ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မန္တလာမြင့်နဲ့ မစိမ်းစိမ်း ၊ မြို့တမြို့ရဲ့ အမှတ်သင်္ကေတများ
- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
ရန်ကုန်နဲ့ မန္တလေးမြို့တွေအကြောင်း ဖွဲ့တဲ့ သီချင်းတွေထဲမှာ မန္တလာမြင့်ရဲ့ ရန်ကုန်သူသီချင်းခေါ် ရွှေဘိုသနပ်ခါးနဲ့ မစိမ်းစိမ်းရဲ့ ရွှေမန်းဆီသို့တေးတွေက ထင်ရှားပါတယ်။ ဒီအဆိုတော်တွေ သီဆိုတဲ့ တခြားသီချင်းတွေကို လူသိနည်းသလောက် ဒီနှစ်ပုဒ်ကိုတော့ ထူးထူးခြားခြားမှတ်မိကြပါတယ်။
မန္တလာမြင့်ဟာ မျက်စိမမြင်တဲ့ကြားက ဘဝကို အရှုံးမပေးဘဲ အဆိုတော်အဖြစ် အောင်မြင်ခဲ့တဲ့သူ ဖြစ်ပါတယ်။ သူ့ဓာတ်ပြားတွေ သူ့ခေတ်မှာ အောင်မြင်ခဲ့ပေမယ့် ဒီအကျိုးကို သူမခံစားခဲ့ရပါဘူး။ ဒါကြောင့် ၁၁ နှစ်သမီးထဲက သီချင်းဆို ရပ်တည်ခဲ့ရတဲ့ဘဝကနေ နိုင်ငံကျော်အဆိုတော်ဘဝမှာလည်း မန္တလေးမြို့မှာ သူ သီချင်းဆိုပြီး အလှူခံခဲ့ရပါတယ်။
သူ့နေဝင်ချိန်မှာ အဆင်မပြေတာကို သိကြတဲ့ မြို့သူမြို့သားတွေကလည်း တတ်နိုင်သလောက် ဖေးမကြပါတယ်။ ၁၉၆ဝ ကျော်က အိပ်ဆယ်စီယာစားပွဲရုံမှာ အရက်သောက်တတ်တဲ့ အမတ်ဦးစောမောင်ဟာ မန္တလာမြင့် ကြေးစည်တီးပြီး အလှူခံထွက်လာတဲ့အချိန်မှာ မှန်မှန်စောင့်ပြီး ကူညီကန်တော့လေ့ရှိပါတယ်။ မန္တလာမြင့်ကလည်း သူ့ကိုမှန်မှန်လှူသူရှိမှန်းသိလို့ အဲဒီစားပွဲရုံရှေ့ရောက်ရင် ကြေးစည်လေး တီးပြီး စောင့်တတ်တယ်လို့ ဦးစောမောင်ရဲ့ အတွေ့အကြုံတွေကို ဖော်ပြတဲ့ မြေးသူကြီးစာအုပ်မှာ ပါရှိပါတယ်။
ဒါပေမဲ့ အစိုးရနဲ့ သက်ဆိုင်ရာ လူမှုအဖွဲ့အစည်းတွေက သက်ကြီးရွယ်အို ထောက်ပံ့မှု သေချာမလုပ်နိုင်တဲ့ နိုင်ငံတွေရဲ့ ထုံးစံအတိုင်း မန္တလာမြင့်ဟာ ၈ဝ ကျော်အရွယ်ထိ အလှူခံရပ်တည်သွားခဲ့ရပါတယ်။ သူ့ရဲ့ လှုပ်ရှား သွားလာနေတဲ့ပုံရိပ်တွေကတော့ ၁၉၉ဝ လောက်က ထုတ်လုပ်တဲ့ ထင်ပေါ်ကျော်ကြား မြန်မာများ ဆိုတဲ့ မှတ်တမ်းဗီဒီယိုမှာ ပါရှိခဲ့ပါတယ်။
