မွတ်ဆလင် ရွာသားနဲ့ အကြမ်းဖက် အဖွဲ့ ပတ်သက်မှု ရှိတယ်လို့ မြန်မာ အစိုးရ ဖော်ပြ

ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ ဒူချီရာတန်း အလယ်ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ ပြဿနာမှာ ပါဝင်သူ မွတ်ဆလင် ရွာသားတွေဟာ အကြမ်းဖက် (Rohingya Solidarity Organization) RSO အဖွဲ့နဲ့ ပတ်သက်မှုတွေ ရှိတယ်လို့ အစိုးရ သတင်းစာတွေမှာ ဖော်ပြပါတယ်။
ဒူချီရာတန်း ရွာမှာ ဇန်နဝါရီလ ၁၃ ရက်နေ့ ညက ဖြစ်ပွားခဲ့တဲ့ ပြဿနာမှာ ပါဝင်သူ ရွာသား ၁၉ ဦး ရှိခဲ့ပြီး အဲဒီထဲက ဦးဆောင် ရန်ပြုသူတွေထဲမှာ ပါဝင်သူ တစ်ဦးဟာ အိမ်နီးချင်း တဘက်နိုင်ငံက RSO အဖွဲ့မှာ သင်တန်းတက်ဖူးသူ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
RSO အဖွဲ့နဲ့ ပတ်သက်မှုရှိတယ် ဆိုတဲ့သူကို ဆက်လက် စစ်ဆေးဆဲ ဖြစ်ပြီး ရဲတွေ အနေနဲ့ တရားဝင် ပြောလို့ မရသေးဘူးလို့ ရခိုင်ပြည်နယ် အစိုးရ ပြောခွင့်ရသူ ဦးဝင်းမြိုင်က ဆိုပါတယ်။
ဒူချီရာတန်းရွာ အနီးတဝိုက်မှာ နေတဲ့ မွတ်ဆလင် ဒေသခံတစ်ဦးကတော့ အခုအချိန်အထိ အစိုးရဘက်က စစ်ဆေးခဲ့ရာမှာ ဘာအထောက်အထားမှ တွေ့ရှိတာကို မကြားရဘူးလို့ ပြောပါတယ်။
မနေ့ကတော့ ပြဿနာဖြစ်ရာ ဒူချီရာတန်း အလယ်ကျေးရွာက အနီးတဝိုက် ဒေသတွေကို ရခိုင်ပြည်နယ် ၀န်ကြီးချုပ်၊ အစိုးရအဖွဲ့တွေနဲ့ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေ သွားရောက်ခဲ့ကြပါတယ်။
လတ်တလော ရွာအနီးတဝိုက် အခြေအနေက တည်တည်ငြိမ်ငြိမ် ရှိနေပြီ ဖြစ်ပေမယ့် ကျေးရွာက ရွာသားတွေ အနေနဲ့ ကိုယ့်အိမ်ကိုယ် ပြန်ချင်ရင်တော့ စစ်ဆေးခံပြီးမှ ပြန်ခွင့် ရှိတယ်လို့ ဦးဝင်းမြိုင်က ဆက်ပြောပါတယ်။
အခုချိန်ထိတော့ ပျောက်ဆုံးသွားတဲ့ ရဲတပ်ကြပ်ကြီးရဲ့ အလောင်းနဲ့ လက်နက်ကို ရှာမတွေ့သေးတာကြောင့် ပြဿနာမှာ ပါဝင် ပတ်သတ်တဲ့ ဒူချီရာတန်း ရွာသား အယောက် ၈၀ လောက်ကို ခေါ်ယူ စစ်ဆေးထားတယ်လို့ ဦးဝင်းမြိုင်က ပြောပါတယ်။




