ဦးအောင်ဆန်းဦး ဘာဆက်လုပ်မလဲ - ဘီဘီစီ နဲ့ သီးသန့် မေးမြန်းခန်း

ဦးအောင်ဆန်းဦးနဲ့ ဒေါ်အောင်ဆန်းစုကြည် ကြားက အမွေခွဲခြမ်းမှု ဘာဆက်ဖြစ်လာမလဲ
ဓာတ်ပုံ ပုံစာ, ကျွန်တော့်မှာက ရွေးစရာ နည်းလမ်း မရှိသလောက် ဖြစ်သွားပြီ - ဦးအောင်ဆန်းဦး

ဦးအောင်ဆန်းဦးဟာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဇနီး ဒေါ်ခင်ကြည်တို့ရဲ့ သားကြီး ဖြစ်ပြီး ၁၉၄၃ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တဦးတည်းသော မောင်နှမ သားချင်း ဖြစ်ပါတယ်။ ဦးအောင်ဆန်းဦးဟာ အင်္ဂလန်နိုင်ငံမှာ ပညာသင်ကြားခဲ့ပြီး အမေရိကန်ပြည်ထောင်စုမှာ အင်ဂျင်နီယာ အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုခဲ့ပါတယ်။ လက်ရှိမှာတော့ မြန်မာနိုင်ငံ အလယ်ပိုင်း ပုဂံမြို့ဟောင်းက နေအိမ်မှာ နေထိုင်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစ်ကို ဖြစ်သူ ဦးအောင်ဆန်းဦးတို့ကြား အငြင်းပွားနေတဲ့ ခြံအမှတ် ၅၄ နေအိမ်နဲ့ ခြံဝင်း အမွေ ခွဲခြမ်းမှုမှာ ဦးအောင်ဆန်းဦးဘက်က တင်ခဲ့တဲ့ ပြည်ထောင်စု အဆင့် အယူခံလွှာပယ်ချ ခဲ့ခဲ့ရပေမယ့် သူ့အနေနဲ့ ဒီအမှုမှာ ရှေ့ဆက် ရင်ဆိုင် သွားမယ်လို့ ဘီဘီစီကို ပြောပါတယ်။

လက်ရှိ ဒေါ်အောင်ဆန်းစုကြည် နေထိုင်နေတဲ့ တက္ကသိုလ်ရိပ်သာလမ်းက ခြံအမှတ် ၅၄ နေအိမ်နဲ့ ခြံဝင်းကို လေလံပစ်ပြီး ရရှိတဲ့ငွေကို တယောက်တဝက် ခွဲယူခွင့်ရရှိဖို့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက နေပြည်တော်က ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၆ ရက်နေ့က အထူးအယူခံ လျှောက်ထားခဲ့တာပါ။

ဒီအိမ်နဲ့ခြံ အမွေဆက်ခံခွင့်နဲ့ ပတ်သက်လို့ ရန်ကုန်တိုင်း တရားလွှတ်တော်က ဆုံးဖြတ်ချက်ချခဲ့ပြီး ဖြစ်ပေမယ့် ဒီဆုံးဖြတ်ချက်က မမျှတဘူးလို့ ဦးအောင်ဆန်းဦးက ခံယူလို့ အထူးအယူခံ လျှောက်ထား ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ အယူခံလျှောက်ထားမှုကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့က နေပြည်တော်က ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ပယ်ချခဲ့တယ်လို့ ဦးအောင်ဆန်းဦးက ပြောပါတယ်။

အမွေမှု အယူခံလွှာ ပယ်ချခံရပြီးနောက်ပိုင်း ဦးအောင်ဆန်းဦးအနေနဲ့ ရှေ့ဆက် ဘာလုပ်သွားဖို့ ရှိသလဲဆိုတာကို သိနိုင်ဖို့ ဘီဘီစီ မြန်မာပိုင်းရဲ့ အကြီးတန်း သတင်းထောက် ကိုငြိမ်းချမ်းအေးက ဦးအောင်ဆန်းဦး လက်ရှိ နေထိုင်ရာ ပုဂံမြို့ဟောင်းရှိ နေအိမ်မှာ သီးသန့် တွေ့ဆုံ မေးမြန်းထားပါတယ်။

ဘီဘီစီ။ ။ ပြည်ထောင်စု အဆင့် အယူခံလွှာ ပယ်ချခံရပြီးဆိုတော့ ဦးအောင်ဆန်းဦးဘက်က ဒီအမှုနဲ့ ပတ်သက်ပြီး ရှေ့ဆက် ဘာတွေ လုပ်သွားဖို့ ရှိလဲ။

ဦးအောင်ဆန်းဦး ။ ။ အဲ့လို ပလပ်လိုက်တဲ့အတွက် အယူခံထဲမှာ အရေးကြီးတဲ့ အချက်အလက်တွေက ဘယ်လို ကျွန်တော်တို့ ဆက်လုပ်ရမယ်ဆိုတာကို ပေါ်ထင်မှု လုံးဝမရှိဘူး။ အဲ့တော့ ဒီတိုင်း ဖြတ်ပစ် လိုက်တယ်ဆိုတာက သိပ်ပြီးတော့ အဓိပ္ပာယ်မရှိဘူး။ အဲ့တော့ ဘယ်လို ဆက်လုပ်ရမလဲဆိုတော့ ကျွန်တော်တို့ ဥပဒေလမ်းကြောင်းအတိုင်း၊ ကျွန်တော် ရှေ့ကနေ ပြောတာကတော့ ပုဒ်မ ၂၀ ဆိုတာ ရှိတယ်။ အဲ့ဒါက နိုင်ငံတော်ရဲ့ တရားသူကြီးချုပ် (ဦး) ထွန်းထွန်းဦး၊ သူ့ဆီကို အယူခံဆက်တင်လို့ရတယ်။ ဒါပေမဲ့ (ဦး) ထွန်းထွန်းဦး အနေနဲ့က အဲ့အယူခံကို အခု ပလပ်လိုက်သလိုပဲ ပလပ်လိုက်ချင်လည်း ရတယ်။ အဲ့တော့ သူ့အနေနဲ့ မပြီးဆုံးသေးတဲ့ အချက်အလက်တွေ ရှင်းလင်းသွားအောင် သူ့အနေနဲ့ နောက်ဆုံးရှင်းလင်းဖို့ တရားရုံးဘက်ကနေ ရှင်းလင်းရမယ့်ကိစ္စပါ။

ကျွန်တော်က ဥပဒေအတိုင်းပဲ ဆက်လုပ်သွားမယ်ဆိုတော့ ဒီနိုင်ငံမှာ အမြင့်ဆုံး တရားသူကြီးချုပ်ကနေပြီးတော့ ဒါကို မျှမျှတတ၊ မှန်မှန်ကန်ကန်၊ အရင်တုန်းက မမျှတ မမှန်ကန်တာတွေ ဘေးချိတ်လိုက်၊ ဒါတွေ ကျွန်တော် သိပ်ဂရုမစိုက်ဘူး။ အခု ဆုံးဖြတ်ရမဲ့အဆင့်မှာ မျှမျှတတ၊ မှန်မှန်ကန်ကန်၊ ပြည်သူလူထုကလည်း စဉ်းစားဆင်ခြင်နိုင်တဲ့ အဆင့်အတန်းကလူတွေ လက်ခံနိုင်တဲ့ အတိုင်း ဥပဒေကို ဆုံးဖြတ် ပေးဖို့ ကျွန်တော်တို့က ကြိုးစား ကြည့်မှာပါ။

ဘီဘီစီ။ ။ အခု ထပ်တင်ဦးမယ် ဆိုတာက အသနားခံစာ တင်မယ့် သဘောမျိုးလား။

ဦးအောင်ဆန်းဦး ။ ။ အသနား မခံပါဘူး။ ကျွန်တော်တို့က ဥပဒေအတိုင်း ကျနော်တို့ကို မတရားလုပ်တယ်လို့ ကျွန်တော်တို့ ယူဆလို့။ နောက်ပြီးတော့ ဒီအမှုမှာ ဆုံးဖြတ်ပေးရမယ့် အချက်အလက် တွေလည်း အရှုပ်ပုံကြီးကို မရှင်းဘဲ ဒီတိုင်းဆုံးဖြတ်လိုက်တဲ့အတွက် အဲ့ဒါကို ရှင်းသွားအောင် တရားသဖြင့် ဥပဒေအတိုင်း လုပ်ဆောင်ပေးဖို့တောင်းဆိုတာပဲ၊ ဘာမှ အသနားခံတာ မဟုတ်ဘူး။

ဘီဘီစီ။ ။ ကော်မရှင်နာက အမွေခွဲခြမ်းပေးပြီးနောက်ပိုင်းမှာ အယူခံတင်တာ စုစုပေါင်း ဘယ်နှစ်ကြိမ် ရှိပြီလဲ။

ဦးအောင်ဆန်းဦး ။ ။ အဲ့ဒီ ကော်မရှင်နာအဆင့်မှာ ကျွန်တော်တို့ မလိုချင်တာဖြစ်ပြီးတဲ့ အခါမှာ အခု တရားသူကြီးနဲ့ ဆုံတဲ့အဆင့်က ၃ ခါ ပြီးသွားပြီ။ အခု နောက်ဆုံးအဆင့်ပဲ။ ဒီဟာပြီးရင် ခုနက တရားသူကြီးချုပ် ဦးထွန်းထွန်းဦးကို ပုဒ်မ ၂၀ ကြောင့်ပဲ သူ့ဆီကို တင်နိုင်ခွင့်ရှိတော့တယ်။

ဘီဘီစီ။ ။ အခု ထပ်တင်မယ့် အဆင့်က အချိန်ဘယ်လောက် ယူနိုင်မလဲ။

ဦးအောင်ဆန်းဦး။ ။ အခု ကျွန်တော် နားလည်တာကတော့ ဒီတရားသူကြီးချုပ်က တခြားအမှုတွေလို မဟုတ်ဘူး။ သူကနေ လက်ခံလိုက်ပြီးရင် တခြားအမှုတွေဆိုရင် အဆင့်အရဆိုရင် ၂ လ၊ ၃ လ လောက်စောင့်ရ တာမျိုးတွေရှိတယ်။ အခုဆိုရင် တရားသူကြီးချုပ်က လက်ခံပြီးရင် အချိန်တိုတိုအတွင်းမှာပဲ ဒီအမှုကို သူ့ဘာသာသူ သေချာနားလည်အောင် လေ့လာပြီးရင် သူ့ဆုံးဖြတ်ချက်ထွက်လာရင် ခဏလေးနဲ့ ပြီးနိုင်တယ်။ ဘယ်လောက်ကြာလဲဆိုတာတော့ ကျွန်တော် မပြောတတ်ဘူးလေ။ ကျွန်တော်က တရားရုံးမှာ လုပ်တဲ့လူလည်း မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော် ရှေ့နေကပြောတော့ အဲ့ဒီ တရား သူကြီးချုပ်မှာ သွားပြီးတော့ အယူခံတင်တဲ့ အမှုတွေကို သူတို့ လုပ်ဖူးတယ်တဲ့။ အဲ့ဒီအတိုင်းဖြစ်မှာပါတဲ့။

ဘီဘီစီ။ ။ မူလတရားရုံးရုံး ဆုံးဖြတ်ချက် အရ အမွေခွဲမယ် ဆိုရင်ကော ဘယ်လို ခွဲကြမလဲ။

ဦးအောင်ဆန်းဦး။ ။ ဘယ်လို ခွဲမလဲ ဆိုတာက အခု တန်းလန်းကြီး ဆုံးဖြတ်ထားတဲ့ အဆင့်မှာက ဘယ်လိုလဲဆိုတော့ ဦးခင်မောင်အေး (ဒေါ်ခင်ကြည်ရဲ့ အစ်မ ဒေါ်ခင်ကြီးရဲ့သား၊ စာရေးဆရာ ခင်မောင်အေး (မန္တလေး) ခေါ် ဗိုလ်မှူးကြီး ခင်မောင်အေး) က ဆုံးသွားပြီ။ ဆုံးသွားတော့ သူက တရားပြိုင်လည်း မဟုတ်ဘူး။ သူကိုယ်တိုင်ကလည်း ခွဲပေးပါဆိုပြီး ဝင်ပါခဲ့တာ မဟုတ်ဘူး။ စုကြည် (ဒေါ်အောင်ဆန်းစုကြည်) ကသာ တစ်ယောက် တစ်ဝက် ခွဲရမယ့်ဟာ မရှုပ် ရှုပ်အောင် သူ့ကို ဆွဲသွင်းထားတာ။ အဲ့ဒါကြီးကိုလည်း အခု (ဦး) ခင်မောင်အေး ဆုံးသွားတဲ့အခါ (ဦး) ခင်မောင်အေး ဘက်က အမွေခံတွေ ရှိခဲ့ရင်လည်း ခွဲပေးရမယ်ဆိုတာကလည်း ဥပဒေအရ မဟုတ်တယုတ်ကြီးတွေ။ အဲ့ဒါတွေလည်း အဆုံးသတ်တာ မရှိဘူး။

ဒီအမွေကိစ္စက အခုဆို ၁၈ နှစ် ကျော်သွားပြီ၊ အခု ၁၉ နှစ်ထဲပြည့်တော့မယ်။ အဲ့ဒါ အခုထက်ထိ မဟုတ်က ဟုတ်ကတွေ ဖြစ်နေသေးတယ်။ ဒါက တစ်ယောက်တစ်ဝက် ကျေနပ်အောင်လုပ်၊ မလုပ်ချင်ရင် ရှင်းရှင်းလေးကဘာလဲ အားလုံးကို လေလံပစ်လိုက်။ လေလံပစ်ပြီး ရတဲ့ဟာကို ပေးရမယ့် အမတော်ကြေးဆောင်လိုက်။ ဆောင်ပြီးရင် ကျန်တဲ့ဟာကို တစ်ယောက် တစ်ဝက် ခွဲယူလိုက်။ ဒါပဲ ရှင်းနေတာပဲ။ ဒီအိမ်ကြီးကလည်း ကျွန်တော်တို့ လက်ထဲ ရောက်လာတာက လေလံပစ်ပြီးတော့ အိမ်ကို ပေါင်ပြီးတော့ ဘဏ်တိုက်က ငွေချေးလို့ မဆပ်နိုင်လို့ ဘဏ်တိုက်ကသိမ်းပြီးတော့ လေလံပစ် ထားတဲ့အိမ်။ ဒီလေလံပစ်တာက ဒီအိမ်အတွက် ဆန်းနေတာ မဟုတ်ဘူး။

ဘီဘီစီ။ ။ အခုနောက်ဆုံး တင်ပြမယ့် ကိစ္စ အပေါ် မျှော်လင့်ချက် ဘယ်လောက် ထားသလဲ။

ဦးအောင်ဆန်းဦး။ ။ အခုတောင်မှ ကျွန်တော် ဒီလို ပြောတာကို .. ဟုတ်လား၊ ပြောလိုက်ချင်.. ဒါ.. အခု အမှုကမပြီးသေးလို့၊ မပြီးသေးဘူးဆိုပေမယ့် အမှုက လက်တွေ့အရ ကျွန်တော့်မှာက ရွေးစရာ နည်းလမ်းက မရှိသလောက်ဖြစ်သွားပြီ။ မျှမျှတတလုပ်ရမယ့် နည်းလမ်းက မရှိသလောက်ဖြစ်သွားပြီ။ အဲ့ဒါတွေကို အကြောင်းပြပြီးတော့ ကျွန်တော်တို့က တရားရုံးကို မထီမဲ့မြင် လုပ်ပါတယ်၊ ဘာတယ်နဲ့ ခြိမ်းခြောက်မှုတွေက အကြီးအကျယ်ရှိတယ်။ ဒါအခု ကျွန်တော် ပြောတာက လွယ်တာ မဟုတ်ဘူး။ ကျွန်တော် သတိထားပြောတာ။ သတိထားပြောရင်လည်း ဘာမှကို ပြောဖြစ်မှာမဟုတ်ဘူး။ ဒါကြောင့် အခု တည့်တည့်ပဲ ရှင်းရှင်းလင်းလင်းပဲ ပြောလိုက်တာ။

ဗီဒီယို ပုံစာ, ပြည်ထောင်စုအဆင့် အယူခံ ပယ်ချခံရပြီးနောက်ပိုင်း ဦးအောင်ဆန်းဦး ဘာဆက်လုပ်မလဲ