ရွှေဘိုသနပ်ခါးတုံးများ ရန်ကုန်လိမ်းဖို့ယူ၊ ဘယ်လိုအသားမည်းမည်း ဝါဝါညက်ညက်ဖြူ စတဲ့ ရွှေဘိုသနပ်ခါးသီချင်းဟာ ပုဇွန်တောင် ကြည့်မြင်တိုင်က ရန်ကုန်သူတွေနဲ့ မန္တလေးသူတွေအတွက် ဂုဏ်ပြိုင်စရာ တေးတပုဒ်ဖြစ်သလို မြန်မာအမျိုးသမီးတွေရဲ့ သည်းခြေကြိုက် သနပ်ခါးလိမ်း အလှဆင်တဲ့ ယဉ်ကျေးမှုကိုလည်း မပျောက်ပျက်အောင် မော်ကွန်းတင်ပေးခဲ့ပါတယ်။
ရွှေဘိုသနပ်ခါးလိမ်းကြရင်ဖြင့်
စိမ်းစိမ်းညက်ညက်ဖြူဖြူ
ကြံကြံဖန်ဖန်ရန်ကုန်သူ
မန္တလာမြင့်တို့ရန်ကုန်သူ
မန္တလေးသွားလို့ အသားမည်းပြန်သတဲ့ဆူ
ဒီသီချင်းရဲ့ ထူးခြားချက်က အသားအရေနဲ့ ပတ်သက်တဲ့ မြန်မာတွေရဲ့ အမြင်ဖြစ်ပါတယ်။ အသားရယ်ဖြူ လူပေမို့လား အသားတော်ညိုပြာညက်ကယ် နန်းထက်ကဖွား ကြွားချင်သူ ဆိုတဲ့ စာသားဟာ အသားညိုသူ များတဲ့ အလယ်ပိုင်းက မြန်မာတွေရဲ့ အလှဗေဒအမြင် ဖြစ်ပါတယ်။
ဒီတေးကို ရေးစပ်တဲ့ နန်းတော်ရှေ့ဆရာတင်ဟာ လူအများလိုက်လံသီဆိုနိုင်တဲ့ တေးသွားစာသားတွေကို ရေးစပ်သီကုံးရာမှာ နာမည်ကျော်သူ ဖြစ်ပါတယ်။
ဒါကြောင့် အင်းလျားရေ မချိုးဘဲနဲ့ ဆတပိုးဖြူ၊ ဆရာနန်းတော်ရှေ့က အတွေ့မှန်တာ အဟုတ်ကိုရေးသူ၊ မေပျိုဖြူရယ် ရွှေဘိုသူလောက်ယဉ်တာ ကမ္ဘာမရှိသူ လို့ ရေးစပ်ခဲ့တာပါ။
မန္တလာမြင့်ဟာ တေးအပုဒ် ၂ဝ ကျော် ဓာတ်ပြားသွင်းခဲ့ပြီး ဒီထဲက ကိန္နရီမောင်နှံ၊ တင်လွှာတော် စတဲ့တေးတွေကလည်း သူ့ခေတ်နဲ့သူ ထင်ရှားခဲ့ပါတယ်။
တခါတခေါက်ဖြင့် ရောက်စေချင်သူ
မစိမ်းစိမ်းကတော့ သူ့ဇာတိ မန္တလေးကို တေးနဲ့ ကြော်ငြာခဲ့သူပါ။
ရွှေမန်းဆီသို့ဟာ မန္တလေးမြို့ဖွဲ့တေးပေါင်းများစွာထဲမှာ နှစ်ပေါင်း ၅ဝ ကျော်အောင် လူကြိုက်များတဲ့တေးတပုဒ် ဖြစ်ပါတယ်။ သူနဲ့ အပြိုင်လို့ ပြောနိုင်တဲ့ စိန်ပါတီရဲ့ မြနန္ဒာ တောင်မှ ခုခေတ်မှာ သူ့လောက် လူသိ မများတော့ပါဘူး။
ဦးဘသိန်းရဲ့ တေးစာသားမှာ မစိမ်းစိမ်းရဲ့ အသံနဲ့ တီးခတ်မှု နောက်ခံတွေကြောင့် ဒီသီချင်းဟာ မန္တလေးရဲ့ ပုံရိပ်လို ဖြစ်လာခဲ့ပါတယ်။
ကျုံးတော်ပတ်လည် ပြမြို့ရိုး ပြအိုးပစ္စင်
ကာရံခါတည် မြန်မာဆန်ဌာနီ သာယာပါဘိသည်
ရေရိပ်ရေအောက်ဆီ နေခြည်ဟပ်ခါ လွန်ပဏာရလှသည်
စတဲ့ တေးသံကြောင့်ပဲ မန္တလေးမြို့ရဲ့ပုံရိပ်တွေဟာ နိုင်ငံအနှံ့က တေးချစ်သူတွေကြား ရောက်ရှိသွားခဲ့ပါတယ်။
