ရိုဟင်ဂျာတွေ သြဂုတ် ၂၂ ရက်နေ့ ပြန်လာဖို့ မြန်မာဘက်က အဆိုပြုတာကို ဘင်္ဂလားဒေ့ရှ် အကြောင်းမပြန်သေး

ဓာတ်ပုံ ရင်းမြစ်, Adam Gray / Barcroft Images / Barcroft Media via G
ရခိုင်ပြည်မြောက်ပိုင်း ပဋိပက္ခတွေကြောင့် ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာတွေထဲက စိစစ်ပြီးသား ဒုက္ခသည် ၃၄၅၀ ကို သြဂုတ်လ ၂၂ ရက်နေ့မှာ စတင်ပြန်လာဖို့ မြန်မာအစိုးရဘက်က အကြောင်းကြားထားပေမယ့် ဘင်္ဂလားဒေ့ရှ်က ခုထိ အကြောင်းမပြန်သေးဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဌာနက တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
"ပြန်ပို့ဖို့ ရွာတစ်ရွာချင်းစီအလိုက် ပြုစုထားတဲ့ စာရင်းကို ပို့ထားပါတယ်၊ ဘင်္ဂလားဒေ့ရှ်ဘက်က ရက်တောင်းလို့ ၂၂ ရက်နေ့ ပြန်ပို့ဖို့ ပြောထားပြီးသားပါ။ ခုထိ သူတို့ဘက်က တရားဝင်အကြောင်းမပြန်သေးပါဘူး" လို့ နိုင်ငံရေးရာဌာနရဲ့ တာဝန်ရှိသူ ဦးဇော်ကိုက ပြောပါတယ်။
ဒုက္ခသည်တွေ ပြန်လာရေးအတွက် သြဂုတ်လ ၉ ရက်နေ့ ဆွေးနွေးခဲ့တုန်းက နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးမြင့်သူက ဘင်္ဂလားဒေ့ရှ်သံအမတ်ကို အဆိုပြုခဲ့တာဖြစ်ပါတယ်။
ရခိုင်ပြည်မြောက်ပိုင်းမှာ ၂၀၁၇ တုန်းက ARSA အဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီး တပ်မတော်ရဲ့ နယ်မြေရှင်းလင်းရေးဖြစ်စဉ်အတွင်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်အခြမ်း ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ရိုဟင်ဂျာ ၇ သိန်းကျော် ရှိတယ်လို့ ကုလသမဂ္ဂရဲ့ အချက်အလက်တွေက ဖော်ပြပါတယ်။
အဲ့ဒီထဲကမှ ဒုက္ခသည် ၂ သောင်းကျော်ရဲ့ အမည်စာရင်းကို စိစစ်အတည်ပြုပေးဖို့ ဘင်္ဂလားဒေ့ရှ်ဘက်က ပေးပို့ခဲ့ပြီး ပထမဆုံးအသုတ်အနေနဲ့ ဒုက္ခသည် ၃၄၅၀ ရဲ့ စာရင်းကို မြန်မာဘက်က ပြန်ပို့ပေးထားတာ ဖြစ်ပါတယ်။
"ဟိုဘက်ကနေ ဘယ်သူတွေပါလာမယ်၊ ဘယ်သူအရင် ပြန်လာမလဲဆိုတာတော့ မသိရသေးဘူး" လို့ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Allison Joyce/Getty Images)
ပြန်လာမယ့်သူတွေအတွက် လှဖိုးခေါင်မှာ ကြားစခန်း၊ တောင်ပြိုလက်ဝဲနဲ့ ငခူရမှာ ပြန်လည်လက်ခံရေးစခန်းတွေ ထားရှိထားပြီး အဲ့ဒီမှာ စိစစ်ပြီးကာမှ သူတို့ကို နေရပ်ရင်း ပြန်ပို့မှာ ဖြစ်ပါတယ်။
ဒုက္ခသည်တွေ ပြန်လာဖို့အတွက် ၂၀၁၈ နိုဝင်ဘာတုန်းက မြန်မာအစိုးရနဲ့ ဘင်္ဂလားဒေ့ရှ်အကြား အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
အခုအကြိမ်မှာလည်း မြန်မာဘက်က အဆိုပြုထားတဲ့ သြဂုတ်လ ၂၂ ရက်နေ့ကို အကြောင်းမပြန်သေးတာကြောင့် သီတင်းတစ်ပတ်တောင် မကျန်တော့တဲ့ အချိန်မှာ ပြန်လည်လက်ခံရေးအစီအစဉ် စနိုင်ပါ့မလားဆိုပြီး စိုးရိမ်မှုတွေ ရှိနေပါတယ်။
"အဲ့ဒီရက် ပြန်လာနိုင်ဖို့ ကျွန်တော်တို့ဘက်က အသင့် လုပ်ထားရတာပေါ့၊ ကျွန်တော်တို့မှာလည်း တခြားအလုပ်တွေ ရှိတယ်လေ၊ သူတို့က မတုံ့ပြန်သေးတော့ အဲ့ဒီရက် ဖြစ်မယ် မဖြစ်မယ်ဆိုတာ မပြောနိုင်သေးဘူး ဖြစ်နေတာဗျ" လို့ ရခိုင်ပြည်နယ် လူသားချင်း စာနာမှု အကူအညီ အထောက်အပံ့ ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေး UEHRD က ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။








