ရိုဟင်ဂျာတွေကို ပြန်လက်ခံဖို့ စစ်ကောင်စီ စီစဥ်

ဓာတ်ပုံ ရင်းမြစ်, THIERRY FALISE/LIGHTROCKET VIA GETTY IMAGES
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားခဲ့ကြတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက မွတ်ဆလင်တွေကို ပြန်လည်လက်ခံရေး ကို ဩဂုတ်လကုန်ပိုင်းမှာ ပြန်စဖို့ရှိနေတယ်လို့ ရခိုင်ပြည်နယ်ကောင်စီက ပြောပါတယ်။
ဒုက္ခသည် ပြန်လည်လက်ခံရေးနဲ့ ပတ်သက်လို့ တစ်ဖက်နိုင်ငံက လွှဲပြောင်းပေးပို့တဲ့အပေါ်မူတည်တယ်လို့ ပြည်နယ်ကောင်စီက ဆိုပါတယ်။
အဲ့ဒီဒုက္ခသည်တွေဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် မောင်တောအရေးအခင်းဖြစ်စဉ်မှာ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားခဲ့ကြသူတွေ ဖြစ်ပါတယ်။
ရခိုင်ပြည်မြောက်ပိုင်းမှာ ၂၀၁၇ တုန်းက ARSA အဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီး တပ်မတော်ရဲ့ နယ်မြေရှင်းလင်းရေးဖြစ်စဉ်အတွင်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်အခြမ်း ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ရိုဟင်ဂျာ ၇ သိန်းကျော် ရှိတယ်လို့ ကုလသမဂ္ဂရဲ့ အချက်အလက်တွေက ဖော်ပြခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, cj
လက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြသူအများစုဟာ မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင် မြို့နယ်တွေမှာ နေထိုင်ခဲ့ကြသူတွေဖြစ်ပါတယ်။
ပြန်လာသူတွေအနေနဲ့ ဆွေမျိုးမိသားစုတွေကို ပြောပြနိုင်လို့ရှိရင် စစ်ဆေးမှုတွေပြုလုပ်ပြီး မူလရွာတွေမှာ နေရာချပေးသွားမယ်လို့ ပြည်နယ်ကောင်စီ ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောပါတယ်။
အရင်တုန်းကလည်း ဒုက္ခသည်တွေ လက်ခံဖို့လုပ်ခဲ့တာရှိပြီး ကိုဗစ်ရောဂါတွေ ဖြစ်ပွားလာမှုကြောင့် အစီအစဥ်ရွေ့သွားခဲ့တာရှိတယ်လို့ ဆိုပါတယ်။
အခုကလည်း လက်ခံမယ့်ဘက်က အဆင်သင့်ဖြစ်ပေမယ့် ဟိုဘက်က မပို့ပေးတာတွေလည်းရှိတတ်တယ်လို့ အရင်အတွေ့ကြုံနဲ့ ပတ်သက်ပြီး ဦးလှသိန်းက ပြောပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, cj
အာဏာသိမ်းစစ်ကောင်စီရဲ့ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာသက်သက်ခိုင်နဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တို့ ပြီးခဲ့တဲ့၂၀၂၁ ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာတွေကို ပြန်လည်နေရာချထားရေး လုပ်ဆောင်နေတဲ့ နေရာတွေကို သွားရောက်ကြည့်ရှုခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။
ဒါဟာ စစ်တပ်က အာဏာသိမ်းခဲ့အပြီး ပေါ်ပေါက်လာတဲ့ အာဏာသိမ်းမှု ကန့်ကွက် ဆန္ဒပြမှုတွေ၊ လက်နက်ကိုင် တော်လှန်မှုတွေကို ဖြေရှင်းနေရချိန်မှာပဲ စစ်ကောင်စီလက်အောက် ပြည်ထောင်စုဝန်ကြီးအဆင့် တာဝန်ရှိသူတွေ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်ကို ပထမဆုံး သွားရောက်ခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံအတွင်းက ထွက်ခွာသွားရသူတွေ၊ ရိုဟင်ဂျာတွေကို ပြန်လည်ခေါ်ယူနိုင်ရေး ဆောင်ရွက်မယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဏာသိမ်းပြီး လပိုင်းအကြာမှာ ထုတ်ဖော်ပြောထားခဲ့ပေမဲ့ ဘာတွေ လုပ်ဆောင်ဖို့ ရှိသလဲ ဆိုတာကို တိတိကျကျ ထုတ်ဖော် ပြောဆိုတာမျိုး မရှိခဲ့ပါဘူး။