ဤလူ့ဘောင်တွင် ဇာတ်ကားမှာ နောက်ခံတေးအဖြစ် မင်းသမီးမြင့်မြင့်ခင် ဆိုခဲ့တဲ့ ဒီတေးဟာလည်း နောက်မှဆိုသူ မစိမ်းစိမ်းအမည်နဲ့ပဲ ထင်ရှားခဲ့သလို ရန်ကုန်-မန္တလေး ရထားပေါ်မှာ ဖွင့်တဲ့တေးတပုဒ် ဖြစ်လာခဲ့ပါတယ်။
မစိမ်းစိမ်းဟာ သလ္လာရွှေမြေ၊ ကံ၊ ဖိတ်ခေါ်သံ စတဲ့ ဦးဘသိန်းရဲ့ တခြားတေးတွေကို ဆိုခဲ့သလို မှာချွေစကား၊ မြတ်သောအနုပညာ စတဲ့ တခြားတေးတွေနဲ့လည်း ထင်ရှားခဲ့ပါတယ်။ သူ့ဘိုးအေဟာ မန္တလေး မဟာဂီတအဖွဲ့ချုပ်က အဆိုတော်ကြီး ဦးထွန်းအိုင် ဖြစ်ပါတယ်။
မန္တလေးမြို့ဘွဲ့တေးတွေ ဆိုခဲ့တဲ့ မစိမ်းစမ်းဟာ မန္တလေးအဆိုတော်ကြီး မန္တလာမြင့်လိုပဲ အသက်ကြီးရင့်ချိန်မှာ အခက်အခဲတွေ ကြုံခဲ့ပါတယ်။
ဗောဓိရိပ်သာမှာ နှစ်ရှည် တရားထိုင်နေခဲ့ပေမယ့် ကျန်းမာရေးမကောင်းချိန်မှာတော့ ဆက်မနေနိုင်ခဲ့ပါဘူး။ သီလရှင်ဝတ်နဲ့ စစ်ကိုင်းမှာ သွားနေချင်ပေမယ့် အသိချောင်မရှိသလို သီလရှင်ပြုပေးမယ့် ဒကာလည်း မရှိခဲ့ဘူးလို့ မီဒီယာနဲ့ တွေ့ချိန်မှာ သူပြောခဲ့ပါတယ်။
သားထောက်သမီးခံမရှိဖြစ်နေတဲ့အတွက် သူ့ကို စာရေးဆရာမ သန်းမြင့်အောင်က ဆည်းဆာရိပ် သက်ကြီးဂေဟာကို ကားနဲ့သွားခေါ်လာခဲ့ပါတယ်။
အဲဒီမှာပဲ အသက် ၈၉ နှစ်မှာ ကွယ်လွန်ခဲ့တာပါ။
မစိမ်းစိမ်းနဲ့ မန္တလာမြင့်တို့ထက် ပိုပြီးကံကောင်းသူကတော့ မန္တလေးသူ ဒေါ်မေရှင် ဖြစ်ပါတယ်။ အဆိုတင်မက ရုပ်ရှင်ဘက်မှာပါ အောင်မြင်ခဲ့တဲ့ ဒေါ်မေရှင်ဟာ သူ့ဝင်ငွေကို သေချာစုဆောင်းပြီး အသက် ၄ဝ ကျော်မှာ အနားယူကာ မန္တလေးမှာ ပြန်နေခဲ့ပါတယ်။
သူ့ကို ကြည့်ရှု ထောက်ပံ့သူတွေ ရှိသလို တူတူမတွေ၊ အစ်မတွေလည်း ရှိတာမို့ အသက်ရှည်ရှည်နဲ့ အဆင်ပြေအောင် နေသွားခဲ့နိုင်ပါတယ်။
မစိမ်းစိမ်းနဲ့ မန္တလာမြင့်တို့လိုပဲ ဘဝနောက်ပိုင်းမှာ အခက်အခဲတွေ့ရတဲ့ အနုပညာရှင်တွေ အများအပြား ရှိပါတယ်။ သူတို့နှစ်ယောက်ကတော့ သူတို့ဆိုခဲ့တဲ့ သီချင်းနှစ်ပုဒ်နဲ့ နောက်လူတွေ မှတ်မိအောင် ထားရစ်ခဲ့ကြသလို သူတို့မြို့ကိုလည်း ဒီတေးတွေနဲ့ စန်းတင်ခဲ့ကြပါတယ်။