အိုင်စီဂျေအမှု - မြန်မာကို ဂမ်ဘီယာကိုယ်တိုင်က တရားစွဲခွင့်ရှိကြောင်း ဂမ်ဘီယာဘက်က လျှောက်လဲ

ဓာတ်ပုံ ရင်းမြစ်, ICJ
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ပတ်သက်ပြီး နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့က အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)မှာ ကြားနာနေရာမှာ မြန်မာဘက်က တင်ပြခဲ့တဲ့ ကနဦးကန့်ကွက်ချက်အားလုံးကို ပယ်ချဖို့အပါအဝင် ဂမ်ဘီယာဘက်က ဒီကနေ့ လျှောက်လဲချက် ပေးပါတယ်။
တနင်္လာနေ့မှာ မြန်မာဘက်က ကနဦး ကန့်ကွက်လွှာကို ကြားနာမှုအပြီးမှာ အခုအခါ ဂမ်ဘီယာဘက်က လျှောက်လဲရတာ ဖြစ်ပါတယ်။
လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ဂျီနီဗာပဋိညာဉ်ကို မြန်မာဘက်က ချိုးဖောက်ခဲ့တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက တရားစွဲတဲ့အမှုကို NLD အစိုးရလက်ထက်တုန်းက ကနဦးကန့်ကွက်မှုတွေ ပြုလုပ်ထားတဲ့အတွက် အဲဒီကန့်ကွက်မှုတွေနဲ့ပတ်သက်ပြီး ICJ က ကြားနာနေတာ ဖြစ်ပါတယ်။
ဂမ်ဘီယာဘက်က ဘာတွေ လျှောက်လဲခဲ့လဲ
ဒီကနေ့ ဂမ်ဘီယာဘက်က လျှောက်လဲမှုမှာ ဂမ်ဘီယာက ဘယ်အဖွဲ့အစည်းရဲ့ ကြားခံမှ မဟုတ်ဘဲ ဂမ်ဘီယာနိုင်ငံကိုယ်တိုင်က မြန်မာနိုင်ငံကို အိုင်စီဂျေမှာ တရားစွဲဆိုနိုင်တဲ့ အခွင့်အရေးရှိကြောင်းနဲ့ ပထမနေ့မှာ မြန်မာဘက်က တင်ပြသွားခဲ့တာတွေ အားလုံးကို ပယ်ချဖို့ အဓိက လျှောက်လဲသွားခဲ့တာပါ။
ဒီနေ့ ကြားနာမှုမှာ ဂမ်ဘီယာဘက်ကတော့ ကိုယ်စားလှယ်အသစ်အဖြစ် ဂမ်ဘီယာ တရားရေးဝန်ကြီး ဒေါ့ဒါ ဂျာလိုးက လူကိုယ်တိုင် တက်ရောက်ပြီး လျှောက်လဲခဲ့ပါတယ်။ အဲဒီနောက် ပေါလ်ရိုက်ကလာ အပါအဝင် ဥပဒေ ပညာရှင် ခြောက်ဦးက လျှောက်လဲချက်တွေ တင်ပြခဲ့ကြတာ ဖြစ်ပါတယ်။
ဒီကနေ့ အဓိက လျှောက်လဲခဲ့ကြတာတွေကတော့-
- ဂမ်ဘီယာနဲ့ မြန်မာကြားမှာ အငြင်းပွားမှု ရှိကြောင်း
- ပြီးခဲ့တဲ့တစ်ခေါက် တရားရုံးက ကြားဖြတ်အစီအမံတွေ ချခဲ့တဲ့အတွက် ရိုဟင်ဂျာတွေမှာ အကာအကွယ်ရခဲ့တဲ့ အကျိုးတွေနဲ့ ကြားဖြတ်အစီမံတွေကို ဆက်လက်ထားရှိဖို့ အရေးကြီးကြောင်း
