ရိုဟင်ဂျာတွေ ပြန်လည်နေရာချထားဖို့ စစ်ကောင်စီ စဆောင်ရွက်လာ

ရိုဟင်ဂျာ၊ မြန်မာ၊ အာဂျင်တီးနားတရားရုံး

ဓာတ်ပုံ ရင်းမြစ်, FRED DUFOUR

ဓာတ်ပုံ ပုံစာ, စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုအတွင်း ရိုဟင်ဂျာ သိန်းနဲ့ချီ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်း ထွက်ပြေးခိုလှုံခဲ့ကြ

အာဏာသိမ်းစစ်ကောင်စီရဲ့ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာသက်သက်ခိုင်နဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တို့ မနေ့က ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာတွေကို ပြန်လည်နေရာချထားရေး လုပ်ဆောင်နေတဲ့ နေရာတွေကို သွားရောက်ကြည့်ရှုခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြကြပါတယ်။

ဒါဟာ စစ်တပ်က အာဏာသိမ်းခဲ့အပြီး ပေါ်ပေါက်လာတဲ့ အာဏာသိမ်းမှု ကန့်ကွက် ဆန္ဒပြမှုတွေ၊ လက်နက်ကိုင် တော်လှန်မှုတွေကို ဖြေရှင်းနေရချိန်မှာပဲ စစ်ကောင်စီလက်အောက် ပြည်ထောင်စုဝန်ကြီးအဆင့် တာဝန်ရှိသူတွေ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်ကို ပထမဆုံး သွားရောက်တာ ဖြစ်ပါတယ်။

နိုင်ငံအတွင်းက ထွက်ခွာသွားရသူတွေ၊ ရိုဟင်ဂျာတွေကို ပြန်လည်ခေါ်ယူနိုင်ရေး ဆောင်ရွက်မယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဏာသိမ်းပြီး လပိုင်းအကြာမှာ ထုတ်ဖော်ပြောထားခဲ့ပေမဲ့ ဘာတွေ လုပ်ဆောင်ဖို့ ရှိသလဲ ဆိုတာကို တိတိကျကျ ထုတ်ဖော် ပြောဆိုတာမျိုး မရှိခဲ့ပါဘူး။

မနေ့ကတော့ ရခိုင်ပြည်နယ် မောင်တောမြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်က တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်း၊ ကြိမ်ချောင်းစခန်း၊ အမှတ် ၂ စခန်း၊ လှဖိုးခေါင်စခန်း စတဲ့နေရာတွေကို စစ်ကောင်စီရဲ့ ဝန်ကြီးတွေ သွားရောက် ကြည့်ရှုခဲ့ကြပါတယ်။ အဲဒီနေရာတွေဟာ ပြီးခဲ့တဲ့အစိုးရ လက်ထက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီချက်မျိုးအပြင် နိုင်ငံတကာ လက်ခံနိုင်မယ့် အစီအစဉ်မျိုးနဲ့ ရိုဟင်ဂျာတွေကို ပြန်လက်ခံနိုင်ရေး စီမံကိန်းအရ ဖွင့်လှစ်ထားတဲ့ စခန်းတွေ ဖြစ်ပါတယ်။

ရိုဟင်ဂျာပြန်လက်ခံနိုင်ရေးအတွက် လုပ်ဆောင်မှုမျိုးကို အာဏာသိမ်းပြီး ၁၀ လကျော် ကြာမှ ဖော်ပြလာတာနဲ့ ပတ်သက်လို့ အကဲခတ်တွေဆီက ဝေဖန် သုံးသပ်မှုတွေလည်း ရှိနေပါတယ်။ စစ်ကောင်စီဘက်က ဒီလို လုပ်လာတာဟာ နိုင်ငံတကာက လိုလားတဲ့ ရိုဟင်ဂျာအရေး ဖြေရှင်းမယ့်ပုံမျိုး ဖော်ဆောင်ပြီး နိုင်ငံတကာနဲ့ အလျှော့အတင်းလုပ် ညှိနှိုင်းနိုင်မယ့် အခြေအနေကို မျှော်မှန်း ဖန်တီးလာတာမျိုးလို့ ယူဆနိုင်ကြောင်း ပြည်သူ့ရေးရာ နိုင်ငံရေးရာ ဘာသာရပ်တွေကို လေ့လာဆည်းပူးခဲ့သူ ကိုကြည်ဇင်က ပြောပါတယ်။

"လက်ရှိလုပ်ရပ်က နိုင်ငံရေးထွက်ပေါက် တစ်ခုကို ဖန်တီးနေတာ၊ ဒီထက်တော့ မပိုနိုင်ဘူး။ ရိုဟင်ဂျာတွေကို ပြန်လက်ခံမယ်ဆိုတာလည်း ကတိပေးတာလောက်ပဲ ရှိမယ်။" လို့ သူက ဆိုပါတယ်။

