မြောက်ကိုးရီးယား စီးပွားရေး အနည်းငယ် တိုးတက်

ဓာတ်ပုံ ရင်းမြစ်, north korea
မြောက်ကိုးရီးယား စီးပွားရေးဟာ ၂၀၁၁ အတွင်း ၀.၈ ရာခိုင်နှုန်း တိုးတက်လာကြောင်း တောင်ကိုးရီးယားက တရားဝင် အစီရင်ခံစာ တစ်စောင်မှာ ဖော်ပြထား ပါတယ်။
ဒီလို တိုးတက်လာတာဟာ ဆောက်လုပ်ရေးလုပ်ငန်း တွေ ပိုများလာတာနဲ့ စိုက်ပျိုးရေး လုပ်ငန်း တွေ နလန် ပြန်ထူလာတကြောင့်လို့ Bank of Korea ဘဏ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
၂၀၁၀ တုန်းက တိုးတက်မှုနှုန်း ၀.၅ ရာခိုင်နှုန်း တိုးတက်မှု ရှိခဲ့ပါတယ်။
အခု တိုးတက်မှုနှုန်း ပြတာဟာ ၆ နှစ်အတွင်း ဒုတိယအကြိမ် ဖြစ်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
ဒါပေမယ့် မြောက်ကိုးရီယားနိုင်ငံဟာ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတစ်ခု အဖြစ် ဆက်ရှိနေပြီး လူဦးရေရဲ့ သုံးပုံ နှစ်ပုံအတွက် အစားအစာ မလုံလောက်မှုက ရှိနေပါတယ်။
ဆောက်လုပ်ရေးမှာ ၄ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။ အထူးသဖြင့် မြောက် ကိုးရီးယားတည်ထောင်သူ ကင်မ် အီဆွန်းရဲ့ အသက် ၁၀၀ မြောက် မွေးနေ့ အထိမ်းအမှတ် အဖြစ် အိမ်သစ် အလုံး တစ်သိန်းကို ပြုံယမ်းမြို့တော်မှာ တည်ဆောက်ခဲ့တာ ကြောင့် ဖြစ်ပါတယ်။ သစ်တောနဲ့ စိုက်ပျိုးရေးဘက်ကမှာလည်း ရာသီဥတု ကောင်းမွန်မှု၊ မြေသြဇာ ပိုသုံးလာနိုင်မှုကြောင့် အနည်းငယ် တိုးတက်လာခဲ့ပါတယ်။
မြောက်ကိုးရီးယားအစိုးရကတော့ တရားဝင် ကိန်းဂဏန်းတွေ ထုတ်ပြန်လေ့ မရှိပါဘူး။ တောင်ကိုးရီးယားဘက်ကနေ ပုဂ္ဂလိက အဖွဲ့အစည်းတွေ၊ ကျွမ်းကျင်သူတွေဆီက အချက်အလက်တွေကို ကောက်ယူ သုတေသနလုပ်ပြီး နှစ်စဉ် ထုတ်ပြန်လေ့ရှိပါတယ်။




