အာရှလမ်းမကြီး စီမံကိန်း အတွက် ကရင်ကွန်ယက် ထုတ်ပြန်

ဓာတ်ပုံ ရင်းမြစ်, BBC Burmese
အာရှ အဝေးပြေး လမ်း စီမံကိန်း ကြောင့် ကရင် ပြည်နယ် မှာ ငြိမ်းချမ်းရေး ပျက်ပြား နိုင်တယ် လို့ ကရင် လူမှု အဖွဲ့ အစည်း ၂၅ ဖွဲ့ ပါဝင်တဲ့ KPSN (Karen Peace Support Network) က ကြေညာချက် ထုတ်ပါတယ်။
မကြာခင် ရက်ပိုင်း တွေက ဒီကေဘီအေ နဲ့ အစိုးရကြား တိုက်ပွဲတွေ ဖြစ်ပြီး နောက် အခုလို ကရင် အဖွဲ့တွေက သတိပေး ထုတ်ပြန် လိုက်တာပါ။
ကရင် လက်နက်ကိုင် တွေ လှုပ်ရှားနေတဲ့ ဒီနယ်မြေမှာ ဒီလမ်းမ ဖွင့်ပွဲ အတွက် အစိုးရ တပ်က ဒီကေဘီအေ ကို တပ်ရွှေ့ခိုင်းရာက တိုက်ပွဲ ဖြစ်ပွားခဲ့ တယ် လို့ Karen Peace Support Network ညှိနှိုင်းရေးမှူး စောကျော်စွာ က ပြော ပါတယ်။
ဒီလို မီးပွားတွေ ထပ် မဖြစ်အောင် အာရှ အဝေးပြေး လမ်းမကြီး စီမံကိန်း ကို စီစဉ် ကတည်း က ဒေသတွင်းက လက်နက်ကိုင် တွေနဲ့ သေချာ ညှိနှိုင်းဖို့ အစိုးရ၊ ပြည်ပ ရင်းနှီး မြှုပ်နှံသူ တွေနဲ့ နိုင်ငံတကာ အဖွဲ့ အစည်း တွေက ဂရုစိုက် စီစဉ် သင့်တယ် လို့ လည်း ဆို ပါတယ်။
ပဋိပက္ခ နယ်မြေတွေ မှာ အကြီးစား စီမံကိန်း တွေကို ဆောင်ရွက်ရာမှာ မြေသိမ်းမှု ၊ ဗဟို ထိန်းချုပ်မှုတွေ နဲ့ စစ်တပ် တိုးချဲ့မှုတွေ ပိုဆိုးလာလို့ ငြိမ်းချမ်းရေး ဖြစ်စဉ် တွေမှာ ထိခိုက်နိုင်ကြောင်း KPSN ကရင် ငြိမ်းချမ်းရေး အထောက်အကူပြု ကွန်ရက်က ထုတ်ပြန် ခဲ့ပါတယ်။
ဒါကြောင့် ငြိမ်းချမ်းရေး အတွက် ညှိနှိုင်း ဆွေးနွေးဖို့၊ ဒီ တိုက်ပွဲတွေ ရပ်တန့်ဖို့ ကေအင်ယူ ကရင် အမျိုးသား အစည်းအရုံးက ကြားဝင်ပေးဖို့ နဲ့ ဒီစီမံကိန်း တွေ ဆောင်ရွက်ပုံ တွေ ပြန်သုံးသပ်ဖို့ KPSN က တိုက်တွန်း ခဲ့ပါတယ် ။




