အာဆီယမ်လူထုဖိုရမ် ကျင်းပနေ

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ မှာ ကျင်းပမယ့် အာဆီယံ အဖွဲ့ရဲ့ ထိပ်သီး ညီလာခံ မတိုင်ခင် အာဆီယံ နိုင်ငံတွေ က လူမှု အခြေပြု အရပ်ဖက် အဖွဲ့အစည်း တွေဟာ ASEAN People’s Forum လို့ ခေါ်တဲ့ ဆွေးနွေးပွဲ တွေ ကျင်းပ နေပါတယ်။
မြန်မာနိုင်ငံ က အရပ်ဖက် အဖွဲ့အစည်း အသီးသီး ကို ကိုယ်စား ပြုတဲ့လူ ၁၀၀ လောက်လည်း တက်ရောက် နေပါတယ်။
အဲဒီ့ ဖိုရမ် မှာ အမျိုးသမီး အခွင့်အရေး၊ ငြိမ်းချမ်းရေး၊ ဘာသာ ပေါင်းစုံ ချစ်ကြည် ရေး နဲ့ ဒုက္ခသည် ဆိုင်ရာ အကြောင်း ချင်းရာ တွေ စတဲ့ ခေါင်းစဉ် ပေါင်းစုံ ကို ဆွေးနွေး ဖလှယ် ကြတာ ဖြစ်တယ် လို့ ရန်ကုန်မြို့ အခြေစိုက် Women Peace Network (Arakan) ဆိုတဲ့ ရိုဟင်ဂျာ အမျိုးသမီး တွေ အများစု ပါဝင်တဲ့ ပဋိပက္ခနဲ့ ခွဲခြား ဆက်ဆံမှု လျှော့ချ ဖို့ ရည်ရွယ်တဲ့ အဖွဲ့ကို တည်ထောင်သူ မဝေဝေနု က ဘီဘီစီ ကို ပြောပါတယ်။
အာရှ တိုက်ထဲ က ဒုက္ခသည် တွေ အရေး ကို ဖြေရှင်း ဖို့ အချိန်တန်ပြီ ဆိုတဲ့ ခေါင်းစဉ် နဲ့ ဆွေးနွေး ရာ မှာ ကိုယ်တိုင် ပါဝင် ခဲ့တဲ့ မဝေဝေနု က ဒီ အရေး ကိုင်တွယ်ရာ မှာ အရပ်ဖက် အဖွဲ့ အစည်း တွေ အနေ နဲ့ အစိုးရ အပေါ် ပြဿနာ ရဲ့ အရင်း အမြစ် ကို ကိုင်တွယ် ဖြေရှင်း ဖို့ တွန်းအား ပေးမှု တွေ ဆောင်ရွက် နိုင်သလို၊ လူ့ ဂုဏ်သိက္ခာ နဲ့ အညီ ဒုက္ခသည် တွေ နေထိုင် နိုင်ရေး အတွက် လည်း ကူညီမှု တွေ ပြုလုပ် နိုင်တယ် လို့ ဆိုပါတယ်။
မလေး ရှား အပါအဝင် အာဆီယံ နိုင်ငံ တွေ ဟာ ကုလသမဂ္ဂ ရဲ့ ဒုက္ခသည် များ ဆိုင်ရာ ၁၉၅၁ ပဋိဉာဉ် မှာ လက်မှတ် ရေးထိုးတာ မဟုတ် တဲ့ အတွက် မလေးရှား ရောက် ရိုဟင်ဂျာ လူမျိုးစု ဒုက္ခသည် တွေ သာမက၊ ကျန် လူမျိုး ဒုက္ခသည် တွေ အားလုံး အတွက် တိကျတဲ့ လုံခြုံမှု နဲ့ အာမခံချက် မရ နိုင် ဖြစ်နေ ရပြီး၊ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး ရုံး UNHCR အနေနဲ့ လည်း လုပ်ဆောင်ရ ခက်ခဲနေတယ် လို့ မဝေဝေနု က ပြောပါတယ်။




