မိုးညှင်းမှာအစိုးရတပ်တွေက လေကြောင်းတိုက်ခိုက်

ဓာတ်ပုံ ရင်းမြစ်, AFP
ကချင် ပြည်နယ် မိုးညှင်းမြို့ဝန်းကျင်မှာ အစိုးရ စစ်တပ်နဲ့ KIA ကချင်လွတ်လပ်ရေး တပ်တွေကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေ ပါတယ်။
နိုဝင်ဘာလ ၁၆ ရက်နေ့က တပ်မတော် ရဟတ်ယာဉ်တွေ၊ လေယာဉ်တွေပေါ်ကနေ KIA ရဲ့ တောင်ပေါ် စခန်းကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ မိုးညှင်း ဒေသခံ တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။
KIA တပ်ဖွဲ့တွေက လေယာဉ်ပစ် လက်နက်တွေနဲ့ ပြန်လည် ပစ်ခတ်တာတွေကို ဒေသခံတွေက မြင်နေကြရတယ်လို့ မိုးညှင်း ဒေသခံက ပြောပါတယ်။
မြဝတီ နေ့စဉ် သတင်းမှာတော့ KIA အဖွဲ့က မိုးညှင်းမြို့ ဝန်းကျင်မှာ မိုင်းထောင်တာ၊ ဆက်ကြေးကောက်တာ အပြင် တပ်သားသစ် စုဆောင်းတာတွေ လုပ်တဲ့ အတွက် ဒေသခံတွေ ထိခိုက် သေဆုံးတာ၊ ဒဏ်ရာ ရတာတွေရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါကြောင့် တပ်မတော် စစ်ကြောင်းတွေက မိုးညှင်းမြို့ ပတ်ဝန်းကျင်မှာ နယ်မြေ ရှင်းလင်းရေးနှင့် နယ်မြေ လုံခြုံရေးတွေကို နိုဝင်ဘာ ၁၅ ရက် နေ့လယ်က စတင် ဆောင်ရွက်ခဲ့ကြောင်းနဲ့ အစိုးရ တပ်ဖက်က ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
ကချင်တပ်ဖွဲ့တွေက အားဖြည့်ပြီး တိုက်ခိုက်လာတဲ့ အတွက် တိုက်ခိုက်ရေး ရဟတ်ယဉ်တွေ၊ လေယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့လည်း မြဝတီ သတင်းမှာ ဖော်ပြထားပါတယ်။
ဒေသခံတွေကတော့ သူတို့ အနေနဲ့ တိုက်ပွဲတွေကြားမှာ နေလာခဲ့ကြရတာ ဖြစ်ပြီး ဆက်ကြေးကောက်တာနဲ့ တပ်သား စုဆောင်းတာတွေကြားနေရတာ မဆန်းတော့ဘူးလို့ ပြောပါတယ်။




