ဖားကန့် ဒေသခံတွေ ကားလမ်းပိတ် ဆန္ဒပြ

ဓာတ်ပုံ ရင်းမြစ်, AFP
ဖေဖော်ဝါရီလ ၁၃ ရက် နေ့က ကချင်ပြည်နယ် ဖားကန့်က ကျောက်စိမ်းတူး ကုမ္ပဏီ တွေရဲ့ လုပ်ရပ် တွေကို မကျေနပ်တဲ့ အတွက် လုံးခင်း နဲ့ ဆိုင်းတောင် ဒေသမှာ မြေသယ် ကား တွေ သွားရာ လမ်းကို လူ ၁၅၀ လောက်က ပိတ်ဆို့ပြီး ဆန္ဒပြခဲ့ကြပါတယ်။
ကျောက်စိမ်းတူး ကုမ္ပဏီတွေ ရဲ့ မိုင်းခွဲမှုတွေကြောင့် လူနေ အိမ်တွေ ပျက်ဆီး တော့မယ့် အရေးကို ကြုံတွေ့ နေရတာကြောင့် အခုလို ကားလမ်း ကို ပိတ်ဆိုပြီး ဆန္ဒပြတာ ဖြစ်တယ်လို့ ကချင် လူမှု အထောက် အကူ အဖွဲ့က ဆရာ လတောင် က ဘီဘီစီ ကို ပြောပါတယ်။
စွန့်ပစ်မြေစာပုံ တွေကို ရှင်းလင်း ပေးဖို့ နဲ့ ဖားကန့် မြို့မှာ နေ့နေ့ညည မိုင်း ခွဲ နေတာတွေ ရပ်တန့်ပေးဖို့နဲ့ ပတ်ဝန်းကျင် ပျက်ဆီးမှု များပြားလွန်းတာကြောင့် နောက်ဆိုရင် ရေကြီးတဲ့ ဒဏ်တွေကိုပါ ခံစားရတော့မှာ ဖြစ်တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။
ကျောက်စိမ်းတူး ကုမ္ပဏီ ပိုင်ရှင်တွေ အနေနဲ့ ဒေသခံ တွေ ခံစားနေရတဲ့ ဒုက္ခတွေကို အမြန်ဆုံး ဖြေရှင်း ပေးဖို့ ကိုလည်း တောင်းဆို လိုက်ပြီး ကုမ္ပဏီတွေဘက်က မဖြေရှင်း မခြင်း ဆန္ဒပြမှု တွေကို ဆက်လုပ် သွားမယ်လို့လည်း ပြောကြား ခဲ့ပါတယ်။
လွန်ခဲ့တဲ့ လတွေမှာ နေပြည်တော်ကနေ လာစစ်တဲ့ အချိန် ဆိုင်းတောင် ဒေသမှာ တစ်နေ့ကို ၁၅ စီး လောက်သာ အသွား အလာ ရှိခဲ့ပြီး စစ်ဆေးရေး အဖွဲ့တွေ ပြန်သွား တဲ့ အချိန်မှာ ကား အစီးရေ ရာနဲ့ချီပြီး တူး ဖော်မှုတွေ ပြန်လည် ပြုလုပ် ခဲ့ကြတယ်လို့ လည်း ပြောကြား မှုတွေ ရှိနေပါတယ်။




