ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဘီဘီစီရောက် တင့်တယ်၊ နှုတ်ခမ်းနီမလေးတို့ အသည်းစွဲစာရေးဆရာ
မြန်မာပြည်နေ့ရက်များ၊ တိရစ္ဆာန်ယာတော၊ ၁၉၈၄ စတဲ့ ကမ္ဘာကျော် စာပေလက်ရာတွေ ရေးခဲ့တဲ့ ဗြိတိသျှစာရေးဆရာ ဂျော့အော်ဝဲလ် လုပ်ကိုင်ခဲ့တဲ့ ရုံးအဖြစ် ဘီဘီစီ အသံလွှင့်ဌာနကို သိကြပါတယ်။
ဘီဘီစီမှာပဲ မြန်မာစာရေးဆရာကြီးတယောက် လုပ်ကိုင်သွားတာ၊ ဘီဘီစီ အလုပ်တစ်ဖက်နဲ့ မြန်မာ စာနယ်ဇင်းတွေမှာ ရေးရင်း စာရေးဆရာဘဝကို လုံးလုံး ရောက်သွားတာကိုတော့ မှတ်မိသူ နည်းပါလိမ့်မယ်။
သူကတော့ ၁၉၄၈ ကနေ ၁၉၅၂ အတွင်း ဘီဘီစီမြန်မာပိုင်းအစီအစဉ်မှာ ဘာသာပြန်နဲ့ သတင်းထုတ်လွှင့်သူအဖြစ် ထမ်းဆောင်ခဲ့တဲ့ ဦးဝင်းစိန်ခေါ် တင့်တယ် ဖြစ်ပါတယ်။
ပျိုတို့အချစ်တော်
စာရေးဆရာကြီးတင့်တယ်ကို တစ်ချိန်က နာမည်ကျော် အချစ် ဝတ္ထုရေးသူအဖြစ် လူသိများသလို ကလောင်ခွဲတွေနဲ့ စာစုံရေးနိုင်သူ၊ ရှုမဝ၊ စန္ဒာစတဲ့ တံခွန်စိုက် မဂ္ဂဇင်းကြီးတွေကို တည်းဖြတ်ပေးခဲ့တဲ့ အယ်ဒီတာကောင်း တစ်ယောက် အဖြစ်လည်း ထင်ရှားခဲ့ပါတယ်။ တင့်တယ်ကလောင်နာမည်ကို ရှုမဝဦးကျော်က ပေးခဲ့တာ လို့လည်း ပန်းချီကိုလေးက ရေးသားခဲ့ပါတယ်။
စစ်ပြီးစ ရှုမဝမဂ္ဂဇင်းထွက်တဲ့ ၁၉၄၇ ကနေ ၁၉၅ဝ ကျော်ထိ နှစ်တွေဟာ တင့်တယ်တစ်ခေတ်လို့ ဆိုရလောက်အောင် ဝတ္ထုတွေ ထွက်ခဲ့တဲ့ခေတ် ဖြစ်ပါတယ်။ ရှုမဝထုတ်တာ လတစ်ရာ ပြည့်တဲ့အချိန် ၁၉၅၅ မှာ တင့်တယ် ကလောင်နဲ့ စာ (၇၂) ပုဒ် ၊ အောင်မြင် ကလောင်ခွဲနဲ့ (၅၉) ပုဒ် ရေးခဲ့တဲ့အထိ ရေးအားကောင်းပါတယ်။
တင့်တယ်ရေးတဲ့ ဝတ္ထုတိုရှည် အများစုဟာ အချစ်ဇာတ်လမ်းတွေ များပြီး နိုင်ငံခြား ဇာတ်လမ်းနဲ့ ရုပ်ရှင်တွေကို မှီငြမ်းတာတွေလည်း ပါပါတယ်။ ဒါပေမဲ့ အဖွဲ့အနွဲ့ ကောင်းသူဖြစ်လို့ တင့်တယ်ရဲ့ လက်ရာကို လူငယ်နဲ့ အမျိုးသမီးပရိသတ်တွေ စွဲလမ်းခဲ့ကြပါတယ်။ သူ့စာပါတဲ့လမှာ နယ်က စာအုပ်ကိုယ်စားလှယ်တွေက နှစ်ဆတိုးပြီး ရှုမဝကို မှာကြတဲ့အထိ တင့်တယ်ခေတ် ဖြစ်ခဲ့တယ်လို့ အဆိုရှိပါတယ်။
ဒါကြောင့် သူနဲ့ခေတ်ပြိုင် ဒဂုန်တာရာက တင့်တယ်ကို နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲလို့ တင်စားခဲ့တာပါ။ သူ့ရဲ့မှီငြမ်းပြု ဝတ္ထုတွေထဲက ရုပ်ရှင်ရိုက်ကူး ထင်ရှားခဲ့ တာတွေက ဖြေလျော့ခွေ၊ ထား၊ ဖိုးပြုံးချို စတဲ့ ဝတ္ထုတွေ ဖြစ်ပါတယ်။
ပြန်ကြားရေးမှ ဘီဘီစီသို့
