ကျောက်စိမ်း ကုမ္ပဏီတွေ ကားကြီးတွေ ဝှက်ထားတယ်ဆိုတာကို ဒေသခံ အာဏာပိုင် ငြင်းဆို

phar_kant_jade
ဓာတ်ပုံ ပုံစာ, ကျောက်စိမ်း မိုင်းတွင်း တွေ မှာ သုံးစွဲ နေတဲ့ ယန္တယား စက်ကြီး တွေ ရဲ့ အစင်းရေ ပမာဏ ကို အာရုံ စိုက် ပြီး တစ်ပတ် ဆယ်ရက် အချိန်ယူ စစ်ဆေးမယ်။

ဖားကန့် ဒေသမှာ ကျောက်စိမ်းတူးဖော်တဲ့ ကုမ္ပဏီတွေဟာ သူတို့ရဲ့ စက်ယန္တယား ကားကြီးတွေ ကို မမြင်ကွယ်ရာ နေရာတွေမှာ ဝှက်ထား နေတယ် ဆိုတဲ့ ဒေသခံတွေရဲ့ ပြောဆိုမှုတွေ ကို ဖားကန့် မြိုနယ် အုပ်ချုပ်ရေးမှုး က ငြင်းဆို လိုက် ပါတယ်။

ကျောက်စိမ်း မိုင်းတွင်း လုပ်ငန်းရှင် တွေ ဟာ စက်ယန္တယား ယာဉ်ကြီး တွေ အစင်းအရေ အမြောက်အများ တရုတ်နယ်စပ် ကနေ တရားမဝင် တင်သွင်းပြီး အလွန်အကျွံ ထုတ်ယူ နေတယ် ဆိုတဲ့ သတင်း တွေ ကို နေပြည်တော် ဗဟို အစိုးရ အရာရှိ တွေ ဖားကန့်ကို လာပြီး ကွင်းဆင်းစစ်ဆေး မှု စတင် ချိန် မှာပဲ ကုမ္ပဏီ တွေ က သူတို့ရဲ့ ယန္တယားကြီး တွေ ရွှေ့ပြောင်း နေရာ ချထား တဲ့ အပြုအမူ အပေါ် ဒေသခံ တွေ ရဲ့ စွပ်စွဲမှု တွေ ထွက်ပေါ် လာတာ ပါ။

ကုမ္ပဏီ တွေ ဟာ ဗဟို အစိုးရ အရာရှိတွေ ရဲ့ စစ်ဆေးမှု ကို ရှောင်လွှဲလိုတဲ့ အတွက် သူတို့ရဲ့ ကားကြီး တွေကို ဝှက် ထား ကြတယ် ဆိုတာ မဟုတ်ဘူး ဆိုပြီး ဒေသခံ အာဏာပိုင် တစ်ဦး ဖြစ်တဲ့ ဖားကန့် မြိုနယ် အုပ်ချုပ်ရေးမှုး ဦးတင်ဆွေမြင့် က ဘီဘီစီ ကို ပြောပါတယ်။

ပြည်ထဲရေး ဒုဝန်ကြီး ဦးဆောင်ပြီး မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ်ရေး ဌာန၊ ကညန လို့ ခေါ်တဲ့ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ စီးပွားကူးသန်း ဌာန နဲ့ အကောက်ခွန် ဌာန စတဲ့ အစိုးရ ဌာန ပေါင်းစုံက ထိပ်တန်း အဆင့် အရာရှိ တွေဟာ ဖားကန့် မှာ ရောက် ရှိ နေပါတယ်။

သူတို့ဟာ ကျောက်စိမ်း မိုင်းတွင်း တွေ မှာ သုံးစွဲ နေတဲ့ ယန္တယား စက်ကြီး တွေ ရဲ့ အစင်းရေ ပမာဏ ကို အာရုံ စိုက် ပြီး တစ်ပတ် ဆယ်ရက် အချိန်ယူ စစ်ဆေးမှာ ဖြစ်တယ် လို့ ဦးတင်ဆွေမြင့် က ဆိုပါတယ်။

ကုမ္ပဏီ တွေ ဘက်က သူတို့ ရဲ့ ယာဉ် တွေ ကို နေ့ရက် အလိုက် လာရောက် အစစ်ဆေး ခံရမယ့် အချိန်ဇယား လည်း ပြင်ဆင် ထားတယ် လို့ ပြောပါတယ်။

ဒါ့အပြင် အသုံးပြုနေကြတဲ့ ယာဉ် တော်တော် များများဟာ ရန်ကုန် ဆိပ်ကမ်း က ပဲ ဝင်လာတာ ဆိုပြီး ဦးတင်ဆွေမြင့် က ဆိုပေမယ့် တရုတ် နယ်စပ် ကနေ စက်ယန္တယား ကြီး တွေ ဝင်ရောက် ခဲ့မှု နဲ့ ပတ်သက်ပြီး ကချင် ပြည်နယ် အစိုးရ အဖွဲ့ဝင် တွေ အပါအဝင် သက်ဆိုင်ရာ လူပုဂ္ဂိုလ် တချို့ကို ဗဟို အစိုးရ ကိုယ်စားလှယ် တွေ မေးမြန်း စစ်ဆေး တာတွေ ပြုလုပ် ထားပါတယ်။