RCSS ရှမ်းတပ်က အပစ်ရပ်ရေး အရင်ဆွေးနွေးလို

RCSS/SSA, Shan rebels in Burma
ဓာတ်ပုံ ပုံစာ, RCSS/SSA ရှမ်းပြည်တပ်မတော် တောင်ပိုင်း

လက်ရှိ တိုင်းရင်းသားလက်နက်ကိုင် အများစု တောင်းဆိုကြတဲ့ အပစ်ရပ်ရေးနဲ့ နိုင်ငံရေး ရောပြီး ဆွေးနွေးတာထက်စာရင် အပစ်ရပ်ရေးကို အရင် ဆွေးနွေးသင့်တယ်လို့ ရှမ်းပြည်တပ်မတော် တောင်ပိုင်းလို့ သိကြတဲ့ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA က ပြောပါတယ်။

RCSS/SSA ဟာ နိုဝင်ဘာလဆန်းက ကျင်းပခဲ့တဲ့ လိုင်ဇာညီလာခံမှာ ပါဝင်တက်ရောက်ပေမယ့် သဘောတူ လက်မှတ် မထိုးခဲ့ပဲ အခြား တိုင်းရင်းသား လက်နက်ကိုင် ၁၇ ဖွဲ့ကသာ သဘောတူ လက်မှတ်ထိုးခဲ့ပါတယ်။ RCSS/SSA ကတော့ သူတို့အဖွဲ့ ဗဟိုခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်ယူပြီးမှပဲ အကြောင်းပြန်မယ်လို့ ပြောခဲ့ပါတယ်။

အခု လိုင်ဇာညီလာခံအပြီး ၃ ပတ် ကြာလာတဲ့ အချိန်မှာ ဘီဘီစီက ဆက်သွယ်မေးကြည့်ရမှာ RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းလက လိုအပ်မှသာ လက်မှတ်ထိုးမှာ ဖြစ်ပြီး အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ တွေ့ဆုံဖို့ ရှိတဲ့ ဖားအံညီလာခံကျမှ ဒီကိစ္စ ဆုံးဖြတ်မယ်လို့ တိုင်းရင်းသားအဖွဲ့တွေကို အကြောင်း ပြန်ထားတယ်လို့ ပြောပါတယ်။

လက်မှတ်ထိုးလိုက်ရင် နောက်ထပ်နည်းလမ်း ရွေးချယ်စရာမရှိပဲ ချုပ်ကိုင်ခံရသလို ဖြစ်မှာစိုးလို့ လက်မှတ်မထိုးတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

တခြား တိုင်းရင်းသားအဖွဲ့ ၁၇ ဖွဲ့ လက်ရှိ သဘောတူထားတဲ့ အတိုင်း အပစ်ရပ်ရေးနဲ့ နိုင်ငံရေး ရောထွေးပြီးတော့ ဆွေးနွေးမယ်ဆိုရင် တပြည်လုံး အပစ်ရပ်ရေးကိစ္စက ကြံ့ကြာသွားနိုင်တယ်၊ ဒါကြောင့် အပစ်ရပ်ရေးကို အရင်သွားပြီးမှ နိုင်ငံရေးကို ဆွေးနွေးသင့်တယ်လို့ မြင်တဲ့အကြောင်း ဗိုလ်မှူးကြီး စိုင်းလ က ပြောပါတယ်။

ဒီသဘောထားကို တခြား တိုင်းရင်းသားအဖွဲ့တွေ လက်ခံမခံ မသိပေမယ့် မြန်မာအစိုးရဘက်ကတော့ အခု RCSS ရဲ့ သဘောထားကို လက်ခံနိုင်ချေရှိတယ်လို့ မြင်ကြောင်း သူက ဆိုပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မှာ အင်္ဂါနေ့မှာ စတင်ကျင်းပမယ့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT အစည်းအဝေးကိုလည်း RCSS/SSA အနေနဲ့ ကိုယ်စားလှယ် စေလွှတ်မထားကြောင်း၊ ဒါပေမယ့် တိုင်းရင်းသားအဖွဲ့တွေနဲ့ မကြာခင် ကရင်ပြည်နယ်တွင်းမှာ တွေ့တဲ့အခါ သူတို့ရဲ့ သဘောထားကို တင်ပြသွားမယ်လို့ ဗိုလ်မှူးကြီး စိုင်းလက ပြောပါတယ်။