ရခိုင်က ကူညီရေးတွေ ပွင့်လင်းဖို့ အရေး အကြီးဆုံး

UNICEF Office in Sittwe

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, စစ်တွေမှာ ဖျက်ဆီးခံ ခဲ့ရတဲ့ UNICEF ရုံးခန်း

ရခိုင် ပြည်နယ်မှာ ကုလ သမဂ္ဂနဲ့ နိုင်ငံတကာ အန်ဂျီအိုတို့ရဲ့ ကူညီပေးရေး ဆောင်ရွက်မှု တွေဟာ ပွင့်လင်းမြင်သာမှု မရှိခဲ့တဲ့ အတွက် သူတို့ လုပ်ငန်းတွေကို လူထု သိနိုင်မှု အားနည်းခဲ့ သလို သူတို့ဘက်ကလည်း လူထု ဆန္ဒကို မသိ ခဲ့ကြဘူးလို့ ECC ပြည်ထောင်စု အဆင့် အရေးပေါ် ပေါင်းစပ် ညှိနှိုင်းရေး ဌာန ဒုတိယ ဥက္ကဌ ဖြစ်တဲ့ နယ်စပ်ရေးရာ ပြည်ထောင်စု ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် မောင်မောင်အုန်းက ပြောပါတယ်။

ECC ဆိုတာက ပြည်နယ် အစိုးရကို အထောက် အကူပြုနိုင်ဖို့ ပြည်ထောင်စု အစိုးရက ဦးဆောင်ပြီး ပြည်နယ် အစိုးရ၊ ကုလ သမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့ အစည်းတွေ အပြင် မြို့မိမြို့တွေပါတဲ့ အဖွဲ့ဝင် ၁၉ ယောက်ပါဝင် ဖွဲ့စည်း ထားတဲ့ အဖွဲ့ ဖြစ်ပါတယ်။

စစ်တွေမြို့မှာ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အဆောက် အဦတွေကို တိုက်ခိုက်မှုတွေ ဖြစ်ပြီးတဲ့နောက် ရပ်နား ထားခဲ့ ရတဲအကူအညီ ပေးရေး လုပ်ငန်းတွေ ပြန်လည် စတင် နိုင်ဖို့ ဆွေးနွေးမှု တွေကို ပြီးခဲ့တဲ့ ရက်ပိုင်းက ပြုလုပ်ခဲ့ ပါတယ်။

ဆွေးနွေးပွဲတက်ရောက် ခဲ့ကြသူတွေရဲ့ တင်ပြ ဆွေးနွေးချက်တွေ အရ အနာဂတ်မှာ ကုလ သမဂ္ဂ၊ နိုင်ငံတကာ အဖွဲ့တွေနဲ့ ပြည်သူလူထု ပူးပေါင်း ဆောင်ရွက်ဖို့ ရှိတယ်လို့ ဗိုလ်ချုပ် မောင်မောင်အုန်းက ပြောပါတယ်။

လောလောဆယ်မှာ အကူအညီပေးရေး လုပ်ငန်းတွေ စတင်နေပြီး အရှိန် ရလာပြီ ဖြစ်ပေမဲ့ အရင်ကလို အပြည်အဝ အကောင်အထည် ဖော်နိုင်တဲ့ အခြေအနေ မရှိသေးဘူးလို့ လည်း သူက ပြောပါတယ်။

အရင်က ဖြစ်ခဲ့တဲ့ ပြဿနာမျိုး မဖြစ်အောင် ပြည်ပ အကူအညီပေးရေး အဖွဲ့ တွေကို စစ်တွေမြို့ တောင်ပိုင်းမှာ သီးသန့်ထားပြီး လုံခြုံရေး ဆောင်ရွက် ပေးမယ်လို့လည်း ဆိုပါတယ်။

ပြဿနာ ဖြစ်ခဲ့တဲ့ MSF နဲ့ မာတီဇာ အဖွဲ့တို့ရဲ့ ကူညီရေး လုပ်ဆောင်မှုတွေ နေရာမှာ ကျန်းမာရေး ဝန်ကြီးဌာနက လောလောဆယ် စီမံ ဆောင်ရွက်ပေးနေတယ်လို့ ဗိုလ်ချုပ် မောင်မောင်အုန်းက ပြောပါတယ်။