SSPP ဌာနချုပ် အစိုးရ လေကြောင်းစစ် ပြင်းထန်

ဓာတ်ပုံ ရင်းမြစ်, AFP
ရှမ်းပြည် တပ်မတော် မြောက်ပိုင်း SSPP/SSA ဌာနချုပ် ဝမ်ဟိုင်း ကို အစိုးရ လေကြောင်း တိုက်ခိုက်မှု တွေ အပြင်းအထန် ပြုလုပ် ခဲ့လို့ အနီးအနား ကျေးရွာ တွေ က စစ်ပြေး ဒုက္ခသည် တွေ တခြား မြို့တွေ ကို ထွက်ပြေး ခဲ့ ကြပါတယ်။
အခု ဝမ်ဟိုင်း နဲ့ မကွာဝေးတဲ့ မိုင်းရှူး မြို့ ကို ဒုက္ခသည် ထောင် နဲ့ ချီ ပြီး ရောက် လာ နေကြတယ် လို့ ဒုက္ခသည် တွေ အရေး ကူညီ လုပ်ဆောင် ပေးနေသူ နန်းဆိုင်ဟိန်း က ပြောပါတယ်။
ဒုက္ခသည် တွေရဲ့ နေရေး စားရေး အတွက် အစိုးရ ဘက် က တာဝန် ယူ ဆောင်ရွက် တာတွေ ရှိမနေဘဲ အရပ်ဘက် အဖွဲ့ တွေ က သာ ကိုယ့် အစီအစဉ် တွေ ကိုယ် လုပ် ဆောင် နေရတယ် ဆိုပြီး နန်းဆိုင်ဟိန်း က ပြောသွား ပါတယ်။
မိုင်းရှူး အပါအဝင်၊ ကျေးသီး၊ လဲချား နဲ့ လားရှိုး စတဲ့ မြို့ တွေ ဆီ ရောက် လာကြတဲ့ ဒုက္ခသည် အရေ အတွက် သောင်းနဲ့ ချီ ပြီး ရှိ နေတယ် လို့ ဒုက္ခသည် တွေ ကို ကူညီ နေသူတွေ က ပြောပါတယ်။
ရှမ်းပြည် နဲ့ ကချင် ပြည်နယ် တွေ မှာ မြန်မာအစိုးရ စစ်တပ်က ထိုးစစ်တွေ တိုးမြှင့် လုပ်ဆောင် တာကို ရပ်တန့် နိုင်ဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အနေနဲ့ လက်တွေ့ ကျတဲ့ ဆောင်ရွက်မှု တွေ ပြုလုပ်ဖို့ လိုတယ် ဆိုပြီး Burma Campaing UK က တိုက်တွန်း လိုက်ပါတယ်။
NLD အာဏာရ လာတဲ့ အခါ တိုက်ပွဲ တွေလျော့ သွားဖို့ ဖြစ်နိုင် ခြေ မရှိ ဘဲ စစ်တပ်က သဘော မတူ မယ့် ဘယ်အရာ မှ NLD အနေနဲ့ လုပ်နိုင်စွမ်း မရှိ အောင် စစ်တပ် က ဖန်တီး မှာ ဖြစ်တယ်လို့ Burma Campaign UK ရဲ့ ဒါရိုက်တာ Mark Farmaner က ပြောပါတယ်။