- ဂမ်ဘီယာက မြန်မာကို တရားစွဲဆိုပိုင်ခွင့် အခွင့်အရေးရှိကြောင်း၊ ဂမ်ဘီယာကိုယ်တိုင်က ဒီကိစ္စမှာ မြန်မာနဲ့ အငြင်းပွားမှုရှိနေတယ်ဆိုတာ အထောက်အထားတွေရှိကြောင်း
- ရိုဟင်ဂျာတွေဟာ ဂမ်ဘီယာနိုင်ငံသားတွေ မဟုတ်သလို သူတို့အပေါ်ပြစ်မှုကျူးလွန်ခဲ့တယ်ဆိုတဲ့ နေရာဒေသကလည်း ဂမ်ဘီယာနဲ့ ထိစပ်မှုမရှိ ဂမ်ဘီယာရဲ့နယ်မြေထဲမှာ မဟုတ်ပေမဲ့ လူမျိုးတုံးသတ်ဖြတ်မှုလို ရာဇဝတ်မှုကြီးအတွက် နိုင်ငံတကာက အကာအကွယ်ပေးရမယ့် တာဝန်အရ ဂမ်ဘီယာက တရားစွဲခွင့်ရှိကြောင်း
- မြန်မာက ပထမနေ့မှာ လျှောက်လဲခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှုကာကွယ်တားဆီးရေးဆိုင်ရာ ပဋိဉာဉ်ရဲ့ ပုဒ်မ ၈ ကို မြန်မာကချွင်းချက်ထားခဲ့လို့ တရားစွဲဆိုပိုင်ခွင့်မရှိဘူး ဆိုတာကို မဟုတ်ကြောင်း ဥပဒေဆိုင်ရာ ငြင်းဆိုချက်တွေ
- မြန်မာကလျှောက်လဲခဲ့တာတွေ အားလုံးကို ငြင်းပယ်ဖို့နဲ့ မြန်မာမှာ နိုင်ငံရေးအရ အုပ်ချုပ်သူ ပြောင်းသွားတာက ဒီအမှုကို မသက်ရောက် စေသင့်ကြောင်းတို့ ဖြစ်ပါတယ်။

ပေါင်းစပ် ကြားနာမှုနဲ့ ကြားနာနေ
ဒီတစ်ခေါက်ကြားနာမှုကို ကိုဗစ်ရောဂါ ကူးစက်မှုတွေကြောင့် လူကိုယ်တိုင် တက်ရောက်တာရော အွန်လိုင်းက တစ်ဆင့်ကြားနာမှုရော နှစ်မျိုးပေါင်း ပုံစံနဲ့ပြုလုပ်နေတာပါ။
ဒါကြောင့် တရားရုံးရဲ့ တရားသူကြီးချို့ရော မြန်မာနဲ့ ဂမ်ဘီယာဘက်က ကိုယ်စားလှယ်တချို့ပါ လူကိုယ်တိုင်ရော အွန်လိုင်းက တက်ရောက်ကြားနာတာတွေ ပြုလုပ်နေကြပါတယ်။
နောက်ထပ်အစီအစဥ်တွေ
ဒီတစ်ခေါက် ကြားနာမှုကို ဖေဖော်ဝါရီလ ၂၁ ရက်ကနေ ၂၈ အထိ ပြုလုပ်မှာ ဖြစ်ပြီး ပထမ မြန်မာက ကနဦး ကန့်ကွက်လွှာ လျှောက်လဲမှုနဲ့ အခု ဂမ်ဘီယာဘက်က လျှောက်လဲမှုတွေ ပြုလုပ်ခဲ့ကြပြီး ဖြစ်ပါတယ်။
အဲဒီနောက် အခု ဂမ်ဘီယာရဲ့ လျှောက်လဲမှုကို မြန်မာဘက်က တန်ပြန် အပြီးသတ် လျှောက်လဲမှုကို ၂၅ ရက် မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ နောက်ဆုံးရက် ၂၈ ရက်နေ့မှာ ဂမ်ဘီယာဘက်က အပြီးသတ် လျှောက်လဲရမှာ ဖြစ်ပါတယ်။
မြန်မာဘက်က ဘာတွေ ကန့်ကွက်ထားလဲ
