ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လူသတ်မှု ကို ရုပ်သိမ်းခွင့်ရှိလား
အုပ်စုဖွဲ့ ရိုက်နှက်ခံရလို့ သေဆုံးသွားခဲ့တဲ့ ဟာသ သရုပ်ဆောင် အောင်ရဲထွေး အမှုမှာ တရားခံတွေ အဖြစ် လာရောက် ဖမ်းဆီးခံခဲ့တဲ့သူ ၃ ဦးစလုံးကို ရန်ကုန် အရှေ့ပိုင်းခရိုင် တရားရုံးမှာ ဇူလိုင် ၂၅ရက် က အမှု ရုပ်သိမ်းပြီး ပြန်လည် လွှတ် ပေးလိုက်တဲ့ အတွက် လူသတ်မှု တခု ကို ရုပ်သိမ်းပေးနိုင်သလား ဆိုတဲ့ အပေါ် အငြင်းပွားစရာတွေ ထွက်ပေါ်နေပါတယ်။
တရားရုံး က ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၉၄ (က) အရ အမှုကို ရုပ်သိမ်းခွင့်ပြုတယ် လို့ ဆုံးဖြတ်ပေးခဲ့တာပါ။
တရားလိုအဖြစ်လျှောက်ထားတဲ့သူ က အမှုကို ကျေအေးပြီး အမှုကို ရုပ်သိမ်းဖို့ တရားရုံး ကို လျှောက်ထားခဲ့ပြီးတဲ့နောက် အခုအမှု ကို စွဲချက်မတင်ခင် ပြန်ရုပ်သိမ်းဖို့ တရားရုံးက ဆုံးဖြတ်ခဲ့ကြောင်း ဒီအမှု က တရားခံ တယောက်အတွက် ရှေ့နေလိုက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးချစ်ကိုကို က ဘီဘီစီ ကို ပြောပါတယ်။
အမှုကိုစွဲချက်တင်ဖို့အတွက် လုံလောက်တဲ့ သက်သေထွက်ဆိုချက်တွေ မရခဲ့တဲ့အချက် က လည်း အခုလို အမှုကို တရားရုံး က ရုပ်သိမ်းပေးတဲ့ အကြောင်းရင်းတွေထဲက တခု လို့ လည်း သူ က ဆိုပါတယ်။
သေဆုံးသွားသူဟာ မွတ်စလင် တယောက် ဖြစ်ပြီး ကျူးလွန်တယ်လို့ မသင်္ကာခံရသူတွေ ထဲ က တယောက်ကလည်း မွတ်စလင် ဖြစ်တဲ့အတွက် အစ္စလာမ် ဘာသာရေး ဆရာတွေ က ကြားဝင်စေ့စပ် ပေးခဲ့တယ် လို့ သူ က ပြောပါတယ်။
အခုလို ပုဒ်မ ၄၉၄ (က) အရ အမှု ကို ရုပ်သိမ်းတာမျိုး ဆိုတာ လူသတ်မှုလို၊ မုဒိမ်းမှု လို၊ လူကုန်ကူးမှု လို လူ့အသိုင်းအဝိုင်း ကို အကြီးအမား ထိခိုက်တဲ့ အမှုမျိုးတွေမှာ အမှုကို ရုပ်သိမ်းတာမျိုး လုပ်လို့ မရကြောင်း တရားလွှတ်တော် ရှေ့နေ တယောက် လည်းဖြစ်၊ ပြည်ထောင်စုရှေ့နေများနှင့် ဥပဒေ အထောက်အကူပြုသူများ အဖွဲ့ ဥက္ကဋ္ဌလည်း ဖြစ်တဲ့ ဦးကြီးမြင့် က ဘီဘီစီ ကို ပြောပါတယ်။
လူသတ်မှုလို အမှုကြီးတွေ ကို သက်သေမပြနိုင်လို့ အမှု ရုပ်သိမ်းပေးရတာ ဟာ ရဲတွေ က အမှုကို သေချာစွာ တည်ဆောက်တာမျိုးမလုပ်ခဲ့တာရယ်၊ ဒီအမှုနဲ့ ပတ်သက်ပြီး ဥပဒေရုံး အဆင့်ဆင့်က ကြီးကြပ်တာ မပြည့်စုံ တာရယ် စတဲ့ အကြောင်းတွေ ကြောင့် အခုလို တရားရုံး က အမှု ကိုရုပ်သိမ်းတဲ့ အထိ ဖြစ်လာတာလို့ သူ က ဝေဖန်ပါတယ်။
တရားရုံးအနေနဲ့လည်း မည်သို့သော အခြေအနေမှာ ဖြစ်စေ အမှုကို မရုပ်သိမ်းဘူးလို့ ဆုံးဖြတ်မယ် ဆိုရင်လည်း ဆုံးဖြတ်နိုင်ခွင့် ရှိကြောင်း သူ က ရှင်းပြပါတယ်။
လူမြင်ကွင်းမှာ အုပ်စုဖွဲ့ လူသတ်ခဲ့ကြသူတွေ လို့ မသင်္ကာခံကြရသူတွေ အနေနဲ့ စီရင်ချက် မချခင် ကျူးလွန်သူလို့ မသတ်မှတ် နိုင်ပေမယ့် လူသတ်မှု တခု ကို ရု်သိမ်းလိုက်တယ် ဆိုတဲ့ အဖြစ် က ပြည်သူတွေအနေနဲ့ လုံခြုံစွာ နေထိုင်နိုင်ရေး၊ တရားဥပဒေ စိုးမိုးမှု ကို ခံစားနိုင်ရေး စတာတွေ အတွက် မေးခွန်းထုတ်စရာ တွေ ဖြစ်နေတယ်လို့လည်း သုံးသပ်နေကြပါတယ်။