တခေတ်ဆန်းလာတဲ့ ရှမ်းနှစ်သစ်ကူး ပွဲတော်

တခေတ်ဆန်းသစ်လာနေတဲ့ ရှမ်းနှစ်သစ်ကူးပွဲတော် နှင့် ရှမ်းရိုးရာ

ဓာတ်ပုံ ရင်းမြစ်, မောင်ငယ်(တောင်ကြီး) ၊ နန်းခင်အုန်းမြင့်ဦး ၊ Sao

ဓာတ်ပုံ ပုံစာ, တခေတ်ဆန်းသစ်လာနေတဲ့ ရှမ်းနှစ်သစ်ကူးပွဲတော် နှင့် ရှမ်းရိုးရာ
    • ရေးသားသူ, စိုင်းထွန်းအောင်လွင်
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း

ရှမ်းနှစ် ၂၁၁၂ နှစ်ကို ကြိုဆိုတဲ့ နှစ်သစ်ကူးပွဲတော်တွေကို မြန်မာနိုင်ငံ အနှံ့အပြားက ရှမ်းတိုင်းရင်းသားတွေ နေထိုင်ရာ ဒေသတွေအပြင် ထိုင်းနိုင်ငံက ၊ လာအို ၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံက ရှမ်း ( Tai ) မျိုးနွယ်စုတွေ နေထိုင်ရာ ဒေသတွေမှာပါ စတင်ကျင်းပနေပါပြီ။

ရှမ်းပြက္ခဒိန်အရ နတ်တော်လဟာ နှစ်သစ် စတင်တဲ့လလည်း ဖြစ်ပြီး ဒီနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့ ညသန်းခေါင်ကျော်မှာ ကျရောက်မဲ့ နှစ်သစ်အတွက် ကြိုဆိုပွဲတွေ စည်စည်ကားကား ကျင်းပမှာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ကတော့ ရှမ်းလို မိန်းမော့ ( ကြက်နှစ် ) ဖြစ်ပြီး လာမယ့်နှစ်သစ်ကတော့ ခွေးနှစ် ဖြစ်မှာပါ။

ရှမ်းနှစ်သစ်ကူး ပွဲတော်ဟာ နောက်ပိုင်းနှစ်တွေအတွင်း ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်လာနေတဲ့ တိုင်းရင်းသား ရိုးရာပွဲတော် တရပ်လည်း ဖြစ်လာနေပါတယ်။

လွန်ခဲ့တဲ့နှစ် ၂ဝ ကျော် ၃ဝ ကျော် လောက်က ဆိုရင် ပွဲကျင်းပခွင့် ပွဲမိန့်တောင်းဖို့ ခက်တော့ ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်ဘူး။

အထူးသဖြင့် ဦးနေဝင်း လက်ထက်မှာ ပိုဆိုးတယ်၊ တနိုင်ငံလုံးပေါင်းလို့ ကျင်းပနိုင်တဲ့နေရာ ၁ဝ နေရာတောင် မပြည့်ဘူး လို့ ရှမ်းတိုင်းရင်းသား ဘာသာနဲ့ စာရေးသားနေသူ စာရေးဆရာ စိုင်းဇင် ( သျှန်ပိုင်း ) က ဘီဘီစီကို ပြောပါတယ်။

သူပြောခဲ့တဲ့ ကာလတွေဟာ တိုင်းရင်းသားစာပေနဲ့ ယဉ်ကျေးမှုတွေကို နှိပ်ကွပ်တဲ့ ကာလတွေလည်း ဖြစ်သလို တချို့စော်ဘွားမျိုးဆက်တွေ ဆိုရင် တရားဝင် နာမည်ရှေ့တောင် စဝ် ၊ ခွန် စတဲ့ နာမည်တွေ ခေတ္တဖြုတ်ခဲ့တဲ့ ကာလတွေလည်း ဖြစ်ပါတယ်။

shan

ဓာတ်ပုံ ရင်းမြစ်, မောင်ငယ်(တောင်ကြီး) ၊ နန်းခင်အုန်းမြင့်ဦး ၊ Sao

ဓာတ်ပုံ ပုံစာ, အမျိုးသားရေး အသွင်ဆောင်တဲ့ ရှမ်းနှစ်ကူးပွဲတော်

တိုင်းရင်းသား ဘာသာစာပေသင်ကြားမှုတွေကို အပြင်းအထန် နှိပ်ကွပ်တဲ့ကာလ ဖြစ်တဲ့အတွက် ရှမ်းစာပေသင်ကြားမှုကို ဘုန်းတော်ကြီးတွေက တာဝန်ယူ ထိန်းသိမ်းခဲ့ရတဲ့ ကာလလည်းဖြစ်တာကြောင့် အဲဒီ ခေတ်ကာလ မှာ ပြုလုပ်ခဲ့တဲ့ ရှမ်းနှစ်သစ်ကူး ပွဲတော်တွေကို ရှမ်းသံဃာတော်အ ချို့ရဲ့ ဦးဆောင်မှုနဲ့ အကျဉ်းချုံး ကျင်းပတာပဲ ရှိခဲ့တာပါ။

အဲဒီခေတ်ကာလမှာ ပွဲတော်ကျင်းပတဲ့ တခြားဒေသကတော့ ရှမ်းလက်နက်ကိုင်တွေ ထိန်းချုပ်တဲ့ နယ်မြေတွေပဲ ဖြစ်ပါတယ်။

အဲဒါကြောင့်လည်း မြန်မာပြည်က ရှမ်းနှစ်ကူးပွဲတော်တွေဟာ နိုင်ငံရေးအရ အမျိုးသားရေး အသွင်ဆောင်နေတာ ဖြစ်တယ်လို့ စိုင်းဇင်က ပြောပါတယ်။

နန်ချိုနိုင်ငံရဲ့ ဘုရင် စဝ်အူးတိန်ဖှရဲ့ သားတော် စဝ်ခွန်ဟောင် ခေါ် စဝ်ခွန်ယီ က မဇ္ဇျိမဒေသမှ ဗုဒ္ဓဘာသာ ၊ ဗုဒ္ဓကျမ်းဂန်ကို မောရှမ်းမြေကို ပင့်ဆောင်ရောက်ရှိသည့်နှစ်၊ ဗုဒ္ဓသာသနာ နှစ် ၄၅၀ က ရှိနေတဲ့ ရှမ်းနှစ် သက္ကရာဇ် အဟောင်းကို ဖြိုဖျက်ကာ ရှမ်းနှစ်သက္ကရာဇ် အသစ်ပြန်စခဲ့တာဟာ အခုဆိုရင် ၂၁၁၂ နှစ်ပြည့်ပြီလို့ ရှမ်းသမိုင်းပညာရှင်တွေက ဆိုကြပါတယ်။

တကယ်တော့ ရှမ်းဘုရင်တွေ အုပ်စိုးခဲ့တဲ့ အင်ပါယာတွေ ပျက်စီးပြီးနောက် မဲခေါင် သံလွင် မြစ်ရိုး တလျှောက်အပါအဝင် အရှေ့တောင် အာရှဒေသ အနှံ့ပျံ့နှံ့သွားတဲ့ တိုင်းရှမ်းအနွယ်တွေဟာ ပုံစံအမျိုးမျိုးနဲ့ နှစ်ကူးပွဲတော်တွေကို ဆင်နွှဲခဲ့ကြတာပါ။

shan

ဓာတ်ပုံ ရင်းမြစ်, မောင်ငယ်(တောင်ကြီး) ၊ နန်းခင်အုန်းမြင့်ဦး ၊ Sao

ဓာတ်ပုံ ပုံစာ, ဆွေမျိုး မိတ်သင်္ဂဟတွေ ပြန်လည် ဆုံတွေ့ရင်း ကျင်းပ

ကောက်သစ်ထွက်ပြီးနောက် နှစ်သစ် အခါသမယမှာ ဆွေမျိုး မိတ်သင်္ဂဟတွေ ပြန်လည် ဆုံတွေ့ရင်း ကျင်းပတဲ့ နှစ်သစ်ကူးပွဲတော်ဟာ နောက်ပိုင်းနှစ်မှာတော့ အာရှတဝှမ်းက တိုင်းရှမ်းအနွယ်တွေအကြား ပုံစံ တမျိုးတည်း နဲ့ တရက်တည်း ကျင်းပတဲ့ ပွဲတော်လည်း ဖြစ်လာနေတာပါ။

တရုတ်ပြည်ထဲက ရှမ်းတွေဆိုရင်လည်း တရုတ်ယဉ်ကျေးမှု ရောယှက်တဲ့ပုံ ၊ အိန္ဒိယမှာ ရှိတဲ့ ခန္တီးရှမ်းတွေ ဆိုရင်လည်း သူတို့ ယဉ်ကျေးမှုတွေနဲ့ တပုံစံ တကျောင်း တဂါထာ တရွာတပုဒ်ဆန်း ကျင်းပနေတဲ့ အခြေအနေ ကနေ အခုလို ဆက်သွယ်ရေး လွယ်ကူတဲ့ခေတ်မှာ အားလုံးပုံစံ တခုတည်း တရက်တည်း ကျင်းပနိုင်တဲ့ အခြေအနေမျိုးတော့ ရှိလာနေပြီလို့ မိုင်းရှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းထွန်းအေးက ဘီဘီစီကို ပြောပါတယ်။

ဒီနှစ်မှာတော့ ရှမ်းပြည်က မြို့ရွာတွေမှာသာ မကဘဲ ကချင်ပြည်နယ်အတွင်းနဲ့ မြန်မာနိုင်ငံ အထက်ပိုင်းက ရှမ်းတွေ နေထိုင်ရာ ဒေသတွေအပြင် မြန်မာနိုင်ငံ အောက်ပိုင်းက မြို့ရွာတွေမှာလည်း ကျင်းပနေတာပါ။