ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပူးတွဲ ကြေညာချက်ထုတ်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၆ ဖွဲ့နဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ဖော် ဆောင်ရေး အဖွဲ့တို့ကြား နှစ်ရက်ကြာ ဆွေးနွေးခဲ့ပြီးတဲ့နောက် နိုင်ငံရေး သဘောတူညီချက်တွေ ရအောင် ဆက်လက် ဆောင်ရွက်ကြမယ့် အစီအစဉ် သုံးချက်ကို သဘောတူညီကြောင်း ပူးတွဲ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
အဲဒီ အစီအစဉ် အရ၊ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေး၊ နိုင်ငံရေး ဆွေးနွေးရေး ဆိုင်ရာ မူဘောင် ချမှတ်ရေးနဲ့ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲတွေ ကျင်းပရေး ဆိုတဲ့ သုံးချက်ကို ဆောင်ရွက်ဖို့ သဘောတူ ကြတာ ဖြစ်ပါတယ်။
လာမယ့် ဒီဇင်ဘာလ အတွင်း ကရင်ပြည်နယ် ဖားအံမြို့မှာ နောက်တကြိမ် တွေ့ဆုံကြဖို့လည်း နှစ်ဖက် ထုတ်ပြန် ကြေညာချက်မှာ ဖော်ပြထားပါတယ်။




