ဒီကေဘီအေနဲ့ အစိုးရတပ် တိုက်ပွဲဖြစ်လာပြန်

ဓာတ်ပုံ ရင်းမြစ်, BBC Burmese
အစိုးရ စစ်တပ် နဲ့ ကရင် လက်နက်ကိုင် ဒီကေဘီအေ တပ် အကြား ဇူလိုင် ၅ ရက် တနင်္ဂနွေ နေ့ မွန်းတည့်ချိန် လောက် မှာ တိုက်ပွဲ တွေ ထပ်မံ ဖြစ် ပွား လာပြန် ပါတယ်။
ကြာသပတေး နေ့ တိုက်ပွဲ အပြီး ပိတ်ထား ခဲ့တဲ့ ကရင်ပြည်နယ်၊ ကော့ကရိတ် နဲ့ သင်္ဃာန်းညီနောင် အကြား အာရှ အဝေးပြေး လမ်းသစ် နဲ့ လမ်းဟောင်း တွေ ပြန် ပွင့် ပြီး မိနစ် ပိုင်းမှာပဲ တိုက်ပွဲတွေ ပြန် ဖြစ် လာတာပါ။
အစိုးရနဲ့ ဒီကေဘီအေ တာ၀န်ရှိသူ တွေ တနင်္ဂနွေ နေ့ မနက်ပိုင်း ကော့ကရိတ် မြို့ မှာ တွေ့ဆုံ ညှိုနှိုင်း ပြီးတော့ ကော့ကရိတ်-သဃ်န်းညီနောင် လမ်းဟောင်းကို ဒီကေဘီအေဖက် က ပြန်ဖွင့် ပေးခဲ့ပါတယ်။
ဒါပေမယ့် ကော့ကရိတ် ကနေ ခရီးသည်နဲ့ ကုန်တင်ကား တွေ ထွက်ခွာ ပြီး ဒီကေဘီအေ ရဲ့ ကောင်းမှုဂိတ် အနား အရောက်မှာပဲ မော်တာကျည် တွေ ကျပြီး တိုက်ပွဲ ပြန်ဖြစ် လာတယ် လို့ ကော့ကရိတ်ကို ပြန် လာ ကြ ရ တဲ့ ကားသမား တွေ က ပြောပါတယ်။
အစိုးရ ရဲ့ စကခ ၁၂ လက်အောက်ခံ ခမရ ၅၄၉ က မော်တာ တွေ သုံးပြီး အပြင်း အထန် တိုက်ခိုက် လာတာ ဖြစ် တယ် လို့ ဒီကေဘီအေ က ဗိုလ်ကြီး သရီးတူး က ပြောပါတယ်။
မော်တာ ပစ်ခတ်သံတွေ ကို တနင်္ဂနွေ ညနေပိုင်း အထိ ကြား နေ ရတယ် လို့ ဒေသခံ တွေ က ပြောပါတယ်။
ဒါပေမယ့် နှစ်ဖက် ထိခိုက် သေကြေ မှု ရှိလား ဆိုတာ ကို တော့ မသိရ သေးပါဘူး။
အစိုးရ တပ်ဖက် က အား တွေ ထပ်ဖြည့် ပြီး တိုက်ပွဲ အရှိန်မြှင့် နေသ၍ တော့ ဒီကေဘီအေ ဘက် က လည်း တိုက်ပွဲ ရပ် လို့ မရ ဖြစ် နေတယ် လို့လည်း ဗိုလ်ကြီး သရီးတူး က ဆိုပါတယ်။
အဲဒီလိုသာ နှစ်ဖက်ကြား အပစ်ရပ်လို့ မရပဲ တိုက်ပွဲ ရက်ရှည် နေမယ် ဆိုရင်တော့ ဒေသခံ လူထု အတွက် သာမက နယ်စပ် ကုန်သွယ်ရေး နဲ့ ခရီးသွား လုပ်ငန်းတွေ ပါ ထိခိုက် လာနိုင်တယ် လို့ နယ်စပ်အရေး စောင့်ကြည့် သူတွေက သုံးသပ် နေ ပါတယ်။








