အပစ်ရပ်ရေးမူထဲ ဒို့တာဝန် အရေး၃ပါး ထည့်

ဓာတ်ပုံ ရင်းမြစ်, Nyo Ohn Myint MPC
အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်အဖွဲ့ NCCT တို့ဟာ၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး အတွက် တစ်ခုတည်းသော သဘောတူညီမှု မူ ရလာအောင် ညှိနှိုင်း ဆွေးနွေး လာခဲ့ကြတာမှာ၊ အခု ရှစ်ကြိမ်မြောက်ရဲ့ ဒုတိယနေ့မှာ လည်း မျှော်လင့် ထားကြသလို အပြီးသတ်နိုင်ခြင်း မရှိသေးပါဘူး။
ဆွေးနွေးမှုတွေမှာ တိုးတက်မှုတွေ ရှိပြီး၊ အပြုသဘော ဆောင်တယ်လို့ ဒီတစ်ခေါက် အစည်းဝေးရဲ့ ပထမနေ့မှာ တိုင်းရင်းသားတွေ ဘက်က ပြောခဲ့ပေမယ့်၊ မနေ့ ၂၂ ရက် မေလက အစည်းအဝေး မှာတော့၊ အစိုးရဘက် က ၂၀၀၈ အခြေခံ ဥပဒေပါ အချက်တွေ ကို စာချုပ်ထဲမှာ ထည့်ဖို့ လုပ်လာတဲ့ အတွက်၊ တိုင်းရင်းသားတွေ ဘက်က ပြန်လည် ထောက်ပြ ဆွေးနွေးတာမျိုး တွေ ရှိလာပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အခန်း ၁၊ ပုဒ်မ ၆ ပါ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး နဲ့ အချူပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး အချက် ၃ ချက်ကို၊ အပြစ်ရပ်မူ စာချူပ်ထဲမှာ အစိုးရက ထည့်သွင်းလာတဲ့ အတွက်၊ ဘယ်လို အဓိပ္ပာယ်မျိုးနဲ့ အခုလို ထည့်သွင်းလာရသလဲ ဆိုတာ မေးခွန်း ထုတ်ထားရတယ် ဆိုပြီး၊ NCCT အဖွဲ့ဝင် ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဘီဘီစီကို ပြောပါတယ်။
အစိုးရဘက်က ဩဂုတ်လ ၁ ရက်နေ့အမီ၊ သဘောတူ စာချူပ် ရလာဖို့ မှန်းထားပေမယ့်၊ တိုင်းရင်းသား ကိုယ်စားလှယ်တွေ အနေနဲ့ကတော့၊ ဘယ်နေ့ နောက်ဆုံးဆိုပြီး ရက် သတ်မှတ် မထားပဲ၊ အချက်အားလုံးကို နှစ်ဦးနှစ်ဘက် ကြေလည်အောင် ညှိနှိုင်းဖို့က အဓိကပဲ လို့ ယူဆထားကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုပါတယ်။
အစည်းဝေးမှာ တချို့ အချက်အလက်တွေ အပေါ် ဆွေးနွေးမှု မပြီးပြတ်တာကြောင့် ဒီကနေ့ ၂၃ရက် မေလ မနက်ပိုင်း အထိ ဆွေးနွေးမှာ ဖြစ်တယ် လို့ မြန်မာ ငြိမ်းချမ်းရေးစင်တာရဲ့ အကြီးတန်း အကြံပေး ဦးလှမောင်ရွှေ က ပြောပါတယ်။
အချက်အလက် အားလုံးကို ဆွေးနွေး နိုင်ခဲ့ရင်တောင်၊ ဒါဟာ အပစ်အခတ် ရပ်စဲရေး ဒုတိယအဆင့် မူကြမ်းပဲ ဖြစ်ပြီး၊ အပြီးသတ် သဘောတူ စာချုပ်အတွက် ထပ်မံ တွေ့ဆုံရဖို့ လိုကြောင်းလည်း ဦးလှမောင်ရွှေ က ဆိုပါတယ်။
ဒီပွဲကို လာရောက် ဆွေးနွေးကြသူ လွှတ်တော် ကိုယ်စားလှယ် အချို့ ကတော့၊ စကားလုံး ဝေါဟာရ တချို့သာ ညိနှိုင်းဖို့ ကျန်ပြီး၊ နောက်ထပ် နှစ်ကြိမ်လောက် တွေ့ပြီးတဲ့အခါ၊ အပစ်အခတ် ရပ်ရေး သဘောတူ စာချုပ် ချုပ်ဆို နိုင်လောက်တယ် ဆိုပြီး၊ ခန့်မှန်းကြပါတယ်။