ရိုဟင်ဂျာ၊ မြန်မာ၊ အာဂျင်တီးနားတရားရုံး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရိုဟင်ဂျာတွေ ပြန်လည်နေရာချထားရေး စခန်းတစ်ခုဖြစ်တဲ့ လှဖိုးခေါင်စခန်း

ရိုဟင်ဂျာတွေ ပြန်လက်ခံနိုင်ရေး စစ်ကောင်စီဘက်က ဆက်လက် လုပ်ဆောင်မယ့် လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြန်ကြားရေးအဖွဲ့ကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားပေမယ့် ပြန်ကြားချက်မရသေးပါဘူး။

စစ်ကောင်စီရဲ့ တာဝန်ရှိသူတွေ ရခိုင်ပြည်နယ်ကို ရောက်ရှိလာပြီး ပြန်လည် နေရာချထားရေး နေရာတွေကို ကြည့်ရှုနေတာကို ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာတွေက သိရှိကြပါတယ်။ ဒါကလည်း စစ်တပ်အာဏာသိမ်းပြီးကတည်းက အခုလို ပထမဆုံးလာတာလို့ သူတို့က ပြောကြပါတယ်။

ရိုဟင်ဂျာတွေကို မူလနေရာတွေမှာ ပြန်နေနိုင်ဖို့၊ နိုင်ငံသား အခွင့်အရေး ရဖို့ လုပ်ဆောင်ပေးမယ် ဆိုတာတွေကို အစိုးရအဆက်အဆက် မကြာခဏ ပြောဆိုခဲ့ကြပေမဲ့ အခုအချိန်အထိ ထိထိရောက်ရောက် လုပ်ဆောင်မှုမျိုး တစ်ခုမှ မတွေ့ခဲ့ရဘူးလို့ စစ်တွေမြို့နယ် ဘောဒူဘ ဒုက္ခသည်စခန်းအတွင်း နေထိုင်နေရသူ ကိုစိုးနိုင်က ဘီဘီစီကို ပြောပါတယ်။

"ကျွန်တော်တို့ကို ပြန်နေရာချပေးမယ်လို့ ပြောထားတာ ရှိတယ်။ သူများရသလို အခွင့်အရေး ရအောင် လုပ်ပေးမယ်လို့ ပြောတယ်။ ကျွန်တော်တို့ တစ်ခါမှလည်း မရဘူး။ ပြောတာတော့ မှန်ပါတယ်။ လုပ်မပေးတာကြောင့် ကျွန်တော်တို့ မယုံတာပါ" လို့ ကိုစိုးနိုင်က ဘီဘီစီကို ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှုနဲ့ ရိုဟင်ဂျာတွေက ၂၀၁၉ ခုနှစ်က အာဂျင်တီးနားနိုင်ငံ ပြည်ထောင်စု တရားရုံးမှာ အမှုစတင် စွဲဆို လျှောက်ထားခဲ့ ရာမှာ အခုပြီးခဲ့တဲ့ ရက်ပိုင်းကစလို့ အမှုလက်ခံစစ်ဆေးတဲ့အနေနဲ့ တိုင်တန်းတဲ့ အဖွဲ့ဘက်က တင်ပြတဲ့ သက်သေတွေကို စတင် စစ်ဆေးတာမျိုးကို ပြုလုပ်နေပါတယ်။

ရိုဟင်ဂျာ၊ မြန်မာ၊ အာဂျင်တီးနားတရားရုံး

ဓာတ်ပုံ ရင်းမြစ်, JUAN MABROMATA

ဓာတ်ပုံ ပုံစာ, ဗြိတိန်အခြေစိုက် မြန်မာ ရိုဟင်ဂျာအဖွဲ့ BROUK ဥက္ကဌ ဦးထွန်းခင်နဲ့ အာဂျင်တီးနား လူ့အခွင့်အရေး ရှေ့နေ သောမတ်စ် အိုဟေး ကင်တားနားတို့ကို အာဂျင်တီးနား ပြည်ထောင်စုတရားရုံးရှေ့မှာ ဒီဇင်ဘာ ၁၆ ရက်နေ့က တွေ့ရစဥ်

ဒီဇင်ဘာ ၁၆ရက်နေ့မှာ တိုင်တန်းသူအဖွဲ့ ဖြစ်တဲ့ ဗြိတိန်အခြေစိုက် မြန်မာ ရိုဟင်ဂျာအဖွဲ့ BROUK ဥက္ကဌ ဦးထွန်းခင်က တရားရုံးမှာ ထွက်ဆိုချက် ပေးခဲ့ပါတယ်။