တင့်တယ်ဟာ ဒုတိယကမ္ဘာစစ်ကြီး မဖြစ်ခင်ကတည်းက အောင်ကျော် နာမည်နဲ့ အပျော်ဖတ် ဝတ္ထုတွေ ရေးခဲ့ပါတယ်။ တက္ကသိုလ်မှာ သခင်ဝင်းစိန်အဖြစ် နိုင်ငံရေး လှုပ်ရှားခဲ့တယ်လို့လည်း စာရေးဆရာမ ကြူကြူသင်းက စာပေဂုဏ်ဆင့် ကိုးမျက်ပွင့် စာအုပ်မှာ ရေးပါတယ်။
စစ်အတွင်း ရွှေတိဂုံဇရပ်မှာ အခြေပြုတဲ့ အစိုးရ စာပေနဲ့ စာကြည့်တိုက်ဌာနစိတ်မှာ အမှုထမ်းခဲ့ပြီး ကျောင်းသုံးသမိုင်းစာအုပ်တွေ ရေးသားခဲ့ပါတယ်။
စစ်ပြီးခေတ်မှာ သူကြီးဂေဇက် ဦးခင်မောင်ရဲ့ ပြန်ကြားရေးဌာနမှာ အမှုထမ်းခဲ့ပါတယ်။ အဲဒီကနေ ဘီဘီစီအသံလွှင့်ဌာနအတွက် အမှုထမ်းဖို့ အတွင်းဝန် ဦးသန့် (ကုလသမဂ္ဂ) အကူအညီနဲ့ ရွေးချယ်ခံရတာ ဖြစ်ပါတယ်။
သူ့အရင်က ပုခန်းကြီး ဦးအောင်မင်းလို့ သိကြတဲ့ ဦးအောင်မင်း ပြန်ကြားရေးဌာနကနေ ဘီဘီစီမှာ သွားရောက်လုပ်ကိုင်ခဲ့ပေမယ့် တင့်တယ် သွားတဲ့အခါမှာတော့ နာမည်ကြီး စာရေးဆရာ ဖြစ်တဲ့အတွက် ပိုပြီး လူသိများခဲ့ပါတယ်။
နောက် လန်ဒန်ကနေ အနောက်တိုင်းအတွေ့အကြုံတွေကို ဆောင်းပါးဝတ္ထုတွေ အလျင်မပြတ် ရေးခဲ့တဲ့အတွက် ပိုထင်ရှားလာခဲ့ပါတယ်။
ကိုလိုနီလွန် အရေးအသားများ
တင့်တယ်ရဲ့ လန်ဒန်အရေးအသားတွေဟာ လွတ်လပ်စ နိုင်ငံသားတစ်ယောက်ရဲ့ ကိုလိုနီနိုင်ငံဟောင်း အတွေ့အကြုံတွေ ဖြစ်ပါတယ်။ သူ့စာတွေထဲမှာ နိုင်ငံကို လွမ်းတဲ့ စာတွေ ပါသလို လန်ဒန်အကြောင်းတွေလည်း ပါပါတယ်။ ဒါပေမဲ့ တင့်တယ်စာတွေမှာ နိုင်ငံခြားကို အထင်ကြီး အားကျတဲ့စိတ်ထက် ပြည်ပမှာ စစ်ပြီးစရှားပါးမှုအခက်အခဲတွေ၊ အတုယူစရာနဲ့ သင်ခန်းစာယူစရာ အချက်တွေကို အသားပေးတဲ့ စာတွေကို တွေ့ရပါတယ်။
အဲဒီအချိန်က လွတ်လပ်စ မြန်မာပြည်မှာ ကိုလိုနီအင်ပါယာဟောင်းကို အထင်ကြီးသူတွေ များဆဲဖြစ်ပြီး အင်္ဂလန်အကြောင်း အမွှမ်းတင်တဲ့စာတွေပဲ ပေါတဲ့အတွက် ဆိုးတဲ့အချက်တွေကို ဦးစားပေးရေးမယ်ဆိုပြီး ဆုံးဖြတ်ခဲ့ကြောင်း တင့်တယ်က စာပေဝန်းကျင်နှင့် ကျွန်တော် စာအုပ်မှာ ရေးပါတယ်။
ပန်းကန်အပဲ့နဲ့ရောင်းတဲ့ လန်ဒန်လမ်းဘေးက လက်တွန်းလှည်း လက်ဖက်ရည်ဆိုင်လေး တွေကအစ အိမ်အပျက်အစီးတွေကို တော်သလိုပြုပြင်ပြီး ဖြစ်အောင်နေရတဲ့သူတွေ အကြောင်းထိ သူရေးခဲ့သလို စီးကရက် တလိပ်၊ နိုင်လွန်ခြေအိတ်တစုံနဲ့ ပျက်စီးရတဲ့ ဥရောပက အမျိုးသမီးတွေနဲ့ ဘဝရပ်တည်ရေးအတွက် လန်ဒန်ပန်းခြံတွေမှာ ပြည့်တန်ဆာ အဖြစ်ကျင်လည်ရတဲ့ အနောက်တိုင်းသူတွေအကြောင်းကိုလည်း ကရုဏာသက်စရာ ဖြစ်အောင် တင့်တယ် သရုပ်ဖော်ခဲ့ပါတယ်။
