ပုဒ်မ ၄၃၆ ပြင်ဖို့ ကော်မတီ ဆုံးဖြတ်

ဓာတ်ပုံ ရင်းမြစ်, AFP
အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင် အထည်ဖော်မှု ကော်မတီရဲ့ နောက်ဆုံး ဆွေးနွေးမှု အရ ပုဒ်မ ၄၃၆ က နဲ့ ခ ပုဒ်မ နှစ်ခု စလုံးမှာ ပါတဲ့ လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာနှုန်းကျော်က ထောက်ခံမှ ပြင်ဆင် နိုင်မယ်ဆိုတဲ့ အချက်အစား ၃ ပုံ၂ ပုံ တစ်နည်း အားဖြင့် ၆၇ ရာနှုန်းက သဘောတူရင် ပြင်ဆင် နိုင်မယ်လို့ သဘော တူခဲ့ကြ ပါတယ်။
နောက်ထပ် အရေးကြီးတဲ့ အချက်က ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ လုပ်ရမယ်ဆိုတဲ့ အချက်မှာ မူလ သတ်မှတ်ထားတဲ့ မဲဆန္ဒ ပေးပိုင်ခွင့်ရှိသူ အားလုံးရဲ့ ၅၀ ရာနှုန်းကျော်က ထောက်ခံမှသာ အတည်ဖြစ်မယ် ဆိုတဲ့ နေရာမှာ လာရောက် မဲပေးသူ ၅၀ ရာခိုင်နှုန်းကျော်က ထောက်ခံရင် အတည်ပြုနိုင်မယ်လို့ ပြင်ဆင်ချင်ဖို့ ကိုလည်း သဘောတူညီ ခဲ့ကြပါတယ်။
ဒါပေမဲ့ စစ်တပ်က အာဏာသိမ်းနိုင်တဲ့ ပြဌာန်းချက် တွေကို လုံးဝ ပယ်ဖျက်ဖို့ ကြိုးစားကြရာမှာ ၃၁ ဦး ကော်မတီ အတွင်းမှာ တော်တော်လေး အကြိတ်အနယ် ဆွေးနွေး ခဲ့ကြပေမဲ့ လုံးဝ ပြင်လို့ တို့ထိလို့ မရခဲ့ဘူးလို့ သိရပါတယ်။
အထူးသဖြင့် ၃၁ ဦး ကော်မတီအတွင်းမှာ ပါတဲ့ တပ်မတော်သား ၇ ဦးဘက်က အဲဒီ အချက်ကို အထိ မခံဘူးလို့ ကော်မီတီဝင်တွေကို မေးမြန်းခဲ့ချက်အရ သိရ ပါတယ်။
အခြေခံဥပဒေ အခန်း ၁၂ ပါ ပြင်ဆင်ချက်အပိုင်းကို ဆွေးနွေးပြီးတဲ့နောက် အခန်း ၁ကို ဆက်လက် ဆွေးနွေးကြရာမှာ ပုဒ်မ ၆ စ အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်း ကဏ္ဍတွင် တပ်မတော်က ပါဝင် ထမ်းဆောင်နိုင်ရေးကို အစဉ်တစိုက် ဦးတည်သည်ဆိုတဲ့ နေရာမှာ ဦးဆောင်မှု အခန်းကဏ္ဍဆိုတဲ့ စကားလုံးကို ဖယ်ထုတ်ဖို့ သဘောတူခဲ့ပါတယ်။
ဒါ့အပြင် ဖက်ဒရယ် ပြည်ထောင်စု ဆိုတဲ့ စကားလုံးကို ထည့်သွင်းဖို့လည်း သဘောတူခဲ့ကြ ပါတယ်။
ဒီတော့ ပြင်ဆင်ဖို့ သဘောတူခဲ့တဲ့ အချက်တချို့ ရှိခဲ့သလို ပြင်မရ တို့မရတဲ့ အချက်တွေလည်း ရှိခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
ဒါပေမဲ့ ဒါတွေအားလုံးဟာ ၃၁ ဦးကော်မတီရဲ့ တင်ပြချက် အဆင့်သာရှိ ပါသေးတယ်။
ဒါတွေကို လွှတ်တော်ထဲတင်ရဦးမှာပါ။ ပထမအဆင့် လွှတ်တော် ကိုယ်စားလှယ် ၂၀ ရာနှုန်း အရေအတွက် ၁၃၃ ယောက်က သဘောတူ မှသာ ဥပဒေကြမ်းတင်သွင်းလို့ ရမှာပါ။
ဒါကဖြစ်နိုင်ချေရှိပြီး သိပ်အခက်အခဲ ရှိချင်မှ ရှိနိုင်ပေမဲ့ ရှေ့မှာ နောက်ထပ် အတားအဆီးကြီးက ရှိနေ ပါတယ်။ လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာနှုန်းကျော်က ထောက်ခံမှသာ ရှေ့ဆက်တိုးလို့ ရမယ် ဆိုတဲ့ အချက်ဖြစ်ပါတယ်။
ဒါကို ကျော်ဖို့က တော်တော်ခက်နိုင်ပါတယ်။ ကျော်ပြီးရင်လည်း ပြည်လုံးကျွတ် ဆန္ဒခံယူပွဲမှာ မဲပေးခွင့်ရှိသူ စုစုပေါင်းရဲ့ ၅၀ ရာနှုန်းကျော်ရဲ့ ထောက်ခံမှု ရဖို့ ဆိုတဲ့ အခက်အခဲက ကာဆီး နေပါသေးတယ်။








