ရခိုင် ALP အဖွဲ့ ဦးအောင်မင်းနဲ့ တွေ့မယ်

ဓာတ်ပုံ ရင်းမြစ်, AFP
ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ ALP ရဲ့ ကိုယ်စားလှယ်တွေ ဟာ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ အဖွဲ့ ဒုဥက္ကဌ ဦးအောင်မင်း နဲ့ ရန်ကုန် မှာ ဒီကနေ့ ဂျူလိုင် ၁၇ ရက်နေ့ မှာ တွေ့ဆုံ ပါလိမ့်မယ်။
ဒီလို တွေ့ဆုံကြတဲ့ အခါ၊ တနိုင်ငံလုံး အပစ်ရပ်ရေး ဆိုင်ရာ သဘောထား အမြင်တွေကို ဖလှယ်ပြီး၊ အဖမ်း ခံထားရတဲ့ ALP အဖွဲ့ဝင်ရဲ့ အရေး ကိစ္စလည်း ဆွေးနွေးသွားမယ် လို့ ALP ရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ရဲ့ ဒုခေါင်းဆောင် ဒေါ်စောမြရာဇာလင်း က ပြောပါတယ်။
ALP ဟာ ၂၀၁၂ ခုနှစ်မှာ၊ ပြည်နယ် အဆင့် အစိုးရနဲ့ တွေ့ဆုံ သဘောတူမှု ရှိခဲ့ပေမယ့်၊ ပြည်ထောင်စု အဆင့် အစိုးရနဲ့တော့ ပြည်တွင်းမှာ ပထမဆုံး အကြိမ် တွေ့ဆုံတာ ဖြစ်ပါတယ်။
ALP ဟာ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ စုပေါင်းပြီး တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးကို အစိုးရနဲ့ အကြား သဘောတူမှု ရယူနိုင်ဖို့ ဖွဲ့စည်းထားတဲ့ NCCT ရဲ့ အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။
အပစ်ရပ်ရေး ငြိမ်းချမ်းရေးမူတွေကို၊ တနိုင်ငံလုံး အတိုင်းအတာနဲ့ လက်မှတ် ရေးထိုး ဖြစ်ဖို့ကတော့၊ NCCT အဖွဲ့ အနေနဲ့ပဲ ဆုံးဖြတ်သွားမှာ ဖြစ်ပြီး၊ အခု တွေ့ဆုံမှုမှာ တော့ အစိုးရနဲ့ ALP အကြား ကိစ္စရပ်တွေကို ပို အာရုံစိုက် ဆွေးနွေးသွားမယ် လို့ ဒေါ်စောမြရာဇာလင်း က ဆိုပါတယ်။
လောလောဆယ် ALP အဖွဲ့ အနေနဲ့၊ အစိုးရနဲ့ ဆက်ဆံရေးရုံးကို ကျောက်တော်မြို့မှာပဲ ထားနိုင်သေးတဲ့ အတွက်၊ ဆက်ဆံရေး ရုံးတွေ တိုးချဲ့ ဖွင့်လှစ် သွားလိုတဲ့ ဆန္ဒလည်း ရှိနေတဲ့ အကြောင်း ဒေါ်စောမြရာဇာလင်း အဆိုအရ သိရပါတယ်။