ဒီလို ခေတ်မကောင်းတဲ့အကြောင်းတွေအပြင် အင်္ဂလိပ်လူမျိုးတွေရဲ့ အတုယူစရာ ကောင်းတဲ့အချက်တွေကိုလည်း သူ ဖော်ထုတ် ရေးသားခဲ့ပါတယ်။ အချိန်ကို လေးစားခြင်း၊ ရိုးသားခြင်းနဲ့ ငွေကြေးစေ့စပ်ခြင်း စတဲ့ အကျင့်စရိုက်ကောင်းတွေကို တင့်တယ်၏ တင့်တယ် မှာ သူက ဥပမာတွေနဲ့ ရေးသားခဲ့တာ ဖြစ်ပါတယ်။
တစ်ဖက်မှာတော့ တော်လှန်ရေးကောင်စီခေတ် ဆိုရှယ်လစ် စီးပွားရေးအောက်မှာ ဆီစာအုပ်ထုတ်စားရတဲ့ မြန်မာပြည်သားတွေရဲ့ဘဝကို စစ်ကြီးပြီးစ ဗြိတိသျှနိုင်ငံသားတွေရဲ့ ရာရှင်စာအုပ်နဲ့ နှိုင်းယှဉ်ရေးပြပါတယ်။ သည်းခံချွေတာပြီး အပျော်အပါးထက် နိုင်ငံ တည်ဆောက်ရေးကို ဦးစားပေးတဲ့ အင်္ဂလိပ်လူမျိုးတွေရဲ့ အကျင့်ကို ဆင်းရဲပေမယ့် အပျော်မလျှော့တဲ့ ၊ ရာသီဥတုနဲ့ အစားအသောက်ပိုပြည့်စုံတဲ့ အဲဒီခေတ်က မြန်မာတွေနဲ့ ချိန်ထိုးပြခဲ့ပါတယ်။
တစ်ချိန်က ကျွန်ပြုခံခဲ့ရတဲ့ အာဃာတနဲ့ အင်္ဂလိပ်တွေရဲ့ အပြစ်ကို သာသာထိုးထိုး ရေးခဲ့မိတဲ့အတွက် မမျှတတဲ့ မျက်ကန်းမျိုးချစ်စိတ် ရှိခဲ့တယ်လို့လည်း နောက်ပိုင်းမှာ တင့်တယ် ဝန်ခံခဲ့ပါတယ်။ နောက် အင်္ဂလန်မှာ ဖိနပ်ကြောင့် ခြေထောက်နာတဲ့အကြောင်း စာဖွဲ့နေကြချိန်မှာ မြန်မာပြည်မှာ ပြည်တွင်းစစ်ဖြစ်နေလို့ လူတွေသေနေတဲ့အပြင် တီဘီ၊ ငှက်ဖျား၊ ကာလသားစတဲ့ ကူးစက်ရောဂါတွေကိုလည်း မနှိမ်နင်းနိုင်ဖြစ်နေတဲ့အကြောင်း ဖဝါးခြေတော်နုနု ဆိုပြီး မချင့်မရဲနဲ့ သူရေးခဲ့ဖူးပါတယ်။
ပေါင်ဖြူနဲ့ ဘောလဒန့်
တင့်တယ်ဟာ မျိုးချစ်သန်ပေမယ့် တစ်ဖက်မှာတော့ အနောက်နိုင်ငံ ယဉ်ကျေးမှုနဲ့ အလှကို မြန်မာတွေ နားလည်ဆင်ခြင်နိုင်အောင်နဲ့ သုံးသပ်နိုင်အောင် သူရေးခဲ့ပြန်ပါတယ်။
ကိုလိုနီခေတ်တစ်လျှောက်လုံး ဖြူရင်လှတယ်ဆိုတဲ့ အမြင်ကြီးစိုးခဲ့တဲ့ မြန်မာလူမျိုး တစ်ယောက်အနေနဲ့ လန်ဒန်မှာ အသားဖြူတဲ့သူတိုင်း မလှကြောင်း၊ အနောက်တိုင်းသူတွေရဲ့ အသားအရေဟာ မြန်မာအမျိုးသမီးတွေလို ဝါဝင်းစိုပြည်မှု မရှိကြောင်း၊ အနောက်သူတွေရဲ့ ကျန်းမာရေးလိုက်စားမှု၊ ပုံပန်းကျအောင် ဝတ်ဆင်တတ်မှု တွေကသာ သူတို့အားသာချက်ဖြစ်ကြောင်း တင့်တယ်က သေချာရှင်းပြခဲ့ပါတယ်။ ဇာပွဲကပြန် ဆောင်းပါးမှာတော့ ဇာဝတ်စုံဝတ်ပြီး မလုံ့တလုံကတဲ့ အမျိုးသမီးတွေပွဲက ပြန်လာတဲ့ မြန်မာမိတ်ဆွေမှာ ဝက်သား စားချင်စိတ်ပေါက်တဲ့ အကြောင်း ဟာသလုပ်ရေး ပါတယ်။ အခုခေတ်မှာ ဒီလိုဟာသ ရေးရင်တော့ အသား အရောင် ခွဲခြားသူ အဖြစ် မြင်ခံရနိုင်ပါတယ်။