"သက်သေ အထောက်အထားတွေအပေါ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က ကြီးကြီးမားမား ငြင်းဆန်လို့ မရနိုင်တဲ့အရာတွေပါ။ သူတို့ရဲ့ ရာဇဝတ်မှုတွေကို အဖြေပေးရပါမယ်။ ဒါက ရိုဟင်ဂျာတွေ အတွက် တရားမျှတမှုရှာဖွေရေးသာမက အာဏာသိမ်းတဲ့ အချိန်ကစလို့ စစ်တပ်ကြောင့် ဒုက္ခရောက်ခဲ့ရတဲ့ မြန်မာနိုင်ငံသားတွေ အားလုံးအတွက် အရေးကြီးပါတယ် " လို့ ဦးထွန်းခင်က အာဂျင်တီးနား တရားရုံးမှာ ထွက်ဆိုချက်ပေးအပြီးမှာ ပြောခဲ့ပါတယ်။

၂၀၁၇ ခုနှစ်က ရခိုင်မှာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တယ်လို့ ဆိုတဲ့ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားဖြစ်တည်မှုအပေါ် ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေအတွက် Universal Jurisdiction နိုင်ငံတကာဥပဒေ ချိုးဖောက်မှုတွေကိုကမ္ဘာ့နေရာတိုင်းမှာ စုံစမ်း စီရင်ပိုင်ခွင့် ရှိရမယ်ဆိုတဲ့ ဥပဒေအရ မြန်မာ ရိုဟင်ဂျာအဖွဲ့က ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ အာဂျင်တီးနားနိုင်ငံ ပြည်ထောင်စု တရားရုံးကို အမှုဖွင့်ဆို လျှောက်ထားခဲ့တာပါ။

အာဂျင်တီးနား တရားရုံးကို ဦးတိုက် လျှောက်ထားတဲ့အမှုမှာ အဓိကတရားခံတွေ အဖြစ် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗိုလ်ချုပ် အောင်ကျော်ဇော်၊ ဗိုလ်ချုပ် မောင်မောင်စိုး၊ တပ်မဟာ ၃၃ က ဗိုလ်မှူးချုပ် အောင်အောင်၊ တပ်မ ၉၉က ဗိုလ်မှူးချုပ် သန်းဦး တို့ ပါဝင်တယ်လို့ ဗြိတိန်အခြေစိုက် မြန်မာ ရိုဟင်ဂျာအဖွဲ့ BROUK ထံက သိရပါတယ်။

"မြန်မာစစ်တပ်အပေါ် နောက်ထပ် ပိတ်ဆို့အရေးယူတာတွေ လုပ်စေချင်တယ်။ နောက်ဆုံးမှာ တရားမျှတမှုကို လိုချင်တယ်။ ဒါက ရိုဟင်ဂျာနဲ့ မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်နေတာတွေ ရပ်တန့်ဖို့ တစ်ခုတည်းသော နည်းလမ်းဘဲ" လို့သက်သေ ထွက်ဆိုမှုအပြီးမှာ ဦးထွန်းခင်က ပြောခဲ့ပါတယ်။

အာဂျင်တီးနား တရားရုံးက စစ်ဆေးနေတဲ့ အခုအမှုဟာ နိုင်ငံတစ်နိုင်ငံကို ဦးတည်စွဲဆိုတာမျိုး မဟုတ်ဘဲ ကျူးလွန်ခဲ့သူ တစ်ဦးတစ်ယောက်ချင်း အပေါ် အရေးယူနိုင်ရေးအတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂလက်အောက်ခံ အိုင်စီဂျေကနေ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် စွဲဆိုထားတဲ့ အမှုမှာလည်း လက်ရှိ အာဏာသိမ်းစစ်တပ်က ကိုယ်စားပြု ဖြေရှင်းခွင့် ပြုမပြု ဆိုတာကိုက ကုလသမဂ္ဂရဲ့ တရားရုံး အိုင်စီဂျေအတွက် ရှေ့မတိုးနောက်မဆုတ်သာ ကိစ္စရပ်ကြီး ဖြစ်နေပါတယ်။

စစ်ကောင်စီဘက်ကတော့ အိုင်စီဂျေက အမှုကို ရင်ဆိုင်ဖို့ဆိုပြီး နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ဦးဆောင်တဲ့ အဖွဲ့ဝင် ၈ ဦး ပါတဲ့ ဥပဒေရေးရာ အဖွဲ့ကို ပြီးခဲ့တဲ့ ဇွန်လတုန်းက ဖွဲ့စည်းခဲ့ပါ တယ်။ အဲဒီလို လုပ်ဆောင်တာကလည်း အာဏာသိမ်း စစ်ကောင်စီအနေနဲ့ နိုင်ငံတကာက အသိအမှတ်ပြုတဲ့ မြန်မာအစိုးရ ဆိုတဲ့ ရလဒ်ကို ရယူချင်လို့ ဆိုတဲ့ ဝေဖန် ပြောဆိုချက်တွေလည်း ရှိနေပါတယ်။