စစ်တွေ မွတ်ဆလင် ဒုက္ခသည် တစ်သိန်းလေးသောင်းခန့် ရိက္ခာမရ

ဓာတ်ပုံ ရင်းမြစ်, TAK
ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ မွတ်ဆလင် IDP စခန်းတွေကို ပုံမှန်ထောက်ပံ့ပေးနေတဲ့ ရိက္ခာတွေမရရှိတာ သုံးလထိကြမြင့်နေပြီဖြစ်တဲ့အတွက် စားရေးသောက်ရေးအခက်အခဲနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောဆိုကြပါတယ်။
စစ်တွေမြို့က IDP စခန်းတွေကို ကမ္ဘာ့စားနပ်ရိက္ခာအစီစဉ် WFP ကနေ လူတစ်ဦးကို တစ်လအတွက် ငွေကျပ် တစ်သောင်းခွဲစီ ထောက်ပံ့ပေးနေတာဖြစ်ပေမယ့် ပြီးခဲ့တဲ့ ဇွန်လကတည်းကစလို့ ထောက်ပံ့မှုတွေရပ်ဆိုင်းသွားတာ သုံးလရှိနေပြီဖြစ်တယ်လို့ သက္ကေပြင်စခန်းတာဝန်ရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
စစ်တွေမြို့နယ်အတွင်းမှာ မွတ်ဆလင် IDP စခန်း၁၁ ခုခန့်ရှိပြီး အဲ့ဒီစခန်းအားလုံးကို တာဝန်ယူထောက်ပံ့ပေးနေတဲ့ WFP ကနေ ဖြတ်တောက်ထားတာဖြစ်တယ်လို့သိရပါတယ်။
IDP စခန်းတွေမှာနေထိုင်နေကြတဲ့ မွတ်ဆလင် ဒုက္ခသည်တွေဟာ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ထောက်ပံ့မှုတွေကို အဓိကထားမှိခိုနေကြသူတွေဖြစ်ပြီး စားနပ်ရိက္ခာအတွက် WFP တစ်ခုတည်းကထောက်ပံ့ပေးနေတာဖြစ်သလို Save the children ကတော့ ဆပ်ပြာနဲ့အသုံးအဆောင်ပစ္စည်းတချို့ကိုထောက်ပံ့ပေးနေတာတွေလည်းရှိပါတယ်။
လက်ရှိမှာ ကိုဗစ် ၁၉ ရောဂါဖြစ်ပွားနေတဲ့ ကပ်ရောဂါကာလဖြစ်တာကြောင့် အပြင်ထွက်သွားလာတာတွေ ပိတ်ထားတဲ့အတွက် သူတို့မှာ အပိုဝင်ငွေရရှိရေးအတွက် လုပ်ကိုင်နေကြတဲ့အလုပ်တွေကို ရပ်နားထားကြရတာကြောင့် ဝင်ငွေမရှိတဲ့ကာလမှာ အခုလို ထောက်ပံ့မှုတွေလည်းအချိန်ကြာမြင့်စွာ ဖြတ်တောက်ခံနေကြရတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myint Lwin
"ရိက္ခာဖြတ်တောက်ခံထားရတာ ဇွန်လကတည်းက ဖြစ်ပါတယ်။ အခုဆိုရင် သုံးလရှိပါပြီ။ WFP က လူတစ်ဦးကို တစ်သောင်းခွဲနှုန်းနဲ့ ထောက်ပံ့ပေးနေတာပါ။ ရိက္ခာထောက်ပံ့မှုမလာလို့ ကျွန်တော်ကိုယ်တိုင် WFP ကိုဖုန်းဆက်မေးကြည့်တော့ အစိုးရ ဘဏ်ကနေ ပိုက်ဆံထုတ်မရလို့ မထောက်ပံ့ပေးနိုင်တာလို့ စစ်တွေရုံးက ပြန်ပြောပါတယ်။"လို့ သက္ကေပြင်စခန်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
စစ်တွေမြို့နယ်က IDP စခန်း ၁၁ ခုမှာ နေထိုင်နေကြတဲ့ ဒုက္ခသည်ဦးရေဟာ အရေးအခင်းဖြစ်ပွားခဲ့တဲ့ ၂၀၁၂ ခုနှစ်တုန်းက ၁၂၄၆၄၄ ဦးရှိခဲ့ပြီး လက်ရှိမှာတော့ ခန့်မှန်းခြေအရေ ၁၄၀၀၀၀ နီးပါးအထိ ရှိနေပြီဖြစ်တယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောဆိုချက်အရ သိရပါတယ်။
လက်ရှိမှာ ကိုဗစ်ကြောင့် IDP ဒုက္ခသည်တွေဟာ အလုပ်လက်မဲ့ဖြစ်နေကြတဲ့အချိန် ထောက်ပံ့မှုတွေလည်းမရရှိတာကြောင့် လက်လုပ်လက်စား အိမ်ထောင်စုတစ်ရာမှာ ၉၀ လောက်က အခက်အခဲရှိနေပြီး ၆၀ လောက်က ငတ်မွတ်မှုပြဿနာနဲ့ ကြုံနေကြရတယ်လို့ သူကပြောပါတယ်။