နောက် အဲဒီခေတ်က ပွတ်သဘင်လို့ မြန်မာစာနယ်ဇင်းတွေမှာ ခေါ်ဆိုကြတဲ့ ရင်ချင်းအပ်အကဟာ သူ့နိုင်ငံ ရာသီဥတုယဉ်ကျေးမှု လူမှုဆက်ဆံရေးနဲ့ ကိုက်ပေမဲ့ မြန်မာပြည်နဲ့ အဆင်မပြေတဲ့အကြောင်း ရှင်းပြပြန်ပါတယ်။ တစ်ခါ အနောက်တိုင်းသူတွေရဲ့ အိမ်ထောင်ရေးအယူအဆနဲ့ ၁၉၅ဝ ကျော်က မြန်မာမိန်းကလေးတွေပုံစံ မတူတဲ့ အကြောင်းလည်း တင့်တယ်က ရေးပါတယ်။ ၂ဝဝဝ ပြည့်လွန်နှစ်တွေမှာ ပြောင်းလဲလာတဲ့ မြန်မာလူနေမှု ပုံစံမှာတော့ အမျိုးသမီးအမျိုးသား ဆက်ဆံရေးဟာ တင့်တယ် ရေးခဲ့ တာထက် အများကြီး လွတ်လပ်ပွင့်လင်းလာကြပြီ ဖြစ်ပါတယ်။
အနောက်တိုင်းအလှနဲ့ ယဉ်ကျေးမှုအကြောင်း ဗိုလ်ချုပ်ကြီးနေဝင်းခေတ်မှာ တင့်တယ်ရေးခဲ့ပေမယ့် ၁၉၆၂ စစ်အာဏာ သိမ်းပြီးနောက် မြန်မာပြည်မှာ အနောက်တိုင်းအကနဲ့ ဖဲကစားတာ၊ မြင်းလောင်းတာ၊ လှယဉ်ကျေးမယ် ပြိုင်ပွဲ လုပ်တာတွေကို အရင်းရှင်အနောက်တိုင်းအငွေ့အသက်တွေ ဆိုပြီး ပိတ်ပင်ထားပြီး ဖြစ်ပါတယ်။ ၁၉၈၈ နောက်ပိုင်း မယ်ပြိုင်ပွဲနဲ့ ကပွဲရုံတွေ ပြန်ပေါ်လာပေမယ့် မြင်းလောင်း တာတော့ ပြန်မပေါ် လာတော့ပါဘူး။
လန်ဒန်ကမြန်မာများ
စစ်ပြီးစ လန်ဒန်မှာ စာလာသင်ကြတဲ့ မြန်မာပညာတော်သင်တွေနဲ့ ဘီဘီစီ ဝန်ထမ်းတွေ အကြောင်း၊ သံရုံးအမှုထမ်းတွေနဲ့ အပြင်မှာ အလုပ်လုပ်တဲ့ မြန်မာတွေအကြောင်း ကိုလည်း တင့်တယ် ရေးချယ် ခဲ့ပါတယ်။ အားလ်စ်ကုတ်ရပ်ကွက်က အိမ်တစ်အိမ်မှာ စုပေါင်းနေကြတဲ့မြန်မာတွေအကြောင်းနဲ့ လူနည်းနည်းပဲ ရှိတဲ့အချိန်က တစ်ယောက်နဲ့ တစ်ယောက် ဖေးမကြပြီး နောက်ပိုင်းမှာ အုပ်စုတွေ ကွဲတဲ့ မြန်မာတွေအကြောင်း ဖြစ်ပါတယ်။
လန်ဒန်ရောက်ခါစက အရက်ဆိုင်တွေ လမ်းပြပြီး စီးကရက်ဝယ်ခိုင်းတဲ့ ဟင်နရီ၊ သူ့ကို အနောက်တိုင်းအက သင်ပေးတဲ့ ပုံနှိပ်စက်ပညာသင် ဖရက်ဒီဝကြီး၊ သူနဲ့အတူ ကပွဲရုံတွေ သွားလေ့ရှိတဲ့ မြန်မာလေတပ်ဗိုလ်၊ မြန်မာပြည်မှာ ချစ်သူကျန်ခဲ့လို့ အနောက်တိုင်း သူတွေကို ရှောင်တဲ့ ဒေါက်တာဝင်းလှိုင် စတဲ့ လူတွေအကြောင်းကို မြန်မာ စာဖတ်သူတွေဆီ တင့်တယ် ဘိလပ်က ပေးပို့ခဲ့တာ ဖြစ်ပါတယ်။
မစ္စတာနာပီးကတော့ လန်ဒန်မှာ ဆန်၊ ငါးပိ၊ ပဲငံပြာရည်စတဲ့ မြန်မာတွေ ကြိုက်တဲ့ အာရှအစားအသောက်တွေ အလွယ်တကူ ဝယ်လို့မရတဲ့ခေတ်က ရှားရှားပါးပါးရတဲ့ ငါးပိကို အင်္ဂလိပ်အိမ်ရှင်မတွေ့အောင် ဝှက်ရသော့ခတ်ရတဲ့ မြန်မာတွေ အကြောင်း ဖြစ်ပါတယ်။ တင့်တယ်အတွက် ဆန်နဲ့ ငါးပုတ်ပြား၊ လက်ဖက်ခြောက် အပြင် စီးကရက်၊ သကြား စတဲ့ လန်ဒန်မှာ အဲဒီခေတ်က ရှားတဲ့ကုန်တွေကို ရန်ကုန်က ရှုမဝဦးကျော်က သင်္ဘောနဲ့ ပို့ပေးရတာဖြစ်ပြီး တင့်တယ် ရေးတဲ့ပေးစာကိုလည်း ရှုမဝက ဖော်ပြခဲ့ပါတယ်။