ဒီတစ်ကြိမ်မှာ မြန်မာဘက်က အဓိကအားဖြင့် အိုင်စီဂျေအနေနဲ့ ဒီအမှုကို အိုင်စီဂျေအနေနဲ့ စီရင်ခွင့်မရှိဘူးဆိုတဲ့ အချက်အပါအဝင် အချက် လေးချက်နဲ့ ကန့်ကွက်ခဲ့တာ ဖြစ်ပြီး စစ်ကောင်စီက စေလွှတ်တဲ့ ကိုယ်စားလှယ်တွေက လာရောက်တင်ပြ ထွက်ဆိုကြပါတယ်။
ပထမအကြိမ် ၂၀၁၉ ခုနှစ်မှာ မြန်မာဘက်က နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး တရားရင်ဆိုင်ခဲ့စဥ်ကလည်း အိုင်စီဂျေအနေနဲ့ စီရင်ခွင့် မရှိတဲ့အကြောင်းကို လျှောက်လဲခဲ့ပါတယ်။
ဒါပေမဲ့ အခုတော့ စစ်အာဏာသိမ်းပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ မြန်မာဘက်က ကနဦးကန့်ကွက်ထားချက်တွေ အားလုံးကို ရုပ်သိမ်းတယ်လို့လည်း ကြေညာထားပြီး ဒီအမှုကို ရင်ဆိုင်ဖို့ နိုင်ငံတကာရှေ့နေတွေပါဝင်တဲ့ ဥပဒေအဖွဲ့ကိုလည်း ခန့်အပ်ထားပြီးဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
ဒီတစ်ခေါက်မှာ မြန်မာဘက်က လျှောက်လဲခဲ့တဲ့ အချက် လေးချက်က
•ဂမ်ဘီယာနိုင်ငံဟာ အစ္စလာမ္မစ်နိုင်ငံများအဖွဲ့ အိုအိုင်စီ ကိုယ်စား တရားစွဲခဲ့တာ ဖြစ်လို့ ဒီလို တရားစွဲလို့ မရကြောင်း
•ရိုဟင်ဂျာတွေ ထိခိုက်နစ်နာတယ်ဆိုရာမှာ ဂမ်ဘီယာက တိုက်ရိုက်ဆက်စပ်ပတ်သက်မှု မရှိတဲ့အတွက် တရားစွဲဆိုနိုင်တဲ့ အနေအထားမရှိကြောင်း
•လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးပဋိဉာဉ်ကို မြန်မာနိုင်ငံက လက်မှတ်ရေးထိုးခဲ့စဉ်က ပုဒ်မ ၈ ကို ချွင်းချက်ထားခဲ့တယ်ဆိုတာကို ထောက်ပြပြီး အဲဒီအတွက် မြန်မာကို ဥပဒေအရ တရားစွဲဆိုလို့ မရကြောင်း
•ဂမ်ဘီယာနဲ့ မြန်မာကြားမှာ တိုက်ရိုက်အငြင်းပွားမှု ပြဿနာရှိမနေလို့ တရားရုံးအနေနဲ့ ဒီအမှုကို လက်ခံစဉ်းစားခွင့်မရှိကြောင်း တို့ဖြစ်ပါတယ်။
ကြားဖြတ်အစီအမံလေးချက် ချမှတ်ထား
ဂမ်ဘီယာက မြန်မာကို စွပ်စွဲထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲထားတဲ့ အမှုကြီးတစ်ခုလုံး အပြီးသတ်အမိန့်မချခင်မှာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုက အကာအကွယ်ပေးဖို့အပါအဝင် မြန်မာက လိုက်နာက လိုက်နာဆောင်ရွက်ရမယ့် ကြားဖြတ်အစီအမံလေးချက်ကို ပြီးခဲ့တဲ့ ပထမဆုံးအကြိမ် ကြားနာမှုအပြီးမှာ ၂၀၂၀ ပြည့်နှစ်မှာ အိုင်စီဂျေက ချမှတ်ထားခဲ့ပါတယ်။