မိသားစုအများစုကတော့ ငွေကြေးရော ရိက္ခာပါပြတ်တောက်နေတဲ့အတွက် ပိုက်ဆံရှိတဲ့သူတွေဆီကနေ တစ်နေ့ကိုငွေကျပ်တစ်ရာမှာ အတိုး ၁၀ ကျပ်နှုန်းနဲ့ ချေးငှားပြီး စားရေးသောက်ရေးတွေကို ဖြေရှင်းနေကြရတယ်လို့ ဒုက္ခသည်ခစန်းတွေမှာနေထိုင်သူတွေက ပြောဆိုကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myint Lwin
ဒါ့အပြင် မွတ်ဆလင်တွေရဲ့ ဘာသာရေးပွဲတစ်ခုဖြစ်တဲ့ ကိုရူဘာနီပွဲအတွက် ယခင်နှစ်တွေမှာ ထောက်ပံ့ကူညီမှုတွေရရှိခဲ့ကြပေမဲ့ ဒီနှစ်မှာတော့ အကူအညီမရရှိတဲ့အတွက် ပွဲတော်ကိုလည်း ကောင်းကောင်းမွန်မွန်ကျင်းပနိုင်ခဲ့တဲ့ IDP စခန်းတွေလည်းရှိခဲ့တယ်လို့ သက္ကေပြင်စခန်းတာဝန်ရှိသူက ပြောပါတယ်။
လက်ရှိမှာတော့ အလုပ်အကိုင်တွေရပ်နားထားကြရသလို ထောက်ပံ့မှုတွေလည်းမရရှိတဲ့ကြားထဲ ဆန်နဲ့စားသောက်ကုန်ဈေးနှုန်းတွေလည်း မြင့်တက်လာနေတာကြောင့် မိသားစုအများစုကတော့ တောင်းရမ်းစားသောက်နေကြရတာတွေ ရှိနေတယ်လို့ ဘောဒူဘ စခန်းမှာနေထိုင်တဲ့ ဒုက္ခသည်အမျိုးသမီးတစ်ဦးဖြစ်တဲ့ ဒေါ်ခင်သီတာထွန်းက ပြောပါတယ်။
"ဘယ်လို အခက်အခဲမျိုးကြုံနေရလဲဆိုတော့ အိမ်တွေကိုသွားပြီးတော့ အကူအညီတောင်းကြတယ်။ ကျွန်မတို့ကိုကူညီပါဦး၊ အခက်အခဲဖြစ်နေလို့ဆိုပြီး အိမ်တွေမှာ အလှူလိုက်ခံပြီးတော့ စားနေကြတယ်။ လူတွေက အခက်အခဲတွေအများကြီးကြုံတွေ့နေရတယ်။ အရင်အတိုင်းပြန်ပေးရင်တော့ ကောင်းမှာပေါ့နော်"လို့ ဒေါ်ခင်သီတာထွန်းက ပြောပါတယ်။
ဒုက္ခသည်တွေကို ပုံမှန်ထောက်ပံ့ပေးနေတဲ့ ရိက္ခာထောက်ပံ့မှုတွေကို ရပ်နားထားတာနဲ့ပတ်သက်လို့ WFP က လာရောက်အကြောင်းကြားပေးတာမျိုးမရှိသလို ဘယ်နေ့ပြန်ရမယ်ဆိုတာကိုလည်း မသိရဘဲဖြစ်နေတယ်လို့ ဒေါ်ခင်သီတာထွန်းက ပြောပါတယ်။
လက်ရှိမှာ စားရေးသောက်ရေးအခက်အခဲကြောင့် အတိုးနှုန်းကြီးကြီးပေးပြီး ချေးငှားအသုံးပြုထားတဲ့ငွေကြေးတွေကို WFP က ထောက်ပံ့မှုတွေ ပြန်လည်ရရှိလာခဲ့တဲ့အချိန်မှာ အဲ့ဒီငွေတွေကို ပြန်လည်ဆပ်ကြရမှာဖြစ်ပေမယ့် ရရှိတဲ့ငွေနဲ့ ချေးယူထားတဲ့ငွေအတွက် လုံလောက်မှုရှိမှာ မဟုတ်ဘူးလို့လည်း ဒုက္ခသည်တွေက ပြောဆိုကြပါတယ်။
စားဝတ်နေရေး အခက်အခဲတွေကြောင့် ငတ်မွတ်မှုတွေနဲ့ ရင်ဆိုင်လာကြရတဲ့အတွက် စခန်းတွေအတွင်း ခိုးမှုတွေလည်း ဖြစ်ပွားလာနေတာကြောင့် ညကောင်းကောင်းမအိပ်ရတဲ့ အခြေအနေတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
အခုလိုရင်ဆိုင်နေကြရတဲ့ စားရေးသောက်ရေး အခက်အခဲတွေကို ပြေလည်စေဖို့အတွက် သက်ဆိုင်ရာတာဝန်ရှိတဲ့အဖွဲ့အစည်း တွေအနေနဲ့ အမြန်ဆုံး ထောက်ပံ့ကူညီမှုတွေကို ပြုလုပ်ပေးစေချင်တယ်လို့ ဒုက္ခသည်တွေက တောင်းဆိုနေကြပါတယ်။