ဘီဘီစီမှာ အဲဒီအချိန်က မြန်မာဆိုလို့ တင့်တယ်အပြင် ဦးတင်မောင်နဲ့ ဦးအောင်မင်းပဲ ရှိပါတယ်။ ဦးအောင်မင်း ဘယ်ရောက်သွားတယ်မသိပေမဲ့ ရန်ကုန် ယုဒသန် ကောလိပ်က နည်းပြဟောင်း ဦးတင်မောင်ကတော့ ၁၉၉ဝ ကျော်မှ လန်ဒန်မှာ ကွယ်လွန်သွားပါတယ်။ ဦးတင်မောင်ရဲ့ ဟင်းအချက်အပြုတ် ကောင်းတဲ့အတွက်လည်း ဒဂုန်ခင်ခင်လေးစတဲ့ အဲဒီခေတ်က လန်ဒန်ကို ရောက်လာကြတဲ့ မြန်မာတွေရဲ့ မှတ်တမ်းတွေမှာ ဖော်ပြခံရ ပါတယ်။
နောက် ဘီဘီစီမှာ (၁၅) မိနစ်စာ သတင်းဘာသာပြန်အသံလွှင့်ဖို့အတွက် စမ်းသပ်လေ့ကျင့်ရတဲ့ အကြောင်းတွေကိုလည်း တင့်တယ်က မှတ်တမ်းပြုခဲ့ပါတယ်။ မြန်မာဘာသာ နားမလည်ပေမယ့် အချက်ပြစနစ်နဲ့ အသံလွှင့် တာဝန်ခံ အင်္ဂလိပ်လူမျိုးတွေနဲ့ ဆက်သွယ် အလုပ်လုပ်ကြတဲ့အကြောင်း၊ သတင်းဖတ်ချိန် ကွက်တိဖြစ်အောင် ဖတ်နှုန်းကို တွက်ရတဲ့ အကြောင်း စတာတွေကတော့ မျက်မှောက်ခေတ် အသံလွှင့်အလုပ်လုပ်ပုံတွေနဲ့ သိပ်ပြီး မကွာတာကို တွေ့ရပါတယ်။ အဲဒီခေတ် ဘီဘီစီအသံလွှင့်ဝန်ထမ်းအဖြစ် တစ်လ ပေါင် (၆ဝ) ကျော် ရပြီး သာမန်အလုပ်သမားတွေ တစ်ပတ် လေးပေါင်ပဲ ရတဲ့အကြောင်းလည်း ဖော်ပြခဲ့ပါတယ်။
တင့်တယ် မဖော်ပြခဲ့တဲ့ အကြောင်းတစ်ခုကတော့ ပြည်ပ ထွက်ပြေးလာတဲ့ စာရေးဆရာ ရဲခေါင် ချက်ကိုဆလိုဗက်ကီးယားကို ထွက်လို့ရအောင် ကူခဲ့တဲ့အကြောင်း ဖြစ်ပါတယ်။ လန်ဒန်သံရုံးမှာ သူ့ကို ဗီဇာထုတ် ပေးလိုက်တဲ့ မြန်မာအရာရှိ ရန်ကုန် ပြန်ခေါ်ခံရတယ်ဆိုပြီး အဲဒီခေတ်က အိုးဝေသတင်းစာမှာ ဖော်ပြခဲ့ပါတယ်။ တင့်တယ် အဆက်အသွယ်နဲ့ ရဲခေါင် သွားလို့ရအောင် စီစဉ်ပေးလိုက်ကြောင်း ဒဂုန်တာရာက ပရက်(ဂ်)ရဲတိုက်၊ မလ်တာဗာမြစ်နှင့် ဘိုဟေးမီးယား ရုပ်ပုံလွှာမှာ ရေးသားခဲ့ပါတယ်။ တကယ်က ရဲခေါင်နဲ့ တင့်တယ်ဟာ စာပေမူဝါဒမှာ လက်ဝဲနဲ့ လက်ယာလို ဖြစ်ခဲ့ပေမယ့် စာရေးဆရာချင်း တင့်တယ်က ကူညီခဲ့ပုံရပါတယ်။
ပြည်တော်ပြန်
လန်ဒန်တင်မက ဥရောပဘက်ထိ စက်ဘီးနဲ့ ခြေစကြာဖြန့်ခဲ့တဲ့ တင့်တယ်ဟာ ဗြိတိသျှနိုင်ငံသားအဖြစ် ခံယူလို့ရပေမယ့် မြန်မာပြည်ကို ပြန်လာခဲ့ပါတယ်။ မြန်မာပြည်ကို မပြန်နိုင်တဲ့နှစ်တွေအတွင်း သားတယောက် ဆုံးပါး သွားတာကိုတောင် ဇနီးဖြစ်သူ စိန်က မပြောဘဲ ထားခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာပြည်က မထွက်ခင်ကတည်းက ပြန်ကြားရေးက အလုပ်ထွက်ခဲ့ရတဲ့အတွက် တင့်တယ်ဟာ စာပေနယ်ကို ခြေစုံပစ် ဝင်ခဲ့ပါတယ်။ တင့်တယ် စာတည်းလုပ်တဲ့ခေတ်က ရှုမဝမှာ စာမူတစ်ပုဒ်ပါခွင့်ရဖို့ တော်တော်ခက်ခဲ ပါတယ်။ မောင်နေဝင်းလို နာမည်ကျော် စာရေးဆရာ ဖြစ်လာမယ့်သူတွေလည်း အပယ်ခံခဲ့ရပါတယ်။ ဒီလိုပယ်ပေမဲ့ စိတ်မပျက်ဘဲ ဆက်ရေးဖို့ တင့်တယ်က သူတို့ကို တိုက်တွန်းခဲ့တယ်လို့ မောင်နေဝင်းက ပြန်ပြောင်း ရေးခဲ့ပါတယ်။
