ဗကသ ၃ ဦးကို ပဲခူးတိုင်း ရဲစခန်း လွှဲပေး

absdf_students
ဓာတ်ပုံ ပုံစာ, ဗကသ ဗဟို လုပ်ငန်း ကော်မတီဝင် တွေ ထိန်းသိမ်းခံနေရ

ကြာသပတေး နေ့ညက အလုံမှာ ဧည့်စာရင်း မတိုင်တဲ့ ပြစ်ချက်နဲ့ ဖမ်းသွား တဲ့ ဗကသ ဗဟို လုပ်ငန်း ကော်မတီ ဝင် (၃) ဦးကို ပဲခူးတိုင်း ဒေသကြီး ရဲစခန်း ကို လွှဲပေး လိုက်ပါတယ်။

ကိုသီဟဝင်းတင်၊ မဟန်နီဦး နဲ့ ကိုမိုးထက်နေ တို့ (၃)ဦး ကို လက်ပံတန်း ကိစ္စနဲ့ ဆက်စပ်လို့ ဆိုပြီး ပဲခူးတိုင်း ရဲစခန်းကို လွှဲပေး လိုက်တာ ဖြစ်ပါတယ်။

အိမ်ရှင် AFP သတင်းထောက် နဲ့ ဗကသ အဖွဲ့ဝင် တဦး ကိုတော့ အလုံရဲ စခန်းက ဖမ်းဆီး ခဲ့ပြီး ဧည့်စာရင်း မတိုင်တဲ့ ကိစ္စ ခံဝန် နဲ့ ပြန်လွှတ်ပေး လိုက်ပါတယ်။

လက်ပံတန်း ကိစ္စနဲ့ ပတ်သက်လို့ ပင်မ သပိတ်စစ်ကြောင်းမှာ ပါဝင်ပြီး လွတ်မြောက်နေတဲ့ ကျောင်းသား တွေကို အစိုးရ က လိုက်လံ ဖမ်းဆီး နေတယ် လို့ ဒီမိုကရေစီ ပညာရေး ဦးဆောင် လှုပ်ရှားမှု ကော်မတီဝင် ကိုအောင်နေပိုင် က ပြောပါတယ်။

လက်ပံတန်း ဖြိုခွင်း ခံရမှု မှာ ဖမ်းဆီး ခံရသူတွေ နဲ့ အလုံ မြို့နယ်မှာ ဖမ်းဆီး ခံရသူ (၃)ဦး အပါအဝင် ဗကသ ဗဟိုလုပ်ငန်း ကော်မတီဝင် စုစုပေါင်း (၇) ဦး အဖမ်းခံ ထားရပြီ လို့ ကိုအောင်နေပိုင်က ပြောပါတယ်။

လောလောဆယ် မှာ ဖမ်းဆီးမှု တွေ ရှိနေ ပေမယ့် လည်း အရင်က မတက်ဘူး လို့ ပြောထားတဲ့ (၁၆) ရက်နေ့ အမျိုးသား လွှတ်တော် ကြားနာပွဲ ကို ပညာရေး ဦးဆောင် လှုပ်ရှားမှု ကော်မတီ မှာ ပါတဲ့ ဗကသ ကိုယ်စားလှယ် တွေ တက်ရောက် မယ် လို့ ဆုံးဖြတ် လိုက်ကြ ပါတယ်။

ဒီလို လုပ်ရ တာဟာ အခုလို ဖမ်းဆီးမှုတွေ ရှိနေ တာရယ်နဲ့ (၄)ပွင့်ဆိုင် ကတိကဝတ် တွေကို ဗကသ အနေနဲ့ မချိုးဖောက် ချင်တဲ့ အတွက် ကြောင့် ဖြစ်တယ် လို့ ကိုအောင်နေပိုင် က ပြောပါတယ်။

လက်ပတ်အဖြူ မှာ ငါတို့ဟာ ကျောင်းသားတွေ ဖြစ်တယ် ငါ့တို့ အခွင့်အရေး ကို လေးစားပါ ဆိုတဲ့ စာတန်း ကို အင်္ဂလိပ်လို ရိုက်နှိပ် ပြီး လက်မောင်းမှာ ပတ်တဲ့ လှုပ်ရှားမှု ရန်ကုန်မှာ ဖြစ်ခဲ့ပါတယ်။

ကမ္ဘာမကြေဘူး ဆိုတဲ့ စာသားပါတဲ့ လက်ပတ်အနက် တွေကို ပတ်တဲ့ လှုပ်ရှားမှု မိတ္ထီလာ လေကြောင်းနဲ့ အာကာသ နည်းပညာ တက္ကသိုလ် မှာ လုပ်ခဲ့သလို မကွေးနဲ့ ရေနံချောင်း က ကျောင်းသား တွေ ကလည်း အလားတူ လက်ပတ်နက် လှုပ်ရှားမှု ကို လုပ်ခဲ့ကြပါတယ်။

နိုင်ငံတကာ ကျောင်းသားတွေ ကလည်း မြန်မာကျောင်းသား တွေနဲ့ အတူရှိတယ် ဆိုတယ် ဆိုတဲ့ စာသား တွေနဲ့ သူတို့ပုံနဲ့ တွဲရိုက်ပြီး ဖေ့စ်ဘုတ် စာမျက်နှာမှာ တင်တဲ့ လှုပ်ရှားမှုကို မလေးရှား၊ ထိုင်း၊ ဖိလစ်ပိုင်၊ အမေရိကန် ၊ဒိန်းမတ် စတဲ့နိုင်ငံ က ကျောင်းသား တွေက လုပ်ဆောင် နေတာကို အင်တာနက် စာမျက်နှာ တွေမှာ တွေ့ နေရပါတယ် ။