ထိန်းသိမ်းခံရတဲ့ ကျောင်းသားတချို့ ပြန်လွတ်လာ

ဓာတ်ပုံ ရင်းမြစ်, epa
ပြီးခဲ့တဲ့ မတ်လ ၁၀ရက်နေ့က လက်ပံတန်း သပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့က ၀င်ရောက် ဖြိုခွင်းခဲ့အပြီး သာယာဝတီ အကျဉ်းထောင် မှာ ထိန်းသိမ်းထား သူတွေထဲက ကျောင်းတက်နေဆဲ ကျောင်းသားတွေကို အာဏာပိုင်တွေက စိစစ်ပြီး ပြန်လွှတ်ပေး နေပါတယ်။
ပြန်လွှတ်ပေးလိုက်တဲ့သူတွေ အားလုံးဟာ ကျောင်းသူ ကျောင်းသားတွေချည်း ဖြစ်ပြီး လောလောဆယ် ပြန်လွှတ်ပေးလိုက်တဲ့သူပေါင်း ၂၇ဦးရှိပြီလို့ သိရပါတယ်။
ဖမ်းဆီး ခေါ်ဆောင်သွားစဉ်မှာ ရဲတွေရဲ့ ရိုက်နှက်တာကို ခံခဲ့ရကြောင်းနဲ့ နောက်မလုပ်ပါဘူး ဆိုတဲ့ ခံဝန်ချက် လက်မှတ် ထိုးခဲ့ရကြောင်း ပြန်လွတ်လာသူတွေထဲက တဦး ဖြစ်တဲ့ ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ် တတိယနှစ် ကျောင်းသူ မရီမိုမိုအောင် ခေါ် ရီမွန်က ပြောပါတယ်။
ကျောင်းသူ ကျောင်းသားတွေကို အခုလို ပြန်လွှတ်ပေးလိုက်တာဟာ ကျောင်းပြန်တက်ပြီး စာမေးပွဲ ပြန်ဖြေနိုင်ဖို့နဲ့ အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေးကို ဆက်ဆွေးနွေးနိုင်ဖို့ ဖြစ်တယ်လို့ ပဲခူးတိုင်း ရဲတပ်ဖွဲ့ ဒုရဲမှူးကြီး ဝင်းစိန် က ပြောပါတယ်။
အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်ဖို့ ကျောင်းသားတွေက ဆန္ဒပြခဲ့ကြတာ ဖြစ်ပေမယ့် မတည်မငြိမ် ဖြစ်အောင်၊ လုံခြုံရေး ထိခိုက်အောင် နောက်ကွယ်ကနေ သွေးထိုး လှုံ့ဆော်နေသူတွေ၊ ကြိုးကိုင် စီစဉ်နေသူတွေ ရှိနေပြီး အဲဒီလူတွေကို ဖော်ထုတ် အရေးယူသွားမယ်လို့ သူက ဘီဘီစီကို ပြောပါတယ်။
ရဲတပ်ဖွဲ့က အခုလို အင်အားသုံး ဖြိုခွင်းခဲ့တာဟာ ဖြစ်ပေါ်လာတဲ့ အခြေအနေပေါ် မူတည်ပြီး ဥပဒေနဲ့ အညီ အရေးယူ ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အဲဒီ ဖြစ်စဉ်မှာ ရဲမဟုတ်သူတွေက ရဲယူနီဖောင်းတွေ ဝတ်ပြီး ဝင်ရောက် ဖြိုခွင်းမှုတွေ လုပ်ခဲ့တယ် ဆိုတဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့တော့ လုံးဝ မဟုတ်မှန်ကြောင်း ဒုရဲမှူးကြီး ဝင်းစိန်က ငြင်းဆို သွားပါတယ်။