နောက် လွတ်လပ်ရေးခေတ် မြန်မာပြည်သူလူထု အသိပညာတိုးရေးအတွက် ဘက်ပေါင်းစုံက ချဲ့ထွင်ဖို့ တင့်တယ်နဲ့ ရှုမဝအဖွဲ့ ကြိုးစားခဲ့ပါတယ်။ လန်ဒန်ပြန် တင့်တယ်နဲ့ ရှုမဝဦးကျော်တို့ဟာ ဇေယျ၊ ဇော်ဂျီ၊ ဇဝန ဇသုံးလုံးကို အမှူးထား၊ အောင်ဗလကို သတင်းထောက်ချုပ်လုပ်စေကာ သတင်းစာထုတ်ပြီး ဖဆပလအစိုးရကို ကြိုးကိုင်ဖို့အထိ စိတ်ကူးခဲ့ကြတယ်ဆိုပြီး သော်တာဆွေက ကျွန်တော့်ဘဝ ဇာတ်ကြောင်းမှာ ဖော်ပြ ခဲ့ပါတယ်။
နောက် တင့်တယ်ယူလာခဲ့တဲ့ ရုပ်ရှင်ရိုက်နည်းစာအုပ်တွေနဲ့ ရှုမဝရုပ်ရှင်အစပျိုးခဲ့ပါတယ်။ ရှုမဝပွဲဦးထွက် လာလုလုငေးဟာ တင့်တယ်ရဲ့ ဇာတ်လမ်းဖြစ်ပေမဲ့ တင့်တယ်ဟာ ဒါရိုက်တာ အဖြစ် မအောင်မြင်ခဲ့ပါဘူး။
အုတ်ခဲနဲ့ထုမယ်ကြံ
တစ်ချိန်က လက်နှိပ်စက်စာရေးမသုံးယောက်လောက် ငှားပြီး စာရေးခဲ့တဲ့ တင့်တယ်၊ ကိုယ်ပိုင်ကားနဲ့ ပုံနှိပ်စက် ရှိခဲ့တဲ့ တင့်တယ်ဟာ ဘဝနှောင်းပိုင်းမှာ အဆင်မပြေ ဖြစ်ခဲ့ရကြောင်း သော်တာဆွေ၊ အောင်စိုး၊ ဗန်းမော်တင်အောင် စတဲ့ ရောင်းရင်း စာပေသမားတွေက အမှတ်တရ ရေးခဲ့ကြပါတယ်။ ကျန်းမာရေးချို့ယွင်းလာတဲ့ တင့်တယ်ဟာ စိတ်ရောဂါကုဆေးရုံကို အကြိမ်ကြိမ် တက်ပြီး အရက်ဖြတ် ခဲ့ရပါတယ်။ အရက်ကြောင့်ပဲ စာပေဗိမာန်ဆုရတာကို တက်မယူနိုင် ဖြစ်ခဲ့တယ်လို့ အောင်စိုးက ရောင်းရင်းရေးဖော်များမှာ ရေးပါတယ်။
ရရသုံးသုံး သောက်သောက်စားစား နေခဲ့တဲ့အတွက် ငွေပေါချိန်က တစ်ပုလင်းကို အဲဒီခေတ် ငွေတစ်ရာလောက်တန်တဲ့ မြင်းဖြူဝီစကီကို သောက်နိုင်တဲ့ တင့်တယ်ဟာ ဘိုင်ပြတ်ချိန်မှာ ချက်အရက်ကိုင်ရပေမယ့် ဝမ်းမနည်းဘူးဆိုပြီး ဗန်းမော်တင်အောင်က ကျနော် စာအုပ်မှာ ရေးခဲ့ပါတယ်။
နောက် တင့်တယ်ခေတ်ကုန်လာချိန်ဟာ မြန်မာပြည်စီးပွားရေးကျချိန်၊ နိုင်ငံရေး လွတ်လပ်မှု ကျဆင်းချိန်တွေနဲ့ တိုက်ဆိုင်နေပါတယ်။ ဒါကြောင့် စာပေတိုက်တွေ ကလည်း စာရေးဆရာတွေကို အရင်လို လုံလောက်အောင် မပေးနိုင်တော့ပါဘူး။
