ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကျပ်သိန်း ၇၀၀ ကျော် လာဘ်စားထားသူတွေက ဘယ်သူတွေလဲ
ကျပ်ငွေသိန်း ၇၀၀ ကျော်လာဘ်စားပြီး သရုပ်ဆောင်အောင်ရဲထွေး သေဆုံးမှုမှာ တရားခံတွေအဖြစ်စွပ်စွဲခံရသူတွေကို အမှုရုပ်သိမ်းပေးခဲ့တဲ့ ဒုတိယ တရားသူကြီးအပါအဝင် ထိပ်တန်း ဥပဒေအရာရှိ ငါးယောက်နဲ့ ရဲအုပ်တစ်ယောက်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က အမှုဖွင့်အရေးယူ ဆောင်ရွက်နေပါတယ်။
အများဆုံးလာဘ်ငွေ ရယူခဲ့သူက ဒုတိယခရိုင်တရားသူကြီး ဦးအောင်ကြည် ဖြစ်ပြီး ကျပ် သိန်း ၃၃၀ လက်ခံယူခဲ့တယ်လို့ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
အဂတိလိုက်စားမှုအတွက် အမှုဖွင့်ခံရသူတွေနဲ့ သူတို့ယူတဲ့ လာဘ်ငွေပမာဏ
- ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ် ဦးဟန်ထူး ကျပ် သိန်း ၁၅၀
- ရန်ကုန်တိုင်းဒေသကြီးဥပဒေအရာရှိ ဦးသိန်းဇော် ကျပ် သိန်း ၅၀
- ရန်ကုန်အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိ ဦးကိုကိုလေး ကျပ် သိန်း ၁၃၀
- ဒုတိယခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင် ကျပ် သိန်း ၃၀
- ဒုတိယခရိုင်တရားသူကြီး ဦးအောင်ကြည် ကျပ် သိန်း ၃၃၀
- ရန်ကုန်တိုင်းရဲတပ်ဖွဲ့၊ ရွှေပေါက္ကံ နယ်မြေစခန်းမှူး ရဲအုပ်ချစ်ကိုကို ကျပ်သိန်း ၃၀
သရုပ်ဆောင် အောင်ရဲထွေးသေဆုံးမှုနဲ့ ပတ်သက်တဲ့ တရားခံသုံးယောက်ကို ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင်တရားရုံးက အမှုရုပ်သိမ်းပေးလိုက်တဲ့ ကိစ္စမှာ အဂတိလိုက်စားမှု ရှိခဲ့တယ် ဆိုပြီး ကျော်ဇော သတင်းထွက်ပေါ်ခဲ့ပြီးနောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေး ခဲ့ရာမှာ သက်သေအထောက်အထားတွေ ရရှိခဲ့တဲ့အတွက် သူတို့ကို အမှုဖွင့်အရေးယူထားတယ်လို့ ကော်မရှင်ရဲ့ ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်စိုး က ဘီဘီစီ ကို ပြောပါတယ်။
ကျော်ဇောသတင်း အဖြစ်သတ်မှတ်ပြီး သက်ဆိုင်ရာသက်သေတွေ၊ တရားခံတွေရဲ့ မိဘနဲ့ဆွေမျိုးတွေကို မေးမြန်းတာတွေ ပြုလုပ်ပြီးနောက် စစ်ဆေးပေါ်ပေါက်ချက်အရ သုဝဏ္ဏနယ်မြေရဲစခန်းမှာ စက်တင်ဘာလ ၁၃ ရက်နေ့က ဒီလူ ၆ ယောက်ကို အမှုဖွင့်ထားတယ်လို့ ဦးကျော်စိုးက ပြောပါတယ်။
လောလောဆယ် သူတို့ အားလုံးကိုလည်း အချုပ်ခန်းမှာ ထိန်းသိမ်းထားပါတယ်။
စုံစမ်းတွေ့ရှိချက်အရ ဒုတိယခရိုင်တရားသူကြီး ဦးအောင်ကြည် က သိန်း ၃၃၀၊ ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ် ဦးဟန်ထူး က သိန်း ၁၅၀၊ ဦးကိုကိုလေး က သိန်း ၁၃၀၊ ဦးသိန်းဇော် က သိန်း ၅၀ ရယူပြီး ဒေါ်သစ်သစ်ခင်နဲ့ ရွှေပေါက္ကံ နယ်မြေစခန်းမှူး ရဲအုပ်ချစ်ကိုကို တွေက သိန်း ၃၀ ဆီရယူတယ်လို့ ဦးကျော်စိုး က ပြောပါတယ်။
သရုပ်ဆောင် အောင်ရဲထွေးသေဆုံးတဲ့ အမှုမှာ ပါဝင်ခဲ့တဲ့တရားခံတွေကို တရားရုံးက လွှတ်ပေးလိုက်တဲ့ အတွက် လူတွေအကြားမှာ အတော်စိတ်ဝင်စားစရာ သတင်းတခုဖြစ်ခဲ့ပြီး အငြင်းပွားဖွယ်ရာလည်းဖြစ်ခဲ့ပါတယ်။
လာဘ်စားမှုနဲ့ ဖမ်းဆီးထိန်းသိမ်းထားတဲ့လူတွေကိုတော့ တရားဥပဒေအရ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဦးကျော်စိုးက ပြောပါတယ်။