ရခိုင် ဘတ်ဂျက် အစိုးရ ပြန်အပ်ရလို့ဆို

ဓာတ်ပုံ ရင်းမြစ်, bbc
၂၀၁၃-၂၀၁၄ ခု ဘဏ္ဍာရေး နှစ်မှာ ရခိုင် ပြည်နယ် ဘတ်ဂျက် ကျပ် ၁ဝ၉ ဘီလျံ ထဲက ၁၃ ဘီလျံကျော် မသုံး နိုင်လို့ ဗဟို အစိုးရ ကို ပြန်အပ် ရတယ် လို့ သတင်း ထွက်လာ ပြီးနောက် အခြေအတင် ဆွေးနွေး ခဲ့ကြ ပါတယ်။
လွှတ်တော် ကိုယ်စားလှယ် တွေက ဩဂုတ်လ ၂၁ ရက်က ရခိုင်ပြည်နယ် လွှတ်တော်မှာ မေးခွန်းတွေ မေးမြန်း ခဲ့ကြပါတယ်။
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ကိုယ်တိုင် ၂၆ ရက်နေ့က ဒေသခံ လူမှု အဖွဲ့ အစည်း၊ မီဒီယာတွေနဲ့ တွေ့ဆုံ စဉ်မှာ ဒီကိစ္စ မဟုတ်မှန် ဘူးလို့ ငြင်းဆို ခဲ့ပါတယ်။
ရခိုင် ပြည်နယ် ဘဏ္ဍာရေး ဝန်ကြီး ဒေါက်တာ အောင်ကျော်မင်း ကတော့ စစ်တွေ ခရိုင် ဆောက်လုပ်ရေး ဌာန တခုတည်း ကို ခွင့်ပြုတဲ့ ဘတ်ဂျက်ငွေ ၁၇ ဘီလျံ ရှိပြီး အဲဒီ အထဲက ၅ ဘီလျံ ကိုသာ သုံးနိုင်လို့ ကျန် ၁၂ ဘီလျံ ကျော် ကို ပြည်ထောင်စု လမ်းတံတား အထူး အဖွဲ့ ကို စီမံကိန်း ဆောင်ရွက်ဖို့ အပ်လိုက် ရတယ်လို့ ဆိုပါတယ်။
အဲတာကို ပြည်ထောင်စု အစိုးရ ပြန်အပ် ရတယ် ဆိုပြီး လွှတ်တော် ကိုယ်စားလှယ် အချို့က နားလည်မှု လွဲတာပါလို့ ဆိုပါတယ်။
အမှန်မှာ အဲဒီ ငွေတွေကို ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပြည်ထောင်စု လမ်းတံတား အဖွဲ့က သုံးခဲ့တယ်လို့ ပြောပါတယ်။
ဒီလ ၂၇ ရက်က ရခိုင် ပြည်နယ် လွှတ်တော် မှာ ရသုံးမှန်းခြေ ဦးစီး ဌာန ညွှန်ကြားရေးမှူး နဲ့ ပြည်နယ် ဆောက်လုပ်ရေး တာဝန် ရှိသူတွေ လာရှင်းခဲ့ရတယ်လို့ စစ်တွေ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော် က ဆိုပါတယ်။ ခုလို ရှင်းလင်း ခဲ့ပေမယ့် ရခိုင် ပြည်နယ် ဘတ်ဂျက်နဲ့ ပတ်သက်ပြီး ပွင့်လင်း မြင်သာ မရှိတဲ့ အပေါ်မှာ ဝေဖန် နေကြပါတယ်။
ရခိုင် ပြည်နယ် ဘတ်ဂျက် ငွေတွေကို ပြန်အပ်ရတဲ့ အဖြစ်ဟာ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ် မှာ လည်း ဖြစ်ပေါ်ခဲ့ပြီး ၉ ဘီလျံ အထိ ရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ် ခဲ့ပါတယ်။
၂၀၁၄- ၂၀၁၅ မှာ ဘတ်ဂျက်ငွေ ၁၉၅ ဘီလျံ ရခိုင် လွှတ်တော်က ပြည်ထောင်စု အစိုးရ ထံ တောင်းခံ ထားတယ်လို့ သိရပါတယ်။