ဒီလိုနဲ့ တစ်ရက် သွေးသောက် ဦးပြည့်စုံဆီ စာမူခသွားထုတ်ရာမှာ မဖြစ်စလောက် ငွေလေးသာ ပေးလိုက်ကြောင်း၊ အပြင်ရောက်တော့ ဒါကျုပ်တို့ပိုက်ဆံနဲ့ ဝယ်ထားတဲ့ကား ဆိုပြီး ဦးပြည့်စုံကားကို ခဲနဲ့ထုဖို့ လုပ်လို့ ချော့မော့ခေါ်လာခဲ့ရတယ်ဆိုပြီး အောင်စိုးက ရေးပါတယ်။ နောက် တင့်တယ်၊ သန်းဆွေ စတဲ့ အယ်ဒီတာကောင်း တွေရဲ့ ဝိုင်းဝန်းမှုနဲ့ ရှုမဝမဂ္ဂဇင်းဟာ တစ်လကို စောင်ရေ နှစ်သောင်း နီးပါးအထိ ဖြစ်ခဲ့ပေမယ့်လည်း ငွေရင်းမရှိတဲ့ တင့်တယ်တို့ စံစားဖို့ မဖြစ်ခဲ့ပါဘူး။
နောက်ထပ် တင့်တယ်ရဲ့ မအောင်မြင်ခဲ့တဲ့ အိပ်မက်တစ်ခုကတော့ မောင်းမကန် ကမ်းခြေဖြစ်ပါတယ်။ ဒဂုန်ခင်ခင်လေးနဲ့ ဗမာ့ခေတ်ဦးအုန်းခင်တို့ ဖော်ထုတ်မှုနဲ့ ငပလီကမ်းခြေ နာမည်ကြီးခဲ့သလို မောင်းမကန်ကို အပန်းဖြေစခန်း ဖြစ်အောင် တင့်တယ်က ကိုလေးတို့မောင်းမကန် စတဲ့ ဝတ္ထုတွေ ရေးပြီး ဆော်သြခဲ့ပါတယ်။ မောင်းမကန်က ဘန်ဂလိုတစ်လုံးကို ငွေနှစ်ထောင့်ငါးရာပေးပြီး တင့်တယ် ရင်းနှီးမြှုပ်နှံ ခဲ့တယ် လို့လည်း သော်တာဆွေက ရေးပါတယ်။ အင်္ဂလန်ကလူတွေ နွေရာသီကမ်းခြေ သွားနေသလိုမျိုး ဖြစ်လာအောင် တင့်တယ် ကြိုးစားခဲ့ပေမဲ့ ပြည်တွင်းမငြိမ်းချမ်းမှု၊ အဲဒီခေတ်က လေယာဉ်တစ်လမ်းပဲ ရှိတဲ့အတွက် သွားလမ်းလာလမ်း မသာမှုတွေကြောင့် မောင်းမကန် မအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။
မိဂျုံ
စစ်ပြီးစ ဗြိတိန်မှာ အင်ပါယာစိတ်တွေ မကုန်သေးတဲ့အတွက် လူမျိုးရေးခွဲခြားမှု ရှိတယ်ဆိုပြီး တင့်တယ်က ရေးခဲ့ပါတယ်။ ဒီထဲကပဲ ဂျုံးနီဆိုတဲ့ အင်္ဂလိပ်မကလေး တစ်ယောက်နဲ့ ကပွဲရုံမှာ တွေ့ပြီး ချစ်ကြိုက်ခဲ့ပါတယ်။ သူတို့တွေ့ချိန်က မိန်းကလေးက အသက် (၁၆) နှစ်မပြည့်သေးဘူးလို့လည်း ဆိုပါတယ်။ အဲဒီမိန်းကလေးကို မြန်မာပြည် ခေါ်ဖို့လုပ်ရာမှာ ဖဆပလဝန်ကြီး ဦးဗဆွေက သဘောမတူလို့ ဗီဇာထုတ် မပေးခဲ့ဘူး လို့လည်း သော်တာဆွေက ရေးပါတယ်။ အကြောင်းက လွတ်လပ်ရေးမယူခင်က မြန်မာပြည်မှာ နိုင်ငံခြားသားတွေ ယူခဲ့တဲ့ မြန်မာအမျိုးသမီးတွေကို သူတို့တိုင်းပြည် ခေါ်သွားလေ့မရှိလို့ မြန်မာပြည်ကို နိုင်ငံခြားသူတွေ ခေါ်ခွင့် မပြုတာလို့ ဆိုပါတယ်။
ဒါပေမဲ့ မြန်မာပြည်မှာ ၁၉၆ဝ ကျော်ထိ မြန်မာပညာတော်သင်အမျိုးသားတွေ ခေါ်လာတဲ့ နိုင်ငံခြားသူဇနီးမယားတွေ ရှိခဲ့ပြီး မြန်မာတက္ကသိုလ်တွေမှာ ပါမောက္ခအဖြစ် ပို့ချပေးခဲ့တဲ့ ဒေါက်တာကက်သလင်းဖို့ဘ်စ်ခေါ် ဒေါ်ရင်ရင်လို ပညာရှင်တွေ ရှိခဲ့ပါတယ်။
တင့်တယ်ဟာ ဂျုံးနီကို လူခေါ်လို့မရတဲ့အတွက် စာထဲမှာပဲ အလွမ်းသယ်ခဲ့ရပြီး မိဂျုံ ဝတ္ထုတွေကို ရေးခဲ့ပါတယ်။ ၁၉၄၇ က သူရေးတဲ့ ရွှေချစ်ငွေချစ်မှာ အမျိုးပျက်မှာစိုးလို့ ဆိုပြီး အနောက်တိုင်းသူကို မြန်မာအမျိုးသားက မယူတဲ့ဇာတ်ကို ခင်းခဲ့ပေမယ့် တကယ့် လက်တွေ့မှာတော့ အနောက်သူကို တင့်တယ် မရှောင်နိုင်ခဲ့ပါဘူး။
