ဗြိတိသျှ သံအမတ် ရခိုင်ဒုက္ခသည်စခန်း လေ့လာ

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီး အန်ဒရူး ပက်ထရစ် ဟာ ပြီးခဲ့တဲ့ သီတင်းပတ် က ရခိုင်ပြည်နယ်ရှိ ဒုက္ခသည် စခန်းတွေ ကို သွားရောက် လေ့လာ ခဲ့ပါတယ်။ ဒီအခါမှာ အခြေအနေဆိုးဝါးတဲ့ ဒုက္ခသည် တွေ ဆီကို လိုအပ်တဲ့ အကူအညီတွေ ရောက် အောင် မပို့နိုင်တာဟာ စိုးရိမ်စရာ ကောင်းတဲ့ အကြောင်း ဘီဘီစီ ကို ပြောပါတယ်။
ဒီဒေသမှာ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ကူညီပံ့ပိုးမှု၊ ပါဝင်လေ့လာမှု တွေ အပေါ်မှာ ဒေသခံတွေ က ယုံကြည် လက်ခံမှု မရှိခြင်းဟာ အဓိက ပြဿနာ လို့ မြင်ခဲ့ရသလို၊ နိုင်ငံတကာ က အကူအညီတွေ အပေါ်မှာလည်း တချို့ ဒေသခံတွေ က ထိန်းချုပ်ဖို့ ကြိုးစားမှု တွေ ရှိနေကြောင်း၊ သူတို့ ဘာသာ စီမံခန့်ခွဲ လိုတဲ့ သူတွေ ရှိသလို၊ တချို့ကလည်း အထက်ပါ အကူအညီတွေ ကို စခန်းတွေထဲ မရောက် အောင် ထိန်းချုပ်ဖို့ ကြိုးစားသူတွေ ရှိကြောင်း သံအမတ်ကြီး က ရှင်းပြပါတယ်။
ဒီလို စိုးရိမ်စရာ ကောင်းတဲ့ အခြေအနေ ကို မြန်မာ အစိုးရ အနေနဲ့ သေသေချာချာ စိစစ် ကိုင်တွယ်ဖို့ လိုနေပြီလို့ လည်း သံအမတ်ကြီး က ပြောပါတယ်။ ဒုက္ခသည်တွေ အနက် အပြင်ထွက်ပြီး အလုပ် လုပ်ခွင့် မရတာကြောင့်၊ ဒီလူတွေ ဆီ အကူအညီ ရောက်ဖို့ ပိုလိုအပ်တဲ့ အကြောင်း၊ ရခိုင်ဒုက္ခသည် တွေ ကတော့ စခန်းအပြင်ဘက် အလုပ် လုပ်ခွင့် ရတဲ့ အတွက်၊ မွတ်ဆလင် ဒုက္ခသည်တွေ လောက် အခြေအနေ မဆိုးဘူး လို့ လည်း သံအမတ်ကြီး အန်ဒရူး ပက်ထရစ် က ဘီဘီစီ ကို ပြောပါတယ်။
ရခိုင်ပြည်နယ် က ဒုက္ခသည် စခန်းတွေ မှာ ရခိုင်လူမျိုးတွေ ရော၊ မွတ်ဆလင် ဒုက္ခသည်တွေ ပါ ရှိနေကြတာပါ။




