SSPP တပ်စခန်းတွေ ဖယ်ဖို့ အစိုးရစစ်တပ်က ထပ်သတိပေး

ရှမ်းပြည်နယ် တန့်ယန်း မြို့နယ် ထဲက ရှမ်းပြည် မြောက်ပိုင်း တပ်မတော် SSPP/SSA ရဲ့ စခန်း ၂ ခုကို ဖယ်ပေး ဖို့ အစိုးရ စစ်တပ်ဘက် က ထပ်မံ သတိပေး လာပြန်ပါတယ်။
ဧပြီလ ၂၂ ရက် နောက်ဆုံး ထား ရွှေ့ ဖို့ ရာဇသံ ပေး ထား တာကနေ SSPP ဘက်က လည်း ဖယ် မပေး နိုင်ဘူးလို့ တုံ့ပြန် ခဲ့တဲ့နောက် အခုတော့ ဧပြီ ၂၇ ရက် ထိ အစိုးရ စစ်တပ်ဘက်က အချိန် ပေးလာ ပါတယ်။
SSPP ဘက်က ဒီတစ်ခေါက် ဘယ်လို သဘောထားမျိုး ရှိသလဲ ဆိုတာ တော့ မသိရ သေးပါဘူး။
ဒါပေမယ့် စစ်တပ်က ဖယ်ရှား ခိုင်း နေတဲ့ နေရာတွေ ဟာ SSPP ဝမ်ဟိုင်း ဌာနချုပ် ရဲ့ လုံခြုံ ရေး အတွက် အရေးပါတဲ့ နေရာ တွေ ဖြစ်လို့ SSPP ဘက်က လိုက်လျော ဖို့ ခက်လိမ့်မယ် ဆိုပြီး ရှမ်းသံတော်ဆင့် သတင်းဌနရဲ့ အယ်ဒီတာချုပ် စိုင်းမင်းက သုံးသပ် ပါတယ်။
ဒါ့အပြင် SSPP တပ်စခန်း တွေ ရှိရာ တောင်ကုန်း တွေ ကနေ ဆိုရင် UWSA ဝတပ် ရဲ့ ဌာနချုပ် ပန်ဆန်း အထိ လက်နက်ကြီး နဲ့ အလှမ်းမှီ နိုင်တဲ့ မဟာဗျူဟာ မြောက် နေရာ ဖြစ်တဲ့ အတွက် လည်း အစိုးရ စစ်တပ်ဘက် ထိန်းချုပ် ချင်နေကြတာ ဆိုတဲ့ ဝေဖန် သုံးသပ်မှု တွေ လည်း ရှိ နေပါတယ်။
အစိုးရတပ်ဘက်က အခုလို ရာဇသံမျိုး ထုတ်ထားပေမယ့် လက်ရှိ အခြေအနေမှာတော့ နှစ်ဘက်တပ် တွေ ထူးထူးခြားခြား လှုပ်ရှား ပြင်ဆင် လာတာမျိုး မတွေ့ရဘူး လို့ စိုင်းမင်း က ဆိုပါတယ်။




