဝတ္ထုကို ရိုက်တဲ့ ရုပ်ရှင်သီချင်းထဲက စာသားနဲ့ပဲ ဒီ ဗိုလ်ချုပ်ကြီးနေဝင်းခေတ် ဆိုရှယ်လစ် လူတန်းစားတွေနဲ့ သူအလှမ်းဝေးခဲ့ပုံကို ဖော်ကျူးခဲ့ပါတယ်။

၁၉၆၂ မတိုင်ခင်က လက်ဝဲဆန့်ကျင်ရေး ရေးပြီး ၁၉၆၂ နောက်ပိုင်းမှာ လမ်းစဉ်ပါတီဝင် ဖြစ်လာတဲ့ စာရေးဆရာတွေနဲ့ မတူဘဲ ခင်နှင်းယုက အချစ်ဝတ္ထုတွေကိုပဲ ဆက်ရေးခဲ့သလို တော်လှန်ရေး အကြောင်းပြပြီး တော်လှန်ရေးကောင်စီခေတ်မှာ တွင်ကျယ်လာသူတွေကိုလည်း အစ်ကိုလင်ရဲ့ လန်ကွတ်တီ ဝတ္ထုနဲ့ လှောင်ပြောင်ခဲ့ပါတယ်။ မော်ကွန်းဝင် လျှောက်လွှာတွေကို လာစစ်တဲ့ ဗိုလ်မှူးကြီးတွေကို လယ်သူမတွေက တော်လှန်ရေး တုန်းက သုံးခဲ့တဲ့ မီးခြစ်ဖာ၊ တွယ်ချိတ်၊ အုတ်ခဲကျိုးနဲ့ လန်ကွတ်တီကို ပြပြီး ပြတိုက်မှာ ထားပေးဖို့ တောင်းဆိုကြတာ ဖြစ်ပါတယ်။

၁၉၆၈ နောက်ပိုင်းမှာတော့ ထောင်က ပြန်လွတ်လာတဲ့ ဦးနုနဲ့ မိသားစု အိန္ဒိယကို ဆေးကုသွားရင်း တောခိုသွားပြီးနောက်ပိုင်း ခင်နှင်းယုရဲ့ ခင်ပွန်းလည်း ဒုဗိုလ်မှူးကြီးဘဝမှာ ကွယ်လွန်ခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ နိုင်ငံရေးအရ ပိုပြီး ဂရုတစိုက် နေရတယ် ဆိုပြီး ဂျာနယ်ကျော်မမလေး ဆုံးတဲ့အချိန်က တနေ့သ၌ ဆောင်းပါးမှာ သူရေးပြခဲ့ပါတယ်။ ဧည့်ခံပွဲတခု သွားရာမှာ အဖော်မရှိတဲ့အတွက် အဖော်စပ်သွားဖို့ ဒေါ်မမလေးကို ဖုန်းဆက်ချိန်မှာ ဒေါ်မမလေးက မစု၊ အစ်မကြီးက ဘာလဲ၊ မစုက ဘာလဲဆိုတာ စဉ်းစားကြည့်စေချင်တယ်၊ ဒီတော့ အခြေအနေအရ တို့နှစ်ယောက် အတူမတွဲတာပဲ ကောင်းပါတယ်၊ ကားလိုချင်ရင်တော့ အစ်မကြီး ပို့လိုက်မယ် ဆိုပြီး ပြန်ပြောခဲ့ပါတယ်။ ၁၉၆၂ အာဏာသိမ်းပြီးနောက်ပိုင်း ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လက်ျာ ထွက်ပြေးတဲ့ ကိစ္စနဲ့ ဂျာနယ်ကျော်မမလေးနဲ့ ခင်ပွန်းကို ဖမ်းဆီး ထိန်းသိမ်းခဲ့ဖူးပါတယ်။