အဲ့ဒီတုန်းက ရခိုင်ပြည်နယ် မောင်တောမြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်က တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်း၊ ကြိမ်ချောင်းစခန်း၊ အမှတ် ၂ စခန်း၊ လှဖိုးခေါင်စခန်း စတဲ့နေရာတွေကို စစ်ကောင်စီရဲ့ ဝန်ကြီးတွေ သွားရောက် ကြည့်ရှုခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အဲဒီနေရာတွေဟာ ပြီးခဲ့တဲ့အစိုးရ လက်ထက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီချက်မျိုးအပြင် နိုင်ငံတကာ လက်ခံနိုင်မယ့် အစီအစဉ်မျိုးနဲ့ ရိုဟင်ဂျာတွေကို ပြန်လက်ခံနိုင်ရေး စီမံကိန်းအရ ဖွင့်လှစ်ထားတဲ့ စခန်းတွေ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် အရပ်သားအစိုးရလက်ထက်ကလည်း ရိုဟင်ဂျာတွေ ပြန်လည်လက်ခံရေး ဆောင်ရွှက်ခဲ့ပေမယ့် ပြန်လာသူတွေနည်းပါးခဲ့သလို တစ်ဖက်နိုင်ငံက လွှဲပြောင်းပေးပေးမှုတွေလည်း ပျက်ကွက်ခဲ့တာတွေရှိခဲ့တယ်လို့ ဆိုပါတယ်။
တစ်ဖက်နိုင်ငံကို ထွက်ပြေးသွားသူတွေက သူတို့ကို နိုင်ငံသား အခွင့်အရေးမရတာ သူတို့ရဲ့ မူလနေရပ်နေရာတွေမှာ ပြန်နေခွင့်မရလို့ ပြန်လာသူနည်းခဲ့တယ်လို့ ဆိုကြပါတယ်။
ဘယ်အစိုးရဖြစ်ဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဒုက္ခသည်တွေအဖြစ်ရောက်ရှိနေကြတဲ့လူတွေ နေရပ်ပြန်ရေးအတွက် ဆောင်ရွက်ပေးဖို့ တာဝန်ရှိတယ်လို့ မွတ်ဆလင်ခေါင်းဆောင်အချို့က ပြောပါတယ်။ ဒါပေမဲ့ အခုပြန်လည်လက်ခံရေးအစီစဉ်တွေအပေါ်မှာတော့ မေးခွန်းထုတ်စရာတွေဖြစ်နေတယ်လို့ ဘူးသီးတောင်က မွတ်ဆလင်ခေါင်းဆောင် ဦးအဘူတာဟေရ်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Tin Aung Kyaw
နိုင်ငံတွင်းက စစ်တွေမြို့မှာ ၂၀၁၂ ကတည်းက ဒုက္ခသည်စခန်းကို ရောက်ပြီး ကန့်သတ်ခံထားရသူတွေတောင် သူတို့နေရာမှာ ပြန်မနေရသေးတော့ အဲ့ဒါတွေက မေးစရာတွေဖြစ်နေတာလို့ မွတ်ဆလင်ခေါင်းဆောင် ဦးအဘူတာဟေရ်က ပြောပါတယ်။
မူလနေရပ်တွေမှာ ပြန်လည်နေရာချပေးပြီး သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ပြန်ပေးဖို့နဲ့ လွတ်လပ်စွာသွားလာခွင့်တွေ ပေးလို့ရှိရင်တော့ ပြန်လာကြမှာဖြစ်တယ်လို့ ယုံကြည်ကြောင်း မွတ်ဆလင်အသိုင်းအဝိုင်းက ပြောဆိုကြပါတယ်။
ပြန်လည်ဝင်ရောက်လာသူတွေကို ယာယီထားရှိဖို့အတွက် အဆောင်တွေနဲ့ ပြန်လည်လက်ခံရေးစခန်းတွေကို ပြုပြင်ထားပြီဖြစ်တယ်လို့ လည်း ပြည်နယ်ကောင်စီဘက်က ပြောပါတယ်။
ရခိုင်ပြည်မြောက်ပိုင်း ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်အခြမ်း ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာတွေထဲက စိစစ်ပြီးသား ဒုက္ခသည် ၃၄၅၀ ကို ၂၀၁၉ သြဂုတ်လ ၂၂ ရက်နေ့မှာ ပြန်လာဖို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အကြား သဘောတူထားခဲ့ကြပေမယ့် သတ်မှတ်ထားတဲ့နေ့မှာ ဒုက္ခသည် တစ်ဦးတစ်ယောက်မှ ပြန်မလာနိုင်ခဲ့ကြပါဘူး။
ရခိုင်မြောက်ပိုင်းဖြစ်စဉ်မှာ မွတ်ဆလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေကျူးလွန်ခဲ့တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားတာနဲ့ပတ်သက်လို့ မြန်မာဘက်က ကနဦးကန့်ကွက်ချက် လေးချက်စလုံးကို အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ က ပယ်ချခဲ့တာလည်း ဖြစ်ပါတယ်။