အဖွဲ့အနွဲ့ချွန်သူ
တင့်တယ်ဟာ စစ်မဖြစ်ခင်က နာမည်ကြီးတဲ့ တက်ထွန်းရဲ့ ပိတောက်ရွှေဝါ ဝတ္ထုအသွားမျိုး စာကိုချောမွေ့နုကြိုင်အောင် ဖွဲ့တယ်ဆိုပြီး အောင်စိုးက ရေးပါတယ်။ တင့်တယ်ရဲ့စာဟာ မြွေတွင်းထဲ ဝင်သလို ချောကနဲရှိတယ် လို့လည်း ငွေဥဒေါင်းက ဆိုပါတယ်။
တက်တိုးကတော့ တင့်တယ်ဟာ စာရေးမြန်ပေမဲ့ သူရေးတဲ့စာတွေအတွက် ဂုဏ်မယူဘူးလို့ ပြောပါတယ်။ လူ့သဘာဝနက်နဲတဲ့ စာပေဝတ္ထုတွေကိုပဲ ရေးချင်ကြောင်း တင့်တယ်က ပြောခဲ့တယ်ဆိုပေမဲ့ စစ်ပြီးစ မြန်မာပြည်မှာ စာဖတ်သူဦးရေတိုးလာအောင် မဂ္ဂဇင်းဝတ္ထုတွေနဲ့ စည်းရုံးမယ် ဆိုပြီး တင့်တယ်တို့ ကြိုးစားခဲ့ပါတယ်။
ဒါကြောင့် အဲဒီခေတ်က မြန်မာလူငယ်စိတ်ကူးယဉ်သမားကလေးတွေဟာ တင့်တယ်နဲ့ နှုတ်ဆက်ပြီး တင့်တယ်နဲ့ ကျိန်ဆဲကြတယ် ဆိုပြီး တင့်တယ်ဖမ်းစားမှုကို တက်တိုးက စာဖွဲ့ခဲ့ပါတယ်။
လေးနက်တဲ့ စာပေမဂ္ဂဇင်းအဖြစ် ဒဂုန်တာရာနဲ့ မြသန်းတင့်၊ ဂျာနယ်ကျော်မမလေးစတဲ့ စာပေသစ် အုပ်စုက ထုတ်ဝေခဲ့တဲ့ တာရာ၊ စာပေသစ်မဂ္ဂဇင်း၊ ဂန္ထဝင်ဂျာနယ်စတာတွေ နှစ်ပိုင်းလပိုင်းနဲ့ ပျောက်ကွယ်ခဲ့ပြီး ရုပ်စုံ ရောင်စုံနဲ့ လူငယ်ကြိုက် အချစ်ဝတ္ထုတွေကို သုတရသစာတွေနဲ့ ပူးတွဲတင်ဆက်ခဲ့တဲ့ ရှုမဝ၊ သွေးသောက်၊ မြဝတီမဂ္ဂဇင်းတွေကတော့ အနှစ် ၄ဝ၊ ၅ဝ စသဖြင့် တည်တံ့ခဲ့ပါတယ်။
ရှုမဝ၊ မြဝတီတိုက်တွေမှာပဲ စာလေးပေလေး သမားတွေ အသက်ဆက်ခဲ့ရပါတယ်။ ၁၉၇ဝ လွန်နှစ်တွေမှာမှ မိုးဝေစာပေမဂ္ဂဇင်း ပေါ်ထွက်ပြီး လက်ဝဲစာပေတွေ နေရာပိုရခဲ့တာပါ။
တစ်ခါ တင့်တယ်တို့ခေတ်မှာ စာသံပေသံ ပါတဲ့ဟန်တွေ ခေတ်ကုန်ပြီး စာနဲ့ စကားပြောကို ရောစပ်သုံးတဲ့ဟန် ခေတ်စား လာတယ်လို့လည်း အောင်စိုးက ရေးပါတယ်။ ဘာသာရေးနဲ့ နီတိသံလွှမ်းတဲ့ စစ်မဖြစ်ခင်က မြန်မာ စာပေပုံစံကို လူအများစုဖတ်နိုင်တဲ့အဆင့်ဖြစ်အောင် တင့်တယ်နဲ့ လူငယ်စာသမားတွေ ပြောင်းယူခဲ့ကြတာ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ရှုမဝပုံစံ စာပေအရေးအသားနဲ့ တင်ဆက်မှုကို မြန်မာစာပေမှာ စံပြုနေရဆဲ ဖြစ်ပါတယ်။
နောက်ပြီး ဘီဘီစီက ဦးဝင်းစိန်ကို ဆုံးရှုံးခဲ့ပေမယ့် မြန်မာစာဖတ်ပရိသတ်ကတော့ တင့်တယ်ကို ပြန်ရခဲ့ပါတယ်။ တင့်တယ်ငှားနေခဲ့တဲ့ လန်ဒန်က တိုက်အိမ်တွေလည်း ခုထိ ရှိသေးသလို သူထိုင်ခဲ့တဲ့ သူရိယဗျစ်ဆိုင်လည်း ဘန်းစ်အရပ်မှာ ရပ်တည်နေဆဲ ဖြစ်ပါတယ်။