တချိန်က တပ်မတော်ပိုင် စာမျက်နှာကနေ ခင်နှင်းယုနဲ့ ဦးနုကို တိုက်ခိုက်ခဲ့တဲ့ ရန်ကုန်ဘဆွေလည်း ဗိုလ်ချုပ်ကြီးနေဝင်းကို ဆန့်ကျင်တဲ့ ဦးနုရဲ့ ပြည်ပြေးလှုပ်ရှားမှု ပီဒီပီမှာ ပါဝင်ခဲ့တာကို တွေ့ရပါတယ်။

၁၉၈၈ နောက်ပိုင်းမှာတော့ ဦးနု စင်ပြိုင် အစိုးရကြောင့် နေအိမ်အကျယ်ချုပ် ချခံရချိန်မှာ ခင်နှင်းယုက အနီးကပ် ပြုစုခဲ့ပါတယ်။ ဦးနုကွယ်လွန်ပြီးနောက် စာရေးဆရာတွေကို ထောက်ပံ့တဲ့ အစီအစဉ်ကိုလည်း သူကြပ်မတ် စီမံ ပေးခဲ့တာပါ။

ကြေးမုံရိပ်သွင်က ငရဲခန်းများ

ခင်နှင်းယုကို ဝတ္ထုရေးဆရာမအဖြစ် သိကြပေမယ့် သူ့ဝတ္ထုတွေမှာ နိမိတ်ပုံရိပ်တွေ သုံးပြီး ခေတ်ကို ထင်ဟပ်လေ့ ရှိပါတယ်။ ခင်နှင်းယုရဲ့ ပန်းများကို ပွင့်စေသူနဲ့ ပိုးခန်းဆီးနောက်မှ ငရဲခန်းများ ဝတ္ထုတွေဟာ ဖဆပလခေတ် အာဏာရလောကက ပျက်စီးဖောက်ပြန်နေတဲ့ အရာရှိတွေအကြောင်း ရေးတာလို့ စာရေးဆရာ မောင်ကျော်သာက ရေးခဲ့ဖူးပါတယ်။

တဘက်မှာလည်း ပန်းပန်လျက်ပါ ဝတ္ထုနဲ့ မြန်မာ့ရိုးရာသဘင်ပညာသည်တွေရဲ့ နိမ့်ကျတဲ့ဘဝကို သူတင်ပြခဲ့ပါတယ်။ နောက် လွတ်လပ်ရေးရပြီးတဲ့အထိ အနှိမ်ခံဘဝက မလွတ်လပ်နိုင်သေးတဲ့ စဏ္ဍာလလူတန်းစားတွေ အကြောင်းကိုလည်း မျှော်လင့်လို့ဖြင့် မဆုံးနိုင်တယ် ဝတ္ထုမှာ ဖော်ပြခဲ့ပါတယ်။ ခင်နှင်းယုရဲ့ ဝတ္ထုတွေဟာ အချစ်ကို အားပြုပေမယ့် ခေတ်နဲ့ လူ့သဘာဝကို ဖွဲ့ဆိုရာမှာ ပြောင်မြောက်တာကို တွေ့ရပါတယ်။ ဒါကြောင့် ရှုမဝ ဝတ္ထုရှည် နွေနှောင်းရက်ကျန်မှာ ပြည်တွင်းစစ်အတွင်းက ချင်းနိုင်ငံရေးအကြောင်းကို လွမ်းမောဖွယ် ဖွဲ့ဆိုရင်း ခင်နှင်းယု နာမည်ကြီးလာခဲ့ပါတယ်။

သူ့ကိုယ်သူ အကျည်းတန်သော ဘဲကလေးဆိုပြီး တင်စားရေးသားခဲ့ပေမယ့် ခင်နှင်းယုရဲ့ စာတွေဟာ သရဖူ၊ အောင်မြင်သောနေ့၊ ရေချိုတွင်း၊ လမင်းကြီး သာစမ်းပါ စတဲ့ သူ့ဝတ္ထုနာမည်တွေလိုပဲ မြန်မာစာပေလောကမှာ သရဖူဆောင်းပြီး အောင်မြင်နေဆဲ ဖြစ်ပါတယ်။