ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အောင်ရဲထွေးအမှု လာဘ်ပေးသူကို ဘာလုပ်မလဲ
အုပ်စုဖွဲ့ ရိုက်နှက်ခံရပြီးနောက် သေဆုံးသွားခဲ့တဲ့ ဟာသ သရုပ်ဆောင် အောင်ရဲထွေး အမှုကို စွဲချက်မတင်ခင် အမှုရုပ်သိမ်းပြီး တရားခံတွေကို ပြန်လွှတ် ပေးဖို့ ကျပ်ငွေ သိန်းပေါင်း ၇၂၀ ကျော် လာဘ်ငွေ ပေးခဲ့သူက အုပ်စုလိုက် ရိုက်နှက်သူတွေ ထဲမှာ ပါတဲ့ သန်းထွဋ်အောင်ရဲ့ ဖခင် ဦးခင်မောင်လေး ဖြစ်တယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးမှုအရ ပေါ်ပေါက်ပါတယ်။
လာဘ်ပေးမှု ပြုလုပ်ဖို့ ဦးခင်မောင်လေးက ဒုတိယခရိုင် ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင် ကနေတဆင့် ကျန်ပုဂ္ဂိုလ်တွေကို ဆက်သွယ် ပေးခဲ့တာ ဖြစ်တယ်လို့ စုံစမ်းမှု အရ သိရကြောင်း ကော်မရှင်က ပြောပါတယ်။
မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအရ လာဘ်ပေး လာဘ်ယူတဲ့ အမှုကိစ္စတွေမှာ လာဘ်ငွေ လက်ခံသူရော ပေးသူပါ အပြစ်ရှိတယ်လို့ သတ်မှတ်ထားပါတယ်။
ဒါပေမဲ့ လာဘ်ပေးသူကို တရားခံ အဖြစ် တရားစွဲမှာ မဟုတ်ဘဲ တရားလိုပြ သက်သေအဖြစ်သာ အသုံးပြုသွားမယ်လို့ ကော်မရှင်ရဲ့ ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်စိုးက ဘီဘီစီ ကို ပြောပါတယ်။
ဒီလို တရားလိုပြ သက်သေ အဖြစ်သာ သုံးဖို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပြီး သူ့ကို တရားခံအဖြစ် တရားစွဲလိုက်ရင် အဂတိလိုက်စားကြောင်း ပေါ်ပေါက်သူတွေကို တရားစွဲဖို့ အမှုတည်ဆောက်တဲ့အခါ မခိုင်မာမှာ စိုးရိမ်လို့ ဖြစ်တယ်လို့ သူက ပြောပါတယ်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က တာဝန်ပေးတဲ့ စုံစမ်း စစ်ဆေးရေးမှူးက တရားလိုလုပ်ပြီး လာမယ့် တစ်ပတ်လောက်မှာ တရားစွဲနိုင်ဖို့ အချက်အလက်၊ စာရွက် စာတမ်းတွေ စုဆောင်းနေတယ်လို့ ကော်မရှင်က ပြောပါတယ်။
NLD အစိုးရ အဖွဲ့မှာ ပထမဆုံး ဖမ်းဆီး အရေးယူခံရသူ
အခု အမှုဖွင့်ခံရသူတွေထဲက ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ် ဦးဟန်ထူးဟာ လက်ရှိ အာဏာရ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တိုင်းအစိုးရ အဖွဲ့ဝင် ဖြစ်ပါတယ်။
တရားစွဲတင်ပြီး ဆုံးဖြတ်ချက် မချရသေးပေမဲ့ အဂတိ လိုက်စားမှုနဲ့ အခုလို ဖမ်းဆီး ချုပ်နှောင် ခံရတာကတော့ NLD အစိုးရ အဖွဲ့မှာ ဦးဟန်ထူးက ပထမဆုံး ဖြစ်ပါတယ်။
သူဟာ ရန်ကုန်တိုင်း ဝန်ကြီးချုပ်က ခန့်အပ်ထားသူဖြစ်ပြီး တိုင်းအစိုးရ အဖွဲ့မှာ အင်္ဂါစဉ် ၁၀ ဖြစ်ပါတယ်။
ကျန်တဲ့ တရားရေး ဝန်ထမ်းတွေ၊ ဥပဒေ အရာရှိတွေကတော့ အဆင့်ဆင့်သော ဝန်ထမ်းတွေ ဖြစ်တယ်လို့ ပြည်ထောင်စု ရှေ့နေများနဲ့ ဥပဒေ အထောက်အကူပြုသူများ အဖွဲ့ ဥက္ကဋ္ဌ ရှေ့နေကြီး ဦးကြီးမြင့်က ပြောပါတယ်။
အထိန်းသိမ်း ခံထားရတဲ့ ဦးဟန်ထူးကို ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ် ရာထူးကနေ ရပ်စဲလိုက်တယ် ဆိုတဲ့ သမ္မတ ထုတ်ပြန်ချက်လည်း စက်တင်ဘာလ ၁၅ ရက်နေ့က ထွက်လာပါတယ်။
လွှတ်ပြီးသား တရားခံတွေကို ဘာဆက်လုပ်မလဲ
အောင်ရဲထွေးကို ရိုက်နှက် သတ်ဖြတ်ခဲ့သူလို့ စွပ်စွဲ ခံရတဲ့ ကျော်ဇော ခေါ် ကျော်ဇောဟန်၊ သန်းထွဋ်အောင် ခေါ် သားကြီးနဲ့ ပြည့်ဖြိုးအောင် ခေါ် အောင်လေးတို့ သုံးယောက်စလုံးကို ရန်ကုန် အရှေ့ပိုင်းခရိုင် တရားရုံးက ဇူလိုင် ၂၅ ရက်နေ့က အမှုပိတ်သိမ်းပြီး လွှတ်ပေးခဲ့ပါတယ်။
အခုတော့ သူတို့သုံးယောက်စလုံးဟာ ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော်မှာ ပြန်လည် စစ်ဆေးခဲ့တဲ့ အမှုကို ရင်ဆိုင်နေကြပါတယ်။
သူတို့ကို တရားစွဲဆိုဖို့ ပြန်စစ်သင့် သလား၊ လွှတ်ပေးလိုက်တဲ့ အမိန့်ကိုပဲ ဆက်လက် အတည်ပြုသင့် သလား ဆိုတာ ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော်မှာ နှစ်ဘက် လျှောက်လဲချက် ပေးပြီးပြီလို့ ရှေ့နေကြီး ဦးကြီးမြင့်က ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် လကုန်ပိုင်းက လျှောက်လဲ ချက်ပေးခဲ့ပြီး တစ်လခွဲလောက် အကြာမှာ ဆုံးဖြတ်ချက် ချလိမ့်မယ်လို့ မျှော်လင့်ရကြောင်းလည်း သူက ပြောပါတယ်။
အမှုကို ပြန်လည် စစ်ဆေးမယ် ဆိုရင်တော့ လက်ရှိ သက်သေတွေနဲ့က အမှုက ပျက်နေပြီဖြစ်လို့ တရားလိုဘက်က နောက်တိုး သက်သေတွေ အများကြီး ထပ်တိုးဖို့ လိုတယ်၊ အမှုစစ် ရဲအုပ်လည်း အသစ်ပြောင်းတဲ့ အပြင် သက်သေခံ ပစ္စည်းတွေလည်း တင်ပြပြီး အမှု ခိုင်လုံအောင်လုပ်ပြီးမှ စစ်ဆေး သင့်တယ်လို့ ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။