ထောက်ပံ့မှု ရပ်စဲခံရမယ့် ရှမ်း ဒုက္ခသည် စခန်း ၆ ခု အခက်အခဲကြုံ

မိုင်းတုံ မြို့နယ်ထဲက လွိုင်ဆမ်ဆစ် ဒုက္ခသည်စခန်း မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Shan Human Rights foundation

ဓာတ်ပုံ ပုံစာ, မိုင်းတုံ မြို့နယ်ထဲက လွိုင်ဆမ်ဆစ် ဒုက္ခသည်စခန်း မြင်ကွင်း

နိုင်ငံတကာ အလှူရှင်တွေက ကူညီနေတဲ့ ထောက်ပံ့မှုတွေ မကြာခင် ဖြတ်တောက်တော့မှာ ဖြစ်တဲ့ ထိုင်း-မြန်မာနယ်စပ်က ရှမ်းဒုက္ခသည် စခန်း ၆ ခုဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။

ထိုင်းနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ရှမ်းပြည် နယ်စပ်တလျှောက်မှာ ရှမ်းဒုက္ခသည်စခန်း ၆ ခု တည်ရှိနေပြီး အဲဒီ စခန်းတွေအားလုံးက ဒုက္ခသည် ၆,ဝ၀ဝ လောက်ဟာ ထောက်ပံ့မှုရပ်ဆိုင်းခံရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။

ဒီအတွက် ရှမ်းလူမှုအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေး အင်အားစုတွေကလည်း ဒုက္ခသည် စခန်းတွေကို ကူညီထောက်ပံ့တာတွေ မဖြတ်တောက်ဖို့ တိုက်တွန်းနှိုးဆော်ချက်တွေ ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ လူမှုကူညီရေး အဖွဲ့အစည်းတွေက ဒီစခန်းတွေကို အခု လကုန်ကစလို့ ဆက်လက် ထောက်ပံ့တော့မှာ မဟုတ်ပါဘူး ကြေညာထားပါတယ်။

ဒါကြောင့် ဒုက္ခသည်စခန်းမှာ နေထိုင်ကြသူတွေဟာ အခက်အခဲတွေ ကြုံတွေ့ရတော့မှာဖြစ်တယ်လို့ ကုန်းကျော်ဒုက္ခသည်စခန်းက တာဝန်ခံ စိုင်းလျန်းက ဘီဘီစီကို ပြောပါတယ်။

စက်တင်ဘာလ အကုန်အထိပဲ နောက်ဆုံးရိက္ခာ ထောက်ပံ့မှာ ဖြစ်လို့ စခန်းထဲမှာ ကျပ်တည်းနေပြီး စခန်း အပြင်ထွက် ထိုင်းနိုင်ငံဘက်မှာ အလုပ် လုပ်ဖို့ ရာမှာလည်း တရားဝင် ခွင့်မပြုဘဲ အဖမ်းအဆီးလည်း ရှိလို့ လုပ်ကိုင် စားသောက်ရာမှာ အကန့်အသတ်တွေ ရှိကြောင်း ကုန်းကျော် ဒုက္ခသည် စခန်းတာဝန်ခံ စိုင်းလျန်းက ပြောပါတယ်။

တရားမဝင် အလုပ်လုပ်သူတချို့ကလည်း ၁ နှစ်မှာ စိုက်ပျိုးရေး ရာသီချိန် ၃ လ၊ ၄ လ လောက်သာ အလုပ် လုပ်ရတဲ့ အတွက် ဖူလုံမှု မရှိဘူးလို့ သူက ဆိုပါတယ်။

စခန်းတာဝန်ခံ စိုင်းလျန်းက မိုင်တုံ နယ်သားဖြစ်ပြီး ၂၀ဝ၂ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ UWSA 'ဝ' လက်နက်ကိုင် တပ်ဖွဲ့နဲ့ RCSS ရှမ်းလက်နက်ကိုင် တို့ အကြား တိုက်ပွဲတွေမှာ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူ ဖြစ်ပါတယ်။

အခု ထောက်ပံ့မှု ရပ်စဲ ခံရမယ့် ဒုက္ခသည် စခန်း ၆ ခုမှာ ကုန်းကျော်စခန်းက ထိုင်းနယ်မြေထဲမှာ ရှိပြီးတော့ ကျန်တဲ့ ၅ ခု ကတော့ မြန်မာပြည်ထဲက မိုင်းပန်၊ မိုင်းဆတ်၊ မိုင်းတုံနဲ့ မောက်မယ်မြို့တွေထဲမှာ တည်ရှိပါတယ်။

အဲဒီက ဒုက္ခသည် အများစုဟာ န-ဝ-တ၊ န-အ-ဖ တပ်မတော် အစိုးရလက်ထက် အစိုးရစစ်တပ်နဲ့ UWSA 'ဝ' တပ်ဖွဲ့ တွေ ပူးပေါင်းပြီး RCSS/SSA ရှမ်းလက်နက်ကိုင် တပ်ဖွဲ့နဲ့ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ခဲ့ကြတဲ့ ၁၉၉၀ ပြည့်လွန် နှစ်တွေကတည်းက ရှမ်းပြည်နယ် အလယ်ပိုင်း၊ အရှေ့ပိုင်းဒေသတွေမှာ ဖြတ် ၄ ဖြတ် စနစ်ကျင့်သုံးခဲ့လို့ အဲဒီဒေသတွေကနေ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေဆီကို ရောက်လာခဲ့ကြတာပါ။

အဲဒီစခန်းတွေဟာ ကုလမသမဂ္ဂရဲ့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ အသိအမှတ်ပြုမှုတွေ မရခဲ့ပေမယ့် နယ်စပ်ဒုက္ခသည်များ ကူညီရေးအဖွဲ့ (TBC) ကနေ တဆင့် နိုင်ငံတကာက ကူညီတဲ့ ရိက္ခာဆန်တွေ ရရှိခဲ့တာ ဖြစ်ပါတယ်။

RCSS/SSA ရှမ်းတပ်ဖွဲ့ အခုလောလောဆယ်မှာ နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေး (NCA) စာချုပ်ကို လက်မှတ်ရေးထိုးထားပေမယ့် ဒုက္ခသည်တွေ လာခဲ့တဲ့ မူလနေရပ်တွေမှာ ရွာတွေ မရှိတော့တာတွေ ဖြစ်နေသလို စစ်ဘေးရှောင် ဒုက္ခသည်တွေရဲ့ မူရင်းဒေသအချို့မှာတော့ 'ဝ' တပ်ဖွဲ့တွေနဲ့ တပ်မတော် တပ်ရင်းတွေက နေရာဝင်ရောက် ရယူထားတယ်လို့ ဒုက္ခသည်တွေက ပြောကြပါတယ်။

ပြည်တွင်းမှာ ဒုက္ခသည် စခန်းတွေရှိပေမယ့် အစိုးရဆီက အကူအညီတွေ ကင်းမဲ့နေတယ်လို့ ဒေသတွင်း လူမှုကူညီရေး လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ ကျွန်းတထောင်ဖောင်ဒေးရှင်းက နန်းဝါနုက ပြောပါတယ်။

အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား NCA လက်မှတ်ရေးထိုးထား ၂ နှစ်နီးပါးရှိလာပေမယ့် ဒုက္ခသည်နဲ့ စစ်ဘေးရှောင်တွေ ပြန်လည်နေရာ ချထားရေးနဲ့ ကူညီရေးလုပ်ငန်းစဉ်တွေမှာ အကောင်ထည်ဖော်မှု နှေးကွေးတာ ဒါမှမဟုတ် အဆင်မပြေတာတွေ ရှိနေသေးတယ်လို့ လေ့လာသူတွေက သုံးသပ်ပြောဆိုနေကြပါတယ်။