တနိုင်ငံလုံးအပစ်ရပ်စာချုပ်ကို လက်ရှိရထားတဲ့ သဘောတူမှုအတိုင်း KNU လက်မှတ်ထိုးနိုင်တယ်

ဓာတ်ပုံ ရင်းမြစ်, burmese
တနိုင်ငံလုံး အပစ်ရပ် သဘောတူ စာချုပ် NCA ကို အစိုးရ နဲ့ အကြား အခု ရရှိ ထားတဲ့ သဘောတူမှု တွေ အတိုင်း လက်ခံ လက်မှတ် ရေးထိုး မယ် ဆိုပြီး ကရင်အမျိုးသား အစည်းအရုံး KNU ရဲ့ အမြဲတမ်း ဗဟို ကော်မတီ အရေးပေါ် အစည်းအဝေး ကနေ ဆုံးဖြတ် ခဲ့တယ် လို့ KNU တာဝန်ရှိ သူ တစ်ဦး က ပြောပါတယ်။
အခု ဩဂုတ် လဆန်းပိုင်း ရန်ကုန် အစည်းအဝေး အပြီး နောက်ဆုံး ရရှိထားတဲ့ သဘောတူ မှုထဲ မှာ တိုင်းရင်းသား တွေ ရဲ့ လိုလား ချက် ဖြစ်တဲ့ လူမျိုးစု လက်နက်ကိုင် တပ် တွေ အားလုံး ပါဝင် လက်မှတ် ရေးထိုး ဖို့ အချက် မပါဝင် သေး ပါဘူး။
ဒါ ကြောင့် KNU ရဲ့ အခု ဆုံးဖြတ်ချက် ဟာ အစိုးရ က ပါဝင်ခွင့် ပြုနိုင်တဲ့ အဖွဲ့တွေ နဲ့ ပဲ NCA လက်မှတ် ရေးထိုး မယ် ဆိုတာ ကို သဘောတူ လက်ခံ လိုက် တာပဲ ဖြစ်ပါတယ်။
ကိုးကန့်တပ် MNDAA၊ တအာင်း ပလောင် TNLA နဲ့ ရခိုင် AA တပ် တွေ လို အဖွဲ့ တချို့ ကို NCA ထဲ ပါဝင်ခွင့် မပြု ဘူး ဆိုတဲ့ အစိုးရ ရဲ့ အကန့်အသတ် ကို အခုလို KNU က လက်ခံ လိုက် ပေမယ့် ကျန် တိုင်းရင်းသား တပ် တွေရဲ့ ရပ်တည် ချက် သဘောထား တွေ တော့ ထွက် ပေါ် မလာသေး ပါဘူး။
အဲဒီ့ ကိစ္စကို ဆွေးနွေး ကြဖို့ တိုင်းရင်းသား တပ် က ခေါင်းဆောင် တွေ ဟာ ဩဂုတ်လ ၂၀ ရက် အကျော် မှာ ထိုင်း နိုင်ငံ ချင်းမိုင် မြို့ မှာ တွေ့ဆုံ ကြဖို့ ရှိပါတယ်။
အစိုးရ နဲ့ အပစ်ရပ် စာချုပ် ကို လက်ရှိ ပြည်နယ် အဆင့် ၊ ပြည်ထောင်စု အဆင့် အဖြစ် တဖွဲ့ ချင်းစီ အနေနဲ့ လက်မှတ် ထိုး ထားကြတဲ့ တိုင်းရင်းသား တပ် ၁၄ ဖွဲ့ ရှိနေပြီး၊ ကချင် KIO လည်းပဲ မြစ်ကြီးနား စာချုပ် လို အစိုးရ နဲ့ အကြား အပြန်အလှန် နားလည်မှု ကတိကဝတ် တွေ ရယူ ချုပ်ဆို ထားတာ ရှိနေပါတယ်။
အဲဒီ့ ၁၅ ဖွဲ့ ကို တော့ အစိုးရ က NCA ထဲ ပါဝင် ဖို့ လက်ခံ အသိအမှတ် ပြုထားတဲ့ အဆင်သင့် အနေအထား မှာ ရှိနေတယ် လို့ တိုင်းရင်းသားတပ် တွေ ရဲ့ အဆင့်မြင့် ကိုယ်စားလှယ် တစ်ဦး ဖြစ်တဲ့ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ က ဗိုလ်မှုးကြီး ခွန်ဥက္ကာ က ဘီဘီစီ ကို ပြောပါတယ်